BREAKING
December 22, 2024

ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို အသက်ကယ်ဆေးထိုးလိုက်သည့် စစ်ကောင်စီ

August 11, 2024

စစ်ကောင်စီအတွက် အသက်ရှူပေါက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း နယ်မြေစိုးမိုးနိုင်မှု ကျဆင်းလာနေသဖြင့် စစ်ကောင်စီက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ) ကို အာဏာကုန် ပေးအပ်ကာ အသက်ကယ်ဆေးထိုးရန် အစီအစဉ်ချလာသည်။

ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အရေးပေါ်စစ်ဆင်ရေးကိစ္စများတွင် အထက်ကိုတင်ပြရန်မလိုဘဲ တိုက်ရိုက်အမိန့်ပေးကွပ်ကဲရန်အတွက် နေပြည်တော်မှ ဗိုလ်မှူးချုပ်တစ်ဦးကို စစ်ကောင်စီက ထပ်တိုးတာဝန် ပေးအပ်လိုက်ခြင်းဖြစ်သည်။

နေပြည်တော်မှ ဗိုလ်မှူးချုပ်သက်ထွန်းဦးအား ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို ပူးတွဲကွပ်ကဲရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်ရိုက်အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်သက်ထွန်းဦးကို တာဝန်ပေးလိုက်ကြောင်း ဩဂုတ်လ ၉ ရက်နေ့က ကမ်းရိုးတန်းစစ်ဌာနချုပ်ထံ စာပို့အကြောင်းကြားလိုက်ကြောင်း Dawei Watch ၏ စစ်ရေးသတင်း အရင်းအမြစ်က အတည်ပြုပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်း အရေးပေါ်စစ်ဆင်ရေးကိစ္စများတွင် အထက်သို့တင်ပြကာ ခွင့်ပြုမိန့်စောင့်ရန်မလိုဘဲ ဗိုလ်မှူးချုပ်သက်ထွန်းဦးကသာ တိုက်ရိုက်အမိန့်ပေးမည် ဖြစ်သည်။

အဆိုပါ ဗိုလ်မှူးချုပ်မှာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့်အတူ ပူးတွဲတာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

စစ်ကောင်စီအတွက် အရေးပါမှု

တနင်္သာရီတိုင်းမှာ စစ်ကောင်စီအတွက် စီပွားရေးအရ အရေးပါသည့် ဒေသများထဲမှ တစ်ခုဖြစ်သလို စစ်ရေးအရ အရေးပါသည့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ ဒေသတစ်ခုလည်းဖြစ်သည်။

တနင်္သာရီတိုင်းမှာ စစ်ကောင်စီကို နိုင်ငံခြားငွေ ရှာဖွေပေးနေသည့် ပုလဲလုပ်ငန်းများ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ သတ္ထုရှာဖွေရေး လုပ်ငန်းများ တည်ရှိသည့်အပြင် ထားဝယ်ရေနက် ဆိပ်ကမ်းလည်း တည်ရှိနေသဖြင့် စီးပွားရေးအရ အရေးပါသည့် ဒေသတစ်ခုဖြစ်သည်။

ယင်းအပြင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားမှုကြောင့် နယ်စပ်ကုန်သွယ်ရေးကို အစားထိုးရန် ထိုင်းနိုင်ငံရနောင်းမှ မြန်မာနိုင်ငံ ကော့သောင်း ယင်းမှရန်ကုန်သို့ ရေလမ်းကြောင်းသစ်ကို သုံးစွဲရန်ပြီးခဲ့သည့် ဇွန်လမှစကာ စစ်ကောင်စီက စတင်လုပ်ဆောင်နေသည်။

အခြားတစ်ဖက်တွင်လည်း ထားဝယ်ရေနက် ဆိပ်ကမ်းတည်ဆောက်လုပ်ပိုင်ခွင့်ကို ရုရှအစိုးရထံပေးအပ်ကာ နိုင်ငံရေးအကျိုးအမြတ် ရရှိဖို့ကိုလည်း စစ်ကောင်စီက ဆန္ဒရှိနေသည်။

စစ်ရေးအရလည်း စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်မှာ တနင်္သာရီတိုင်း မြိတ်မြို့တွင် အခြေစိုက်ထားပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၃ ခုက အခြေပြုထားသည်။

အမှတ် ၈ ၊ ၁၃ နှင့် ၂၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များမှာ ထားဝယ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းရှိ ခမောက်ကြီးမြို့တွင် အခြေစိုက်ထားသည်။

ဌာနချုပ်တစ်ခုတွင် တပ်ရင်း ၁၀ ရင်းရှိပြီး ခြေမြန်တပ်မအသွင်ယူထားကာ အဓိကအားဖြင့် တိုက်ခိုက်ရေးတာဝန်ကို ထမ်းဆောင်နေကြခြင်းဖြစ်သည်။

၎င်းတပ်ဌာနချုပ်များကို ကကကြည်း ဟု အတိုကောက်ခေါ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က တိုက်ရိုက်ကွပ်ကဲလေ့ရှိသည်။

အဆိုပါ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များအပြင် စစ်တိုင်းမှူးက တိုက်ရိုက်ကွပ်ကဲသည့် တိုင်းတပ်များနှင့် လက်ရုံးတပ်များလည်းရှိနေသည်။

များသောအားဖြင့် တနင်္သာရီတိုင်းအတွင်း စစ်ဆင်ရေးများကို တိုင်းတပ်ဟုခေါ်သည့် ကမ်းရိုးတန်းတိုင်းစစ်တိုင်းအောက်ရှိ တပ်များက ဖြန့်ခွဲလှုပ်ရှားနေခြင်းဖြစ်သည်။

ထို့အပြင် ရေတပ်စခန်းဌာနချုပ်များ၊ ရေတပ်စခန်းများလည်းရှိပြီး ဗျူဟာစစ်ရေယာဉ်စုများလည်း အခြေပြုထားသည့်အပြင် မြိတ်လေယာဉ်ကွင်းတွင်လည်း လေတပ်တပ်ဆွယ်ကို ထားရှိသည်။

သို့သော် စစ်ကောင်စီမှာ တနင်္သာရီတိုင်းအတွင်းရှိ အရေးပါသည့် နယ်မြေများကို လက်လွှတ်ထားရပြီး အမာခံစခန်းများလည်း လက်လွှတ်ရသည်အထိ အရေးနိမ့်လာနေသည်။

အဆိုးဆုံးအခြေအနေမှာ တပ်ရွှေ့တပ်ပြောင်းအတွက် အရေးပါသည့် အာရှလမ်းမကြီး၏ နေရာအတော်များများကို လက်လွှတ်လာရခြင်းဖြစ်သည်။

တော်လှန်ရေးတပ်များ စိုးမိုးလာမှု

အာရှလမ်းမကြီးဟု ခေါ်ဆိုသည့် ရေး-ထားဝယ်- မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းတစ်လျှောက်ရှိ လမ်းပိုင်းနေရာအများစုကို တော်လှန်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားသည်။

တနင်္သာရီတိုင်းအစ မလွှဲတောင်မှစကာ ရေဖြူမြို့အထိ လမ်းပိုင်းကို မွန်တော်လှန်ရေးတပ်များ၊ ပြည်သူ့ကာကွယ်ရေး တပ်များ အပါအဝင် KNU တပ်များက လွှမ်းမိုးထားနိုင်ပြီး လမ်းပိုင်းစစ်ဆေးမှုများ မကြာခဏလုပ်ဆောင်နေသည်။

ထားဝယ်မြို့နယ်မှ သရက်ချောင်း-ပုလော-မြိတ်မြို့နယ်လမ်းပိုင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် KNLA တော်လှန်ရေးပူးပေါင်းတပ်များ နေရာယူထားသည်။

မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းတစ်လျှောက်တွင်လည်း KNLA ၊ပြည်သူ့ကာကွယ်ရေးတပ်များအပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်များက စိုးမိုးထားသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ထိုင်းနယ်စပ်ကိုသွားသည့် ထားဝယ်-ထီးခီးလမ်း၊ တနင်္သာရီ-မောတောင်လမ်းကိုလည်း တော်လှန်ရေးတပ်များကပင် ထိန်းချုပ်ထားနိုင်သည်အထိ အားကောင်းနေသည်။

လောင်းလုံးမြို့နယ်တကြော၊ ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိရာ ရေဖြူမြို့နယ်တကြောကိုလည်း တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည့် အခြေအနေရှိသည်။

အဆိုပါလမ်ပိုင်းရှိ အချို့နေရာများတွင် တော်လှန်ရေးတပ်များက စစ်ဆေးရေးဂိတ်များဖွင့်ထားနိုင်သည်အထိ စိုးမိုးထားနိုင်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ရင်းများ၊ စခန်းများသို့ ကုန်းကြောင်းက ရိက္ခာပို့ရန်ပင် အခက်အခဲကြုံလာရသည့် အနေအထားဖြစ်လာသည်။

စစ်ကောင်စီတပ်ကမူ ခရိုင်မြို့ကြီးများဖြစ်သည့် ထားဝယ်၊မြိတ်၊ကော့သောင်းမြို့များနှင့် မြို့နယ်အဆင့်ရှိ မြို့ဧရိယာကိုသာ ထိန်းချုပ်စိုးမိုးနိုင်တော့သည်။

အာဏာကုန်ပေးရခြင်း

ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နယ်မြေရှိ စစ်ကောင်စီတပ်မှာ နယ်မြေစိုးမိုးနိုင်မှု ကျဆင်းလာနေပြီး တပ်စခန်းအများအပြားကို လက်လွှတ်နေရသလို စစ်ကောင်စီအတွက် အရေးပါသည့် ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးနိုင်စွမ်းမရှိတော့ပေ။

ယင်းအခြေအနေကို ကုစားနိုင်ရန်အတွက် စစ်ကောင်စီက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ကို အာဏာကုန် ပေးအပ်ကာ အဖြေရှာလာခြင်းဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင် သူများကဆိုသည်။

ယခုကဲ့သို့ တိုက်ရိုက်အမိန့်ပေးနိုင်သည့် ဗိုလ်မှူးချုပ်တစ်ဦးကို တာဝန်ပေးလာခြင်းမှာ အကြောင်းအရင်း ၃ ချက်ကြောင့်ဖြစ်နိုင်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက သုံးသပ်သည်။

ပထမအချက်အနေဖြင့် စစ်ကောင်စီက ၎င်းတို့ဆုံးရှုံးထားသည့် စစ်စခန်းများကို ပြန်လည်တိုက်ခိုက်သိမ်းယူရန်အတွက် စစ်ဆင်ရေးများ လုပ်ဆောင်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒုတိယတစ်ချက်မှာ စစ်ကောင်စီက ရုရှားနိုင်ငံနှင့် ပူးပေါင်းပြီးအကောင်အထည်ဖော်မည်ဟု ထုတ်ဖော်ပြောဆိုထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာကို နယ်မြေစိုးမိုးရန် ဖြစ်နိုင်ကြောင်း ပဒိုစောအယ်နားက ပြောသည်။

“အဲဒီအပိုင်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်းတစ်ဝိုက်မှာ လုံခြုံရေးအတွက် သူတို့က စစ်ရေးစီမံချက်ရှိမှာ ပေါ့နော်”ဟု ၎င်းက ဆိုသည်။

တတိယအချက်မှာ စစ်ကောင်စီတပ်သားများက ရင်ဆိုင်တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ လက်နက်ချခြင်း၊ စခန်းစွန့်ခွာခြင်းများ ခပ်စိပ်စိပ်ရှိနေသည့်အတွက် ယင်းကိစ္စကိုကိုင်တွယ်ထိန်းသိမ်းရန်အတွက်လည်း အဆိုပါဗိုလ်မှူးချုပ်အား တာဝန်ပေးလိုက်ခြင်းဖြစ်နိုင်ကြောင်း ပဒိုစောအယ်နားက ပြောသည်။

“ကျွန်တော်တို့ပြန်သုံးသပ်တာက တိုင်းမှူးတစ်ယောက်တည်းနဲ့ အာဏာမလောက်လို့ အခြားတစ်ယောက်ကို အာဏာတိုးပေးတဲ့အခြေအနေလို့ သုံးသပ်တာပေါ့”ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တိုင်းပကဖ) တာဝန်ခံ ရဲဘော်စတားကလည်း နေရာအနှံ့တိုက်ပွဲဖြစ်နေပြီး တော်လှန်ရေးတပ်များ အားကောင်းလာသည့်အတွက် စစ်တိုင်းမှူးတစ်ဦးရှိနေလျက် အခြားဗိုလ်မှူးချုပ်တစ်ဦးကို ထပ်မံတာဝန်ပေးခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

“အဓိက တာဝန်ပေးထားတဲ့ တိုင်းမှူးအဆင့်တွေတောင်မှ စိတ်မချဘူးဆိုတဲ့သဘောမျိုးတော့ ယူဆတယ်ပေါ့နော်။ ဒါကြောင့်မို့ full power (လုပ်ပိုင်ခွင့်အပြည့်) ပေးထားတဲ့ပုဂ္ဂိုလ်တွေကို လူယုံတွေကို သက်ဆိုင်တဲ့ တိုင်းမှူးအဆင့်တွေနဲ့ တွဲပြီးတော့ တာဝန်ထမ်းဆောင်စေတယ်လို့တော့ ယူဆတယ်”ဟု ရဲဘော်စတားက ပြောသည်။

ထိုသို့ ကရခ ကို လုပ်ပိုင်ခွင့်အပြည့်ပေးလိုက်ခြင်းကြောင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ပြီး လေကြောင်းတိုက်ခိုက်မှုလည်း ပိုများလာနိုင်ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲပြင်းထန်လာနိုင်

ယခုနှစ်ဆန်းပိုင်းမှစကာ နယ်မြေစိုးမိုးနိုင်မှု သိသိသာသာကျင်းဆင်းလာသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများခပ်စိပ်စိပ်လုပ်ဆောင်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နယ်မြေများကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

ဇူလိုင်လအတွင်းက ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ်တွင်လည်း စစ်ကောင်စီက ရေဘေးကာလအတွင်းပင် စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သေးသည်။

ယင်းအပြင် ရိက္ခာ လက်နက် အင်အားဖြည့်တင်းချိန်တိုင်း တော်လှန်ရေးတပ်များက လမ်းခရီးတွင် တိုက်ခိုက်လေ့ရှိသဖြင့် စစ်ကောင်စီက လမ်းကြောင်းတစ်လျှောက် လေကြောင်းဖြင့်ပစ်ခတ်ရှင်းလင်းခြင်းများ ဆက်တိုက်လုပ်ဆောင် လာသည်။

“နောက်ပိုင်း ထူးခြားမှုက ဘာလဲဆိုတော့ ရိက္ခာပို့တဲ့အဆင့်လောက်တောင်မှ သူတို့ဘက်(စကစ)က လေကြောင်း ပစ်ကူ သုံးလာတယ်ဆိုတဲ့ အနေအထားမျိုးတွေ့ရတယ်။ နောက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုက ပိုပြီး ပြင်းထန်လာနိုင်တဲ့အနေအထားရှိတယ်လို့ ပြောလို့ရတယ်”ဟု ရဲဘော်စတားက ပြောသည်။

ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို အာဏာကုန်လွှဲအပ်လိုက်ခြင်းကြောင့် ဒေသအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုပြုလုပ်လာနိုင်ကြောင်း တော်လှန်ရေး အင်အားစုများက သုံးသပ်ကြသည်။

လတ်တလော တာဝန်ပေးလိုက်သည့် ဗိုလ်မှူးချုပ်လက်ထက်တွင် လေကြောင်းတိုက်ခိုက်မှုများ အရင်ထက် ပိုမိုများပြားလာနိုင်ကြောင်း ပဒိုစောအယ်နားကလည်း ခန့်မှန်းသည်။

“လေယာဉ်ကလည်း ပိုပြီးတော့အသုံးချမယ်လို့ ကျွန်တော်တို့က သုံးသပ်တာပေါ့”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီဒဏ် ပြည်သူခံ

လက်ရှိအခြေအနေတွင်ပင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက်မှာ ခြောက်သောင်းကျော်အထိ ရှိနေပြီဖြစ်သည်။

FE5 Tanintharyi သုတေသနအဖွဲ့၏ အစီရင်ခံစာအရ ဇူလိုင်လတွင် တိုင်းအတွင်း စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းကျော်(၆၃၆၀၀) ရှိခဲ့သည်။

အဆိုပါလတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ၃၇ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

ပြည်သူများက စစ်အာဏာသိမ်းပြီးကတည်းက လူမှုရေး၊စီးပွားရေးအခက်အခဲများကြုံရပြီး ဒုက္ခရောက်နေသလို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် အိုးအိမ်စွန့်ခွာနေရကြောင်း ပဒိုစောအယ်နားက ဆိုသည်။

FE5 Tanintharyi သုတေသနအဖွဲ့၏ အစီရင်ခံစာအရ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က နေအိမ်မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် နေအိမ်၃၇ လုံးအထိ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ကမ်းရိုးတန်းစစ်ဌာနချုပ်နယ်မြေအတွင်း တိုက်ပွဲအရှိန်မြှင့်ရန် ဗိုလ်မှူးချုပ် သက်ထွန်းဦးကို စစ်ခေါင်းဆောင်က တိုက်ရိုက်တာဝန်ပေးလိုက်ပြီဖြစ်သည်။

ထိုကြောင့် မြန်မာနိုင်ငံတောင်ပိုင်းတကျောတွင် စစ်ရေးအရှိန်ပိုပြင်းထန်လာပြီး ပြည်သူများ ပိုမိုဒုက္ခတွေ့လာနိုင်ကြောင်း စစ်ရေးလေ့လာသူများနှင့် တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များက ခန့်မှန်းသုံးသပ်ကြသည်။

အဖက်ဖက်က ဆုံးရှုံးနေသည့် စစ်ကောင်စီမှာ ၎င်းတို့အာဏာမြဲရေးအတွက် မည်သူ့မျှငဲ့ညှာဖွယ်မရှိဘဲ အရက်စက်ဆုံးနည်းလမ်းစုံသုံး လာဦးမည်ဖြစ်ရာ ပြည်သူများမှာ စစ်ဘေးဒဏ်ကို ပိုမိုရင်ဆိုင်ရဖွယ်ရှိနေသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးရှုံးနိမ့်လာတဲ့အပေါ်မှာတော့ သူ(စကစ)ကတော့ ပြည်သူတွေရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေကိုလည်း ဘာမှစဉ်းစားနေမှာမဟုတ်ဘူး” ဟု ရဲဘော်စတားက ပြောဆိုသည်။