BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

August 11, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၄ ရက်မှ ဩဂုတ်လ ၁၀ ရက်အထိ

လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၅၈၀၀နီးပါးရှိလာ

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါး ရှိလာပြီလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး မစတင်ခင် ၂နှစ်ခွဲကျော်ကာလမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ နှစ်ထောင်ကျော်ရှိပြီး ၁၀၂၇ အလွန်မှာတော့ နှစ်ဆကျော် ထပ်တိုးလာပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀၀ ကျော်ရှိခဲ့ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးမှာ ၂၆ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ရေ ဒုတိယအများဆုံးကတော့ ကရင်နီ (ကယား) ဖြစ်ပြီး အကြိမ်ရေ ၁၂၀၀ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၁၄၇ ခုထက်မနည်းဟာ လေကြောင်းတိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးမြို့နယ်က လွိုင်ကော်ဖြစ်ပြီး အကြိမ် ၅၉၀ ထက်မနည်းရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

အခုသီတင်းပတ်အတွင်းမှာ ရှမ်းမြောက်၊ မန္တလေးတိုင်း၊ ရခိုင် အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

……………………………………..

ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်းမှာ အဆင့် ၂ ချိတ်တဲ့ မြန်မာ

ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်းရဲ့ အဆင့် ၂ နေရာမှာ မြန်မာနိုင်ငံရပ်တည်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ ACLED အဖွဲ့က ထုတ်ပြန်ပါတယ်။

အခုနှစ် ပထမခြောက်လပတ်ကာလအတွင်း အညွှန်းကိန်းမှာမြန်မာဟာ ပါလက်စတိုင်းပြီးရင် ဒုတိယ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ အညွှန်းကိန်းမှာဆိုရင် မြန်မာက အဆင့် ၁ နေရာမှာ ရှိနေခဲ့ပြီး အခု ပါလက်စတိုင်းက အဆင့် ၁နေရာကို ရောက်လာတာပါ။

မြန်မာနိုင်ငံဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူသေဆုံးမှုအများဆုံးနေရာမှာတော့ ကမ္ဘာ့နံပတ် ၃ အဆင့်မှာရှိပါတယ်။ အရပ်သားတွေ အသက်အန္တရာယ်အများဆုံးနေရာမှာ အဆင့် ၄၊ ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားမှုမှာ အဆင့် ၉၊ ပဋိပက္ခဖြစ်ပွားတဲ့ အဖွဲ့အများဆုံးရှိရာမှာ အဆင့် ၁ နေရာတွေမှာရှိနေပါတယ်။

မြန်မာပြည်သူ ၂၃ သန်းဟာ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေထဲမှာ ရောက်ရှိနေပြီး ရခိုင်နဲ့ မန္တလေးမှာ ပဋိပက္ခတွေ ထပ်တိုးလာဦးမယ်လို့လည်း ဆိုပါတယ်။

……………………………………..

လားရှိုးနဲ့ ကျောက်မဲကို မြောက်ပိုင်းမဟာမိတ်တွေ သိမ်းယူ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိတဲ့ လားရှိုးနဲ့ ကျောက်မဲမြို့တွေကို မြောက်ပိုင်းမဟာမိတ်တွေက သိမ်းယူလိုက်ပါတယ်။

နေဝန်းနီလို့ ခေါ်တဲ့ လားရှိုး ရမခကို ဩဂုတ်လ ၃ ရက်မှာ ကိုးကန့်တပ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းယူနိုင် ခဲ့ပါတယ်။ နောက်နှစ်ရက်အကြာမှာတော့ ကျောက်မဲမြို့ကို တအာင်းတပ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းယူခဲ့ တယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

လားရှိုးတိုက်ပွဲမှာ ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး၊ အမှတ် (၁) စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီဘက်ကလည်း အရာရှိတချို့ ဖမ်းဆီးခံရတယ်လို့ ဝန်ခံထား ပါတယ်။ လာရှိုးမြို့ကို ကိုးကန့်တပ်သိမ်းပြီးနောက်ပိုင်းမှာ မြိုခံတွေ မြို့ကိုပြန်ဝင်လို့ ရနေပြီလို့လည်းသိရပါတယ်။

ရမခကို သိမ်းယူနိုင်တာဟာ တိုင်းရင်းသားအားလုံးနဲ့ လက်တွဲဆင်နွှဲနေတဲ့ တော်လှန်ရေးမှာ ကြီးမားတဲ့အောင်မြင်မှု ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်က မန်းဝင်းခိုင်သန်းက ပြောပါတယ်။ KNU ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ချင်းအမျိုးသားတပ်ဦး CNF တို့ကလည်း ရမခကို သိမ်းယူနိုင်တဲ့အပေါ် ဝမ်းသာဂုဏ်ယူကြောင်း ပူးတွဲထုတ်ပြန်ထားပါတယ်။

လားရှိုးတိုက်ပွဲမှာ အရပ်သားပြည်သူ ရာနဲ့ချီသေဆုံးတယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဩဂုတ်လ ၅ရက်မှာတော့ ကျောက်မဲမြို့က အမှတ် (၁) စစ်ဆင်ကွပ်ကဲမှုဌာနချုပ်၊ ခမရ အမှတ် ၅၀၁နဲ့ ၅၀၂ တပ်ရင်းတွေကို တအာင်းတပ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းယူပြီး မြို့ကို သိမ်းယူလိုက်တယ်လို့ ဆိုပါတယ်။ ကျောက်မဲကို သိမ်းယူတာနဲ့ ပတ်သက်လို့ TNLA က ဩဂုတ်လ ၁၀ရက် မွန်းလွဲပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။

ဩဂုတ်လ ၁၀ ရက်မှာတော့ ကျောက်မဲနဲ့ လားရှိုးကြားမှာ တည်ရှိတဲ့ သီပေါမြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

……………………………………..

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ရုရှားကို စစ်ကူတောင်း

စစ်ကောင်စီကို စစ်ရေးအရအကူအညီပေးဖို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ရုရှားကို လူသိရှင်ကြား တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတစ်ဝန်း စစ်ရှုံးနေပြီး လားရှိုးမှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရချိန်မှာ အခုလိုတောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို အကြမ်းဖက်မှုအဖြစ်သတ်မှတ်ပေးဖို့၊ ရုရှား လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံက အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပါဝင်ပေးဖို့ ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာနနဲ့ အင်တာဗျူးမှာ ဦးခင်ရီက ပြောဆိုလိုက်တာပါ။

ဦးခင်ရီဟာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ရဲချုပ်အဖြစ်တာဝန်ယူခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ လဝက ဝန်ကြီးတာဝန်ယူခဲ့သူဖြစ်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်မှာတော့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

……………………………………..

လူငယ်တွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ တင်းကျပ်

Airport staffs wearing face masks, amid concerns of the COVID-19 coronavirus, walking through departure area at Yangon international airport in Yangon on March 18, 2020. (Photo by Shwe Paw Mya Tin/NurPhoto via Getty Images)

စစ်မှုထမ်းအသက်အရွယ်ရှိတဲ့ လူငယ်တွေ ပြည်ပထွက်ခွာတာကို စစ်ကောင်စီက ပိုမိုတင်းကျပ်လာပါတယ်။

ရန်ကုန်လေဆိပ်ကနေ ပြည်ပကို ထွက်ခွာရာမှာ ထွက်ခွာခွင့်မပြုဘဲ ပြန်လွှတ်တာတွေ ကြုံနေရတယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ အရင်က အလုပ်အကိုင်အမျိုးအစား ပတ်စ်ပို့ PJ ကို စစ်ဆေးတင်းကျပ်ရာကနေ အခုဆိုရင် အလည်အပတ်အမျိုးအစားပတ်စ်ပို့ PV ကိုင်ဆောင်သူတွေကိုပါ စစ်ဆေးတင်းကျပ်လာတာပါ။

PV ကိုင်ဆောင်သူတွေဟာ အမှန်တကယ် အလည်အပတ်သွားတာ ဟုတ်မဟုတ် အထောက်အထားတွေ သေချာစိစစ်ပြီး မပြည့်စုံရင်၊ ဒါမှမဟုတ် အလုပ်လုပ်ဖို့ သွားတာလို့ သံသယရှိရင် ထွက်ခွာခွင့်မပြုဘူးလို့ ဆိုပါတယ်။ အလုပ်အကိုင် ပတ်စ်ပို့ PJ နဲ့ ထွက်မယ်ဆိုရင်လည်း ပြည်ပထွက်ခွင့်ကတ် OWIC ကတ်ကို စစ်ဆေးပါတယ်။

ပြည်ပကနေ ခေတ္တအလည်ပြန်လာပြီး ပြန်ထွက်သူတွေဆိုရင် ဘဏ်စနစ်နဲ့ လစာ ၂၅ ရာခိုင်နှုန်း လွှဲပေးထားကြောင်း အထောက်အထားပြနိုင်မှ OWIC ကတ် ရမှာဖြစ်တာကြောင့် ပြည်ပကို ပြန်ထွက်လို့ မရတာမျိုးတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းအသက်အရွယ်ရှိတဲ့ လူငယ်တွေ PJ ပတ်စ်ပို့ နဲ့ ပြည်ပထွက်ခွင့်ကို ကန့်သတ်လာပြီးနောက်မှာ PV ပတ်စ်ပို့ ပြောင်းလဲ လုပ်ကိုင်လာကြပြီး အခုအချိန်မှာတော့ PV ပတ်စ်ပို့တွေကိုပါ စစ်ကောင်စီက တင်းကျပ်လာတာပါ။

……………………………………..

ပြင်ဦးလွင်ဒေသခံတချို့ မြို့ကိုစွန့်ခွာ

စစ်တက္ကသိုလ်တည်ရှိတဲ့ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်က ခံစစ်ပြင်နေပြီး မြို့ခံတချို့ဟာလည်း မြို့ကိုစွန့်ခွာတိမ်းရှောင်နေကြပါတယ်။

လားရှိုး ရမခ သိမ်းယူခံရပြီးနောက်မှာ ပြင်ဦးလွင်မြို့ကိုလည်း တိုက်ခိုက်မယ့် သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် မြို့ခံတွေဟာ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့တွေကို တိမ်းရှောင်လာကြတာပါ။ တပ်မိသားစုတွေလည်း ပြောင်းရွှေ့ကြတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

မန္တလေးတိုင်းက မိုးကုတ်နဲ့ စဉ့်ကူးမြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းယူထားပြီး မတ္တရာ၊ သပိတ်ကျင်း၊ နွားထိုးကြီး မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးနန်းတွင်း မှာ ခံစစ်ပြင်နေတဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း အခုသီတင်းပတ်အတွင်း ထွက်ပေါ်လာပါတယ်။

……………………………………..