တနင်္သရီမြို့မှ မြိတ်မြို့သို့ မောင်းနှင်လာသည့် တနင်္သာရီအမြန်ရေယာဉ်အား စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တက်ရောက်စစ်ဆေးခဲ့ပြီး ဘိန်းစာမှုန့်များ ဖမ်းမိကြောင်း မျက်မြင်တွေ့ရှိသူတို့က ပြောသည်။
အဆိုပါအမြန်ရေယာဉ်သည် မြိတ်သို့ဝင်ပြီး ယောကြီးဝတံတားတွင် ဆိုက်ကပ်ချိန် စစ်ကောင်စီ ယူနီဖောင်းဝတ်များ၊ ရဲယူနီဖောင်းဝတ် စုစုပေါင်း အင်အား သုံးဆယ်နီးပါးဖြင့် လာရောက်စစ်ဆေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ဆိုသည်။
“သတင်းအတိအကျရလို့ လာစစ်တာထင်တယ်။ အမြန်ယာဉ်ဆိုက်ခါနီး အဝင်တံခါးပိတ်ပြီး စစ်ဆေးနေကြတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။
အမြန်ရေယာဉ်ဆိုက်ကပ်စဉ် ခရီးသည်တို့အား စစ်ဆေးပြီးနောက် အမြန်ရေယာဉ်ထဲ ဆင်းစစ်ရာ ဆာလာအိတ် သုံးအိတ်ဖြင့် ထည့်ထားသည့် ဘိန်းစာမှုန့်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ဆိုသည်။
“ပိုင်ရှင်မပေါ်လို့ထင်တယ်။ ပဲ့နင်းနဲ့ စာရေးကို ခေါ်သွားတာ တွေ့ရတယ်” ဟု မျက်မြင်တွေ့ရှိသည့် သမ္ဗာန်မောင်းနှင်သူတစ်ဦးက ပြောသည်။
တနင်္သာရီအမြန်ရေယာဉ်သည် မြိတ်မှ တနင်္သာရီမြို့နယ် ပဝကျေးရွာအထိ တစ်နေ့ခြား ပြေးဆွဲလျက်ရှိသည်။