BREAKING
January 15, 2025

ကံပေါက်ရွာသားမိသားစုဝင်သုံးဦး မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရ

September 11, 2023

ပုံစာ - ကံပေါက်ရွာ၊ မြသီတာလမ်း။

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မြသီတာရပ်ကွက်၌ နေထိုင်သူအမျိုးသားသုံးဦးကို စက်တင်ဘာလ ၇ ရက်ညတွင် မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

အဖမ်းခံရသူတို့မှာ ဦးလှထွန်း၊ သားဖြစ်သူ ကိုဇူးနှင့် သားမက်ဖြစ်သူ ကိုမိုးထက်တို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် မြေယာကိစ္စအမှုရုံးချိန်းအပြီး ရေဖြူမြို့ကပြန်လာပြီးနောက် ယင်းနေ့ ညပိုင်းတွင် သုံးဦးစလုံး အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ရုံးချိန်းက လိုင်းကားနဲ့ ပြန်လာတာ ပုံမှန်ပဲ။ ညနေပိုင်းအထိ သူတို့သားအဖတွေ သွားလာနေတာ တွေ့နေရသေး တယ်။ ညမှ လာခေါ်သွားတယ်။ အခုထိတော့ သုံးယောက်စလုံး ရေတပ်မှာရှိနေသေးတယ်” ဟု မြသီတာရပ်ကွက် နေသူတစ်ဦးက စက်တင်ဘာလ ၁၀ ရက်ညပိုင်းတွင် ပြောသည်။

ဦးလှထွန်းတို့နှင့် ရုံးချိန်းအတူလာသည့် ပယရွာမှ အုပ်ချုပ်ရေးမှူး၏ ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသည့် ဟိုက်ဂျက်ကားကို ရန်ကုန်-ထားဝယ် ကားလမ်းရှိ သက်ကယ်ကွက်ရွာအနီးတွင် အမည်မသိလက်နက်ကိုင်တို့က တားဆီးပြီး ကားနှင့် ငွေသားများကို လုယက်သွားကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းနောက် ဦးလှထွန်းတို့ မိသားစုဝင်သုံးဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ယင်းလုယက်မှုနှင့်ပတ်သက်၍ ခေါ်ယူမေးမြန်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

Dawei Watch အနေဖြင့်မူ အထက်ပါဒေသခံသုံးဦး ဖမ်းဆီးခံရသည့် အကြောင်းအရင်းကို သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ဦးလှထွန်းသည် ယခင်က မှန်လုံယာဉ်ဖြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် မလုပ်ကိုင်တော့ ကြောင်း ၎င်းနှင့် တစ်ရပ်ကွက်တည်း နေသူအချို့ထံမှ သိရသည်။

ရပ်ရွာအတွင်း လူမှုဆက်ဆံရေးကောင်းသူတယောက်လည်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

သက်ကယ်ကွက်ရွာအနီးတွင် ကားတစ်စီး စက်တင်ဘာလ ၇ ရက်နေ့က လုယက်ခံရကြောင်း ၎င်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများက အတည်ပြုသည်။

သို့သော် မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်သည်ကို မသိရသေးပေ။

ယခုနှစ် ဇန်နဝါရီလတွင်လည်း ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ ရေးနှင့် သံဖြူဇရပ်မြို့အကြားတွင် ရွှေဝယ်သူ ခရီးသည်တင်ယာဉ် ဓားပြတိုက်ခံခဲ့ရပြီး စက်တင်ဘာလ ၇ ရက်က လုယက်သည့်ဖြစ်စဉ်မှာ အာဏာသိမ်းပြီးနောက် ထားဝယ်ခရိုင် အဝေးပြေးလမ်းပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။