BREAKING
December 22, 2024

ဖင်တကြွကြွ ရင်တမမ အလှူ

August 11, 2024

မြန်မာနိုင်ငံသားများ ငွေပိုငွေလျှံရှိသည်ဆိုပါက အလှူအတန်းအတွက် လက်မနှေးကြ၊ ဘာသာရေး အယူအဆအားဖြင့်လည်း အလှူအတန်းလုပ်ရန် အားသန်ကြသလို ဓလေ့အားဖြင့်လည်း အလှူအတန်းအကြီးအကျယ် လုပ်လေ့ရှိကြသည်။

ကျေးလက်ဒေသများတွင် အလှူပွဲများကို ခမ်းခမ်းနားနားကျင်းပကြပြီး အားလုံးပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲလေ့ရှိကြသည်။

တနင်္သာရီတိုင်းတွင်လည်း အလှူအတန်းမှာ ပုံစံအမျိုမျိုးဖြင့် ကျင်းပလေ့ရှိကြပြီး ခြိမ့်ခြိမ့်သဲ လှူဒါန်းလေ့ရှိကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ စစ်မီးတောက်ကာ တိုက်ပွဲများ ပြင်းထန်နေချိန်တွင်လည်း တနင်္သာရီတိုင်းအပါအဝင် ဒေသအတော်များများတွင် အလှူပွဲများ ကျင်ပနေကြဆဲဖြစ်သည်။

အေးချမ်းသည့်ဒေသများမှာ အလှူပွဲများကို သက်သောင့်သက်သာ ကျင်းပနိုင်ကြသော်လည်း စစ်ရေးတင်းမာသည့် ဒေသများတွင်မူ ဖင်တကြွကြွ ရင်တမမဖြင့် အလှူပွဲကို ကျင်းပနေကြရသည်။

အချို့မှာ အလှူပွဲမပြီးခင် တိုက်ပွဲဖြစ်ပွားလာသဖြင့် ထွက်ပြေးကြရသည်မျိုးရှိသလို လေကြောင်းတိုက်ခိုက်ခံရချိန်နှင့် အလှူပွဲလာတိုးနေသည့် အဖြစ်မျိုးလည်း ရှိခဲ့ကြသည်။

အခြားတစ်ဖက်တွင်လည်း အန္တရာယ်ကြားက အလှူပွဲများလုပ်နေခြင်းထက် တစ်ကယ်လို အပ်နေသည့် စစ်ဘေးရှောင်များကို ပေးလှူလိုက်သင့်သည်ဆိုသော အယူအဆများလည်းရှိသည်။

သို့သော် ရှေးလူကြီးအများစုကမူ အလှူဆိုလျှင် နေအိမ်သို့မဟုတ် ဘုန်းကြီးကျောင်းတွင် ခြိမ့်ခြိမ့်သဲ ကျင်းပလိုကြသည်။

ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“ဝရုန်းသုန်းကားဖြစ်ပြီး အလှူပွဲလည်းပျက် တရားလည်းမနာရတော့ဘူး။ စစ်ကြောင်းပြန်ထွက်မှ ဘုန်းကြီးကျောင်းသွားပြီး ရေစက်သွားချရတယ်”

ဒေါ်ဟင်စွမ် လောင်းလုံးမြို့နယ်

DW ။ ဝါဆိုသင်္ကန်းကပ်တဲ့နေ့က အလှူပွဲပျက်သွားတယ်လို့ကြားရတယ် ဘယ်လိုဖြစ်တာလဲ ပြောပြပေးပါလား။

ဖြေ ။ စစ်ကြောင်းဝင်လာလို့ပေါ့။ အလှူရက်နဲ့မှ တိုက်တိုက်ဆိုင်ဆိုင်အေ အဲနေ့က စစ်ကြောင်းလာနေမှန်းလည်းသိတယ်။ အားလုံးစီစဉ်ထားပြီးပြီး။ လူတွေလည်းဖိတ်ထားပြီးပြီး စားဖို့သောက်ဖို့ ပစ္စည်းတွေကလည်း အကုန်ဝယ်ထားပြီးပြီအေ။ နင်စဉ်းစားကြည့်ကြည့်။ အားလုံးအဆင်သင့်ဖြစ်နေပြီကို ဘယ်လိုနေ့ပြောင်းလို့ရတော့မလဲ။ ဖြစ်ချင်တာဖြစ် ကုသိုလ်ကံပဲဆိုပြီး လုပ်ချလိုက်တာပေါ့။

DW ။ လူတွေအကုန်လုံးပြေးကုန်တာလား။ ဘယ်လိုဖြစ်တာလဲ။

ဖြေ ။ ဘယ်လိုဖြစ်တာလဲဆို မနက် ၉ နာရီလောက်ရှိပြီထင်တယ်။ ဘုန်းကြီးတော့ မကြွလာသေးဘူး။ လူတွေတရားနာဖို့ လုပ်နေတဲ့အချိန်ပေါ့။ အဲမှာ (စစ်ကောင်စီ) စစ်ကြောင်းက (ရွာအနောက်ဖက်) ဆီအုန်းခြံတွေထဲကိုရောက်နေပြီဆိုတော့ ဟိုတစ်ပေါက်၊ ဒီတစ်ပေါက်ကြားပြီး ပြေးတဲ့သူ‌ပြေးကုန်တာပေါ့။ အိမ်အောက်မှာရှိတဲ့ ယောင်္ကျားတွေကအရင်ပြေးကုန်တာ။ ဘုန်းကြီးမလာသေးဘူးဆိုတော့ ယောင်္ကျားတွေက အိမ်ပေါ်မတက်လာကြသေးဘူး။ အောက်မှာစကားပြောနေကြတာ။ သူတို့စပြေးတာ။ ပြီးမှ အိမ်ပေါ်က မိန်းမတွေပါ သူ့အိမ်သူသွားသူကသွား၊ ဟိုလူခေါ်စရာရှိသေးလို့ ဒီလူခေါ်စရာရှိသေးလို့။ ဖုန်းဆက်သူကဆက် ဝရုန်းသုန်းကားဖြစ်ပြီး အလှူပွဲလည်းပျက် တရားလည်းမနာရတော့ဘူး။ စစ်ကြောင်းပြန်ထွက်မှ ဘုန်းကြီးကျောင်းသွားပြီး ရေစက်သွားချရတယ်။

DW ။ အလှူလာတဲ့သူတွေကို ကျွေးဖို့ ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေ ဘာလုပ်လိုက်လဲ။

ဖြေ ။ လိုချင်တဲ့သူအကုန် လာယူကြဆိုပြီးပေးပစ်လိုက်တယ်။ လူနှစ်ရာငါးဆယ်စာဆိုတော့ ပေးလို့လည်းမကုန်နိုင်ဘူး။ ရွာထဲမှာကလည်း လူတွေမရှိကြဘဲကိုး။ ပိုတဲ့ဟာတွေတော့ အကုန်သွန်ပစ်လိုက်ရတာပေါ့။

DW ။ ကိုယ့်အလှူ အထမမြောက်တော့ စိတ်ထဲဘယ်လိုခံစားရလဲ။

ဖြေ ။ စိတ်ထဲမှာတော့ ဘယ်ကောင်းမလဲ။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူးလေ။ သူများတွေဆို အသုဘပို့မဲ့သူတောင်မရှိဘဲ ဖြစ်နေကြတာတွေတောင် ရှိသေးတာပဲဆိုပြီး စိတ်ဖြေရတာပေါ့။ စိတ်ထဲမှာတော့ ဝမ်းနည်းတာပေါ့။ ကိုယ့်အိမ်ကိုယ့်ရာမှာ ပရိတ်(တရား)လေးတောင် မရွတ်လိုက်ရဘူး။ ဒီလောက်ပိုက်ဆံကုန်ခံပြီး လုပ်ထားတာတောင်လေ။

DW ။ အခုလိုမျိုးနိုင်ငံရေးအခြေအနေမျိုးမှာ အလှူလုပ်တာက ဘာကြောင့်လဲဆိုတာ ပြောပြပါလား။

ဖြေ ။ သူများတွေလည်းလုပ်နေတာဆိုတော့ ကိုယ်လည်းလိုက်လုပ်တာပေါ့။ အခုက ဘယ်နေ့ ဘာဖြစ်မယ်ဆိုတာလည်း မပြောနိုင်ဘူး။ အန္တရာယ်ကြားထဲ‌နေနေရတာ မဟုတ်လား။ သာဓုတောင် ဖြောင့်ဖြောင့်တန်းတန်း မခေါ်နိုင်တော့ဘူးလေ။ လှူရတုန်းလေး လှူမယ်ဆိုပြီး လုပ်ဖြစ်တာပါ။ တစ်ခြားစိတ်တွေမရှိပါဘူး။

DW ။ ဒီလိုအလှူလုပ်မယ့်အစား စစ်ဘေးရှောင်တွေလိုမျိူးကို၊ အိမ်မီးရှို့ခံရတဲ့သူတွေမျိုးကို လှူမယ်ဆိုရင်ရော မဖြစ်နိုင်ဘူးလား။

ဖြေ ။ အဲဒါတွေကို ငါတို့လည်းလှူတာပါပဲ။ လာအလှူခံရင် ငြင်းလိုက်တယ်ဆိုတာမရှိဘူး။ အခုက (ကွယ်လွန်)မိဘတွေအတွက် ရည်စူးပြီးလှူပေးတာ။ အမျှအတန်းလေး ပေးဝေချင်လို့လေ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“အလှူဆိုတာ တကယ့်လို့အပ်နေတဲ့သူတွေကိုလှူမှ ကုသိုလ်ရတာ။ ကျွန်တော်ကတော့ အဲလိုပဲနားလည်ထားတယ်”

ကိုထက် တော်လှန်လူငယ်တစ်ဦး

DW ။ အခုအချိန်က ဝါတွင်းကာလဆိုတော့ ဝါဆိုသင်္ကန်းအလှူတွေ နေရာတိုင်းမှာ တော်တော်များများ လှူနေကြတာတွေ့ရတယ်။ တစ်ချိန်တည်းမှာပဲ စစ်ဘေးရှောင်တွေ၊ အိမ်မီးရှို့ခံရလို့ ဒုက္ခရောက်နေတဲ့သူတွေလည်း အများကြီးရှိနေတယ်။ ဒီလိုအခြေအနေမှာ အလှူအတန်းတွေ လုပ်နေတဲ့အပေါ် လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ ဟုတ်ပါတယ်။ အခုအလှူတွေကိုကြည့်လိုက်ရင် တစ်နေ့တည်းကိုမှ သုံးလေးငါးအိမ် တပြိုင်တည်းလှူနေကြတာ တွေ့ရတယ်။ ဒီအိမ်မှာစားပြီးရင် ဟိုအိမ်မှာတစ်ခါဝင်စား။ လက်ဖက်ရည်တစ်ခွက်သောက်ပြီးရင် နောက်တစ်အိမ်ရောက်ရင် မသောက်ချင်တော့ဘူး ဝသွားပြီ။ ဝနေရဲ့သားနဲ့လည်း အောင့်အီးပြီး လူမှုရေးအရဆိုပြီး ‌သွားသောက်နေရတာပဲ။ အဲဒါတွေက အဓိပ္ပါယ်မရှိဘူး။ တကယ်တမ်းလိုအပ်နေတဲ့ စစ်ဘေးရှောင်တွေကိုကျတော့ မေ့နေကြတယ်။ ကျွန်တော်တို့လူမျိုးတွေက အဲဒီရှေးရိုးစွဲအလှူတွေထဲမှာ ပိတ်မိနေကြတာလို့မြင်တယ်။ လူတိုင်းကိုတော့ မဆိုလိုဘူးပေါ့နော်။

DW ။ ဆိုတော့ ကိုယ်တိုင်ရော အလှူမလုပ်တော့ဘူးလား။ ဘယ်လိုမျိုးအလှူမျိူးကိုလုပ်မှာလဲ။

ဖြေ ။ ကျွန်တော်သာဆိုရင်တော့ သိန်းလေးငါးဆယ်ကုန်ခံပြီး ဒီလိုလှူဖြစ်မှာမဟုတ်ဘူး။ အထူးသဖြင့် အခုလိုမျိူး စစ်ဘေးရှောင်တွေ၊ မီးရှို့ခံရသူတွေ ဒုနဲ့ဒေးဖြစ်နေကြတဲ့အချိန်မျိုးမှာပေါ့။ လှူဖြစ်ရင်လည်း တကယ်ကိုလိုအပ်နေတဲ့သူတွေကိုပဲလှူဖြစ်မှာ။ သူများတွေကတော့ မလှူနိုင်လို့ မနာလိုစိတ်နဲ့ ပြောတာလို့ပဲ ထင်နေကြလိမ့်မယ်။ မနာလိုလို့ပြောတာမဟုတ်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောပြတာ။ ဒါပေမဲ့လည်းလူတွေက နားမလည်ကြဘူး။ တစ်ခြားမှာမပြောနဲ့ ကျွန်တော်တို့ ကိုယ့်အိမ်မှာတောင် ပြောလို့ရတာမဟုတ်ဘူး။

DW ။ ဘယ်လိုပြောလို့မရတာလဲ အသေးစိတ်လေး ပြောပြနိုင်မလား။

ဖြေ ။ ကျွန်တော်ခုနက ပြောသလိုမျိုးပဲပေါ့။ အိမ်မှာ အလှူလုပ်မယ့်အစား စစ်ဘေးရှောင်တွေကို သွားလှူပေးမယ်ပြောတာ လက်မခံကြဘူး။ လူသုံးလေးရာ ခေါ်ပြီး လှူမယ့်အစား ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေကိုပဲဖိတ်။ ဘုန်းကြီးလေးငါးပါးလောက်ပင့်ပြီးလှူရင် သိန်းသုံးလေးဆယ်ကုန်မယ့်နေရာမှာ နှစ်ဆယ်လောက်ပဲကုန်မယ်ပေါ့။ ကျန်တဲ့တစ်ဆယ်(သိန်း) ကို စစ်ဘေးရှောင်တွေကို လှူပေးမယ်လို့ ကျွန်တော်က ပြောပြတာ။ အဲဒါကို လက်မခံကြဘူးလေ။ ဘယ်လိုပြောပြော လက်မခံကြဘူး။ သူတို့စိတ်ထဲမှာ အလှူလုပ်တယ်ဆိုတာထက် လူတွေဘယ်လောက်များများခေါ်ပြီး ကျွေးနိုင်တယ်ဆိုတာကိုပဲ ဂုဏ်ယူနေကြတာ။

DW ။ အိမ်က မိသားစုဝင်တွေက ဘာလို့ လက်မခံတာလဲ။ သူတို့ဘာပြန်ပြောကြလဲ။

ဖြေ ။ သူတို့ကတော့ သူများတွေအလှူလုပ်တုန်းကလည်း ကိုယ့်အိမ်ကိုဖိတ်ထားတော့ ကိုယ်အလှူလုပ်တဲ့အခါကျရင်လည်း သူတို့ကို ဖိတ်ရမှာပေါ့လေ။ မဖိတ်ရင် မကောင်းဘူးပေါ့။ အဲလိုမျိုးပေါ့။ မလှူရင်လည်းမလှူနဲ့ လှူရင်တော့ ကိုယ့်ကိုဖိတ်ထားတဲ့သူတွေကို ဖိတ်မှကိုရမယ်ပေါ့။ အဲလိုအကြောင်းပြချက်နဲ့ပေါ့။ ဒီလူ၊ ဒီလူတွေကို ကြည့်လိုက်ရင် မစားနိုင်၊ မသောက်နိုင်တဲ့သူတွေလည်း မဟုတ်ဘူး ကျွန်တော်ပြောတာက။ အကုန်လုံး စားနိုင် သောက်နိုင်တဲ့သူတွေကို ဖိတ်ပြီးထမင်းကျွေးနေတာက ဘာထူးလို့လည်းပေါ့။ အလှူဆိုတာ တကယ့်လိုအပ်နေတဲ့သူတွေကိုလှူမှ ကုသိုလ်ရတာ။ ကျွန်တော်ကတော့ အဲလိုပဲနားလည်းထားတယ်။

DW ။ ခုနကပြောတဲ့အထဲမှာပါသလို စစ်ဘေးရှောင်တွေ၊ မီးရှို့ခံရတဲ့သူတွေ အများအပြားရှိနေတဲ့အချိန် သင်္ကန်းကပ်၊ ဆွမ်းကျွေးအလှူလုပ်နေကြတာပေါ့လေ။ ဘာကြောင့် အဲလိုအလှူတွေလုပ်နေကြတယ် ထင်လဲ။ အဲအပေါ်ဘယ်လိုမြင်လဲ။

ဖြေ ။ အဓိကကတော့ ဘာသာရေးကြောင့်ပေါ့။ ဘုန်းကြီးတွေက ဝါဆိုသင်္ကန်းဆိုရင် ဘယ်လိုကုသိုလ်ထူးတယ်၊ ကထိန်သင်္ကန်းဆိုရင် ဘယ်လို အဲလိုမျိုးပဲဟောကြတာလေ။ ကျွန်တော်ပြောချင်တာက ကုသိုလ်ရတယ်ဆိုတာဟုတ်တယ်။ လက်လည်းလက်ခံတယ်။ မလှူကြနဲ့လို့လည်းမပြောချင်ဘူး။ လှူကြပါ။ တန်းကြပါ။ ဒါပေမဲ့အခုလိုအခြေအနေမှာတော့ လှူသင့်သလောက်ပဲကို လှူပြီး တကယ့် လိုအပ်နေတဲ့ စစ်ဘေးရှောင်တွေကိုလည်း ရက်ရက်ရောရော လှူပေးစေချင်တယ်။ ကျွန်တော်တို့ စစ်ဘေးရှောင်တွေအတွက်ဆိုပြီး အလှူခံရင် ပိုက်ဆံလေးတစ်သောင်းလောက်လှူဖို့ မနည်းတိုက်တွန်းနေရတဲ့သူတွေက သိန်းလေးငါးခြောက်ဆယ်၊ တစ်ချို့ဆို သိန်းရာချီအကုန်အကျခံပြီး အလှူ‌လုပ်နေတာမြင်ရတော့ တော်တော်စိတ်မကောင်း ဖြစ်မိတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ဖြည့်စွက်ပြောချင်တာကတော့ အခုအလှူလုပ်နေတာ တစ်ရွာတစ်ရွာမှာဆိုမနည်းဘူး။ အနည်းဆုံး (အလှူအိမ်) ၂၀၊ ၃၀ လောက်မှာရှိတယ်။ ၂၀ ပဲထားဦး တစ်အိမ်ကို (ကျပ်) သိန်း ၃၀ ကုန်တယ်ပဲတွက်ဦးမယ်။ တစ်ရွာကို သိန်း ၆၀၀ လောက်ရှိတယ်။ ရွာပေါင်းဘယ်လောက်ရှိလဲ ဆယ်ရွာဆိုရင် သိန်းခြောက်ထောင်။ နည်းနည်းနောနောမဟုတ်ဘူး။ အဲဒီအထဲက သုံးပုံတစ်ပုံလောက်ပဲ စစ်ဘေးရှောင်တွေကိုလှူကြည့်။ အနည်းဆုံးတော့ သိန်းနှစ်ထောင်လောက်ရှိမယ်။ စစ်ဘေးရှောင်တွေဆိုတာက ဝက်သားဟင်းနဲ့၊ ကြက်သားဟင်းနဲ့ စားရမှမဟုတ်ဘူး။ သူတို့အတွက်က ဆန်နဲ့ ဆီပဲလိုတယ်။ လှူတာလည်း လှူကြသလို စစ်ဘေးရှောင်တွေကိုလည်း နိုင်ရက်သားနဲ့ မလှူတာမျိူးမလုပ်ပါနဲ့ နိုင်တဲ့သူတွေ ရက်ရက်ရောရော လှူပေးကြပါလို့ ပြောချင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ဘယ်နေ့လက်နက်ကြီးထိပြီး သေမယ်မှန်းလည်း မပြောနိုင်ဘူး။ ရတဲ့အ‌ချိန်မှာတော့ အလှူအတန်းလေး လုပ်ချင်တာပေါ့ ”

ဦး‌နောင်ဖြူ ဥယျာဉ်ခြံသမား၊ မကြာခဏအိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ရေဖြူမြို့နယ် နဘုလယ်ဒေသ

DW ။ ဦးတို့က စစ်ဘေးရှောင်ပြီး ကိုယ့်အိမ်မှာ ကိုယ်မနေရတဲ့အချိန် ရွာမှာ အလှူအတန်းတွေ လုပ်နေကြတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ အဲဒါကတော့ သူနိုင်လို့သူလှူတာပဲလေ။ ငါကဘာပြောလို့ရမှာလဲ။

DW ။ ဦးအနေနဲ့ဆိုရင်ရော လှူချင်တန်းချင်စိတ်ရှိလား။

ဖြေ ။ နိုင်ရင်တော့ လှူချင်တာပေါ့။ အခုက သူများအိမ်မှာနေနေရတာလေ။ ဘယ်လိုလှူနိုင်မှာလဲ။ လှူဖို့လည်း ပိုက်ဆံမရှိပါဘူး။ (ရော်ဘာ) ခြံတွေပစ်ထားရတာ သိတဲ့အတိုင်းပဲလေ။

DW ။ အခုအခြေအနေက သိတဲ့အတိုင်းပဲ အလှူအတန်းလုပ်တာတောင်မှ စိတ်ဖြောင့်ဖြောင့် မလုပ်နိုင်ကြဘူး။ စစ်ကြောင်းဝင်လာမှာကို ကြောက်နေရတယ်။ အဲလိုမျိုးအခြေအနေမှာ ဆိုရင်ရော အလှူလုပ်ဖြစ်မှာလား။

ဖြေ ။ ဒါကတော့ အခြေအနေအရပေါ့လေ။ စစ်ကြောင်းကလည်း ဝင်ပြီးရင် ပြန်ထွက်မှာပဲ။ အမြဲတမ်းနေတာမှမဟုတ်တာ။ ပြန်ထွက်တဲ့အချိန်မျိုးရွေးပြီး လုပ်ကြတာပေါ့။

DW ။ ဘယ်လိုပုံစံမျိုးလှူချင်တာလဲ။ ဥပမာ ကြီးကြီးကျယ်ကျယ်လား၊ အကျဉ်းရုံးပြီးလား။

ဖြေ ။ ဖြစ်နိုင်ရင်တော့ ဘယ်သူမဆိုပဲ ကြီးကြီးကျယ်ကျယ် လှူချင်ကြတာချည်းပဲလေ။ အခုချိန်မှာတော့ ဘယ်သူမှ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ကြပါဘူး။ အိမ်မှာ သံဃာဆွမ်းတစ်ဝိုင်းစာ( ဆွမ်းတစ်ဝိုင်းစာသံဃာ လေးပါး၊ ငါးပါး၊ ခြောက်ပါး) လောက်ဖြစ်ဖြစ်ပင့်ပြီးလှူချင်နေတယ်။ အရင်ကဆို(အာဏာမသိမ်းခင်က) နှစ်တိုင်းလုပ်နေကြခြံထဲမှာ။ အခုကတော့ ငါတို့ဖက်မှာက အမြဲတမ်းပဲ ပြေးနေရတာဆိုတော့ မလုပ်နိုင်တော့ဘူး။ နိုင်ငံရေးစဖြစ်ကတည်းအခုထိပဲ မလုပ်နိုင်တာ။ သုံးလေးနှစ်ဖြစ်ပြီဆိုတော့ လှူချင်တန်းချင်တာပေါ့။

DW ။ စစ်ဘေးကြောင့် ပြေးနေ၊ လွှားနေရတဲ့ကြားထဲက ဘာလို့ လှူချင်တန်းချင်နေတာလဲ။ အဲဒါလေးပြောပြလို့ရလား။

ဖြေ ။ ငါ့အသက်အရွယ်နဲ့ဆို (အသက် ၅၅ နှစ်) သင်္ချိုင်းကို ခြေတစ်ဖက်နင်းနေပြီ။ ဒီအသက်အရွယ်မှာမှ အလှူမလုပ်ရင် ဘယ်အချိန်သွားလုပ်မှာလဲ။ ဘယ်နေ့လက်နက်ကြီးထိပြီး သေမယ်မှန်းလည်း မပြောနိင်ဘူး။ ရတဲ့အ‌ချိန်မှာတော့ အလှူအတန်းလေးလုပ်ချင်တာပေါ့။

DW ။ အိမ်မှာအလှူလုပ်မယ့်အစား ဘဝတူ စစ်ဘေးရှောင်တွေကို လှူမယ်ဆိုရင်ရော မရဘူးလား။

ဖြေ ။ ရတော့ရတာပေါ့။ အလှူလုပ်တာပဲ မရဘူးဆိုတာတော့ မရှိဘူးလေ။ ကိုယ်ကဒီလိုလှူချင်တာဆိုတော့ ကိုယ်စေတနာရှိတဲ့အတိုင်း လှူရမှကျေနပ်တာ။ ကိုယ့်အိမ်မှာလှူတော့ ပရိတ်တရားလည်းရွတ်ရတယ်။ ရေစက်ချအမျှအတန်းဝေတာတွေ လုပ်ရတော့ ကိုယ့်အိမ်မှာ ကိုယ်လှူချင်တာပေါ့။ သေသွားတဲ့သူတွေအတွက်လည်း ကောင်းတာပေါ့။ သူတို့လည်း အမျှအတန်းရကြမှာလေ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“တကယ့်လိုအပ်ချက်ရှိနေတဲ့ သူတွေ စစ်ဘေးရှောင်တွေလိုမျိုးကိုလှူရင် သူလည်းပီတိဖြစ်၊ ကိုယ်လည်းပီတိဖြစ်ပြီး အကျိုးကျေးဇူးက အများကြီးရမှာ”

သံဃာတော်တစ်ပါး ထားဝယ်ခရိုင်

DW ။ အခုအလှူအတန်းတွေ လုပ်နေတာပတ်သက်ပြီး မေးလျှောက်ချင်လို့ပါဘုရား။ အခုအခြေအနေကလည်း အရှင်ဘုရားသိတဲ့အတိုင်း စစ်ဘေးရှောင်တွေ၊ အိမ်မီးရှို့ခံရတာတွေ အများကြီးကြုံနေကြရတာပေါ့ဘုရား။ တစ်ဖက်မှာကျတော့ လူတွေက ပိုက်ဆံတွေ အမြောက်အများ အကုန်အကျခံပြီး အိမ်မှာ အလှူတွေလုပ်နေကြတာပေါ့။ စစ်ဘေးရှောင်တွေကိုကျတော့ လှူကြတယ်ဆိုပေမယ့် အနည်းအကျဉ်းလောက်ပဲ ရှိတာမျိုးပေါ့ဘုရား။ အဲဒီအပေါ်မှာ သံဃာတစ်ပါးအနေနဲ့ ဘယ်လိုများ မြင်ပါသလဲဘုရား။

ဖြေ ။ လူတွေရဲ့စိတ်တွေကို ခန့်မှန်းရတာ ခက်ပါတယ်။ သူတို့တတွေက အရင်ကတည်းက အယူစွဲနေကြတာကိုး။ အလှူဆိုတာ သူတို့အယူစွဲနေတာက အခုလှူနေကြတဲ့ပုံစံမျိုးပဲ သိကြတာလေ ဒီဒေသကလူတွေက။ ငတ်မွတ်ခေါင်းပါးနေတဲ့သူတွေကို လှူတာလည်း အလှူပါပဲ။ လူတွေအစွဲက မကျွတ်ကြသေးဘူး။ အလှူကြီးတန်းကြီးပေးမှ အလှူလို့ ထင်နေကြတုန်း။

ဥူးဇင်းရဲ့အမြင်ကကျတော့ စစ်ဘေးရှောင်တွေကို လှူကိုလှူရမယ်။ အိမ်မီးရှို့ခံရတဲ့သူတွေကို လှူရမယ်။ ကလေးတွေ စာသင်ကြားနိုင်ဖို့ လှူရမယ်။ ဒုက္ခဖြစ်နေတဲ့သူတွေကို လူကိုလှူရမယ်။ အလှူချင်းကအတူတူပါပဲ။ ဘယ်သူ့ကိုပဲလှူလှူပါ။ ဒါပေမဲ့မရှိတဲ့လူ၊ လိုအပ်နေတဲ့သူကို လှူတာက ပိုပြီး အကျိူးကျေးဇူးကြီးပါတယ်။ စားပြီးအိမ်ပြန် သူမျိုးကိုလှူတာထက်စာရင်ပေါ့လေ။ မရှိတဲ့သူကို လှူတာက တန်ဖိုးကိုနားလည်တယ်လေ။ ဥပမာ အိမ်မီးရှို့ခံရတဲ့သူကို ခြင်ထောင်တွေပေးလှူလိုက်တာ၊ အဝတ်အစားတွေလှူလိုက်ရင် ရတဲ့သူက ပီတိဖြစ်တယ်။ သိန်းလေးငါးခြောက်ဆယ်အကုန်ခံပြီး လှူတာကလည်း ကုသိုလ်တော့ရချင်ရမယ်။ ဒါပေမဲ့ခုနကလို လူရဲ့ပျော်ရွှင်မှုကတော့ ကျန်ရစ်မှာမဟုတ်ဘူး။

DW ။ အခုလိုအခြေအနေမှာ မရှိတဲ့သူတွေကို ပိုလှူသင့်သလား၊ ဒါမဟုတ် သမာရိုးကျလှူနေကျအတိုင်းက ပိုသင့်တော်ပါသလား။ ဘယ်လိုမြင်ပါသလဲဘုရား။

ဖြေ ။ ပေးကမ်းခြင်းသည် ဒါနလို့ ဘုရားကဟောတယ်။ အခုချိန်မှာ မရှိတဲ့သူတွေကို လှူတာက ပိုပြီးဒါနမြောက်တယ်လို့ မြင်တယ်။ အခုချိန်က ကိုဗစ်ရောဂါကပ်ကြီးလည်းဖြစ်ပြီးပြီ၊ အခုစစ်ဘေးကပ်နဲ့ကြုံနေရတယ်။ အဲဒီကပ်နှစ်ခုကြားမှာ လူတွေ ငတ်ပြတ်နေကြတာတွေအများကြီး။ အဲဒီလူတွေကို ပိုလှူသင့်တယ်လို့မြင်တယ်။ အလှူဆိုတာ ဘယ်အလှူပဲလှူလှူ စိတ်ထားတတ်ဖို့ပဲလိုတာပါ။ အလှူရှင်ရဲ့ စိတ်အပေါ်မှာပဲ မူတည်ပါတယ်။ (သမာရိုးကျအလှူ) လုပ်တာလည်းလုပ်။ မလုပ်နဲ့မပြောဘူး။ မျှမျှတတလေးဖြစ်အောင်လုပ်သင့်တယ်။ ဒီဖက်က မရှိတဲ့သူတွေလည်းလှူပေးဆိုတာမျိုးပေါ့နော်။

DW ။ ဘာများဖြည့်စွက် မိန့်ကြားချင်ပါသေးလဲဘုရား။

ဖြေ ။ အလှူလုပ်တဲ့နေရာမှာ ပြိုင်ဆိုင်လိုစိတ်နဲ့ မလှူရဘူး။ အဲလိုဆိုရင်တော့ အကျိုးမများဘူး။ ကုသိုလ်ရအောင်လှူတတ်ရတယ်။ ကုသိုလ်ရအောင်ဆိုရင် တကယ့်လိုအပ်ချက်ရှိနေတဲ့ သူတွေ စစ်ဘေးရှောင်တွေလိုမျိုးကိုလှူရင် သူလည်းပီတိဖြစ်၊ ကိုယ်လည်းပီတိဖြစ်ပြီး အကျိုးကျေးဇူးက အများကြီးရမှာ။ နောက်တစ်ခုက ကလေးတွေရဲ့ ပညာရေးအတွက် လှူစေချင်တယ်။ ကလေးတွေဆိုတာ အနာဂတ်မှာ လူကြီးဖြစ်လာမယ့်သူတွေ။ ဦးဆောင်သူတွေဖြစ်လာကြမှာ။ ဦးဇင်းကတော့ စစ်ဘေးရှောင်တွေ၊ ကလေးတွေအတွက် ရသမျှအကုန်လှူတယ်။ မေးကြည့် မယုံရင်။ အလှူနဲ့ပတ်သက်ပြီးချုပ်ပြောရရင်တော့ မျှမျှတတဖြစ်အောင်အလှူပေးရင်တော့ အကောင်းဆုံးပဲ။ ကလေးတွေရဲ့ အနာဂါတ်အတွက်ကူပေးရမယ်၊ မရှိတဲ့သူ၊ တကယ်လိုအပ်တဲ့သူတွေကို လှူပေးရမယ်၊ လူကြီးငတ်ရင် ကလေးငတ်မယ်။ ကလေးငတ်ရင် အာဟာရချို့တဲ့မယ်။ ပညာတတ်တွေနည်းလာမယ်။ ဒါတွေကိုလူတွေက မြင်အောင်ကြည့်ပြီး လှူပေးရမယ်။ ခက်တာက လူတွေက ဒါတွေကို မမြင်ကြဘူး။

DW ။ မိန့်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။