BREAKING
February 25, 2025

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

August 11, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၅ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ

ဟာဝိုင်အီ တောမီးလောင်မှုကြောင့် အနည်းဆုံး ၅၃ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် မော်ဝီကမ်းရိုးတမ်းမြို့ တောမီးလောင်မှုကြောင့် အနည်းဆုံး ၅၃ ဦးသေဆုံးခဲ့ပါတယ်။

လူပေါင်း ၁၀၀၀ ကျော်လည်း ပျောက်ဆုံးနေဆဲပါ။

ဒေသခံတွေနဲ့ ခရီးသွားတွေက မီးတောက်တွေကနေ လွတ်ဖို့အတွက် ပင်လယ်ထဲ ခုန်ဆင်းခဲ့ကြရပါတယ်။

ဩဂုတ်လ ၈ ရက်နေ့ကနေ စပြီးလောင်ခဲ့တဲ့ တောမီးဟာ အိမ်ပေါင်း ၁၀၀၀ ကျော်ကို လောင်ကျွမ်းခဲ့တာပါ။

တောမီးကြောင့် လူနေအိမ်တွေ ဈေးဆိုင်ခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဟာဝိုင်အီအရေးပေါ်စီမံခန့်ခွဲမှုဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။

ရာသီဥတု ပူပြင်းခြောက်သွေ့မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဟာဝိုင်အီကျွန်းက နေရာတော်တော်များများမှာ တောမီးအန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ရပါတယ်။

Ref: AP

………………………………..

အာဏာသိမ်း နိုင်ဂျာစစ်တပ်က အစိုးရသစ်ဖွဲ့စည်း

နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အစိုးရသစ်တစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း ဩဂုတ်လ ၁၀ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဝန်ကြီးအဖွဲ့ဝင် ၂၁ ဦး ပါဝင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ ကြေညာခဲ့တာပါ။

စစ်ခေါင်းဆောင်တွေထဲက ၃ ဦးကတော့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ အားကစား ဝန်ကြီးဌာနတွေကို တာဝန်ယူခဲ့ကြပါတယ်။

ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတ Mohamed Bazoum ကို အာဏာပြန်အပ်ပေးဖို့၊ မဟုတ်ရင် အင်အားသုံး ဖြေရှင်းသွားမယ်လို့ အနောက်အာဖရိက စီးပွားရေးအဖွဲ့အစည်း (ECOWAS) က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်တပ်ကတော့ သံတမန်ရေးအရ ဖြေရှင်းဖို့ ကမ်းလှမ်းချက်တွေအားလုံးကို ပယ်ချထားပါတယ်။

Ref: Aljazeera

………………………………..

တရုတ် ပေကျင်းမြို့တော်မှာ ရေဘေးကြောင့် လူ ၃၀ ကျော်သေဆုံး

တိုင်ဖွန်း Doksuri ရဲ့ နောက်ဆက်တွဲအဖြစ် တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ ရေဘေးသင့်ခဲ့လို့ လူ ၃၃ ဦး သေဆုံးခဲ့ပါတယ်။

ပေကျင်းမှာ ဆယ်စုနှစ်တွေထဲ အပြင်းထန်ဆုံး မိုးရွာသွန်းမှုတွေနဲ့ ကြုံခဲ့ရတာပါ။

ရေဘေးကြောင့် လူ ၁၈ ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ဩဂုတ်လ ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၃ သိန်း ၁ သောင်းကျော် ရေဘေးသင့်ခဲ့တာပါ။

အိမ်ခြေ ၆ သောင်း နီးပါး ပြိုကျခဲ့ပြီး ၁ သိန်းခွဲကျော် ပျက်စီးခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ရေဘေးအတွက် အရေးပေါ်အကူအညီအနေနဲ့ တရုတ်ယွမ်ငွေ ၁ ဘီလီယံ သုံးစွဲသွားမယ်လို့ တရုတ်ဘဏ္ဍာရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

………………………………..

အိုင်ယာလန် အဆိုတော် Sinéad O’Connor ၏ ဈာပနာကျင်းပ

ကွယ်လွန်သူ အိုင်ယာလန် အဆိုတော် ရှင်နိတ် အိုကော်နာ (Sinéad O’Connor) ရဲ့ဈာပနကို ဩဂုတ်လ ၈ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

သူမရဲ့ နောက်ဆုံးခရီးကို မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပရိသတ်တွေကနေ လိုက်ပါပို့ဆောင်ခဲ့ကြတာပါ။

သူမဟာ အသက် ၅၆ နှစ်အရွယ် ဇူလိုင်လ ၂၆ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ အကောင်းဆုံးတေး တစ်ပုဒ်ဖြစ်တဲ့ “Nothing Compares 2 U” သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တာဖြစ်ပါတယ်။

သူမဟာ ကိုယ်ပိုင်ထင်မြင် ယူဆချက်ကို ပြောတတ်ပြီး ဆံပင်ကို ကတုံးတုံးထားလေ့ရှိကာ နာကျင်ခံစားရတဲ့ စာသားတွေနဲ့ သီချင်းကို သီဆိုတတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။

ပရိတ်သတ်တွေကတော့ သူမရဲ့သီချင်းတွေအတွက် ကျေးဇူးတင်စကားတွေ ဆိုခဲ့ကြပါတယ်။

Ref: BBC

………………………………..

AI အန္တရာယ် ပုပ်ရဟန်းမင်းကြီး သတိပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က Artificial Intelligence လို့ ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာရဲ့ အန္တရာယ်တွေနဲ့ ပက်သက်လို့ သတိပေးလိုက်ပါတယ်။

ခေတ်နည်းပညာသစ်ကို အဖျက်သဘောအနေနဲ့ အသုံးပြုနိုင်ခြေတွေ သက်ရောက်မှုတွေကို သတိပြုကြဖို့ ဩဂုတ်လ ၈ ရက်နေ့က သတိပေးလိုက်တာပါ။

လူသားတွေအပေါ် ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ ကမ္ဘာကြီးကို အကာအကွယ်ပေးနိုင်ရေးအတွက် ဉာဏ်ရည်တုနည်းပညာကို လမ်းကြောင်းမှန်မှန်အသုံးပြုဖို့ တာဝန်ရှိရှိလုပ်ဆောင်ကြဖို့ သတိပေးခဲ့ပါတယ်။

ပညာရေးနဲ့ ဥပဒေနယ်ပယ်အထိ ကျင့်ဝတ်ဆိုင်ရာ ထင်မြင်ယူဆချက်တွေကို ချဲ့ထွင်ပြီး ပြန်လည်သုံးသပ်ကြဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: CNN

………………………………..

ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဟွန်ဆန်က သားဖြစ်သူ ဟွန်မနက်ကို အာဏာလွှဲပေး

နှစ် ၄၀ နီးပါးအာဏာဆုပ်ကိုင်လာတဲ့ ဟွန်ဆန်က သားဖြစ်သူ ဟွန်မနက်ကို ဝန်ကြီးချုပ်နေရာ တင်သွင်းထားတဲ့အပေါ် ဘုရင်က အတည်ပြုပေးခဲ့ပါတယ်။

သားဖြစ်သူကို အာဏာလွှဲပေးလိုက်ခြင်းက ဟွန်ဆန် ကမ္ဘောဒီးယားကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်လာတာကို ရပ်တန့်စေမှာပါ။

ဒါပေမဲ့လည်း ဆွေစဉ်မျိုးဆက် အာဏာလွှဲပေးတာကိုတော့ အတိုက်အခံတွေက ဝေဖန်ထားပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ဟွန်မနက်က ဟွန်ဆန်ရဲ့ သားအကြီးဆုံးပါ။

သူက အမေရိကန်စစ်တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားပြီး အမေရိကန်၊ ဗြိတိန်ကနေ အဆင့်မြင့်ပညာသင်ယူထားခဲ့တဲ့ သူဖြစ်ပါတယ်။

Ref: CNA

………………………………..

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan ကို နိုင်ငံတော်ပိုင် လက်ဆောင်ပစ္စည်းတွေကို တရားမဝင် ရောင်းစားတယ်ဆိုတဲ့ အမှုအတွက် ပြည်ထောင်စု တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။

သူ့ကို ဩဂုတ်လ ၅ ရက်နေ့က ချမှတ်ခဲ့တာဖြစ်ပြီး ရဲက ချက်ချင်းဖမ်းဆီးလိုက်တာပါ။

သူက အဖမ်းမခံရခင် ဗီဒီယိုမိန့်ခွန်းကနေ ပြည်သူတွေကို ကိုယ့်အခွင့်အရေးကို ဆက်လက်တောင်းဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မတရားအုပ်ချုပ်နေတာကို အိမ်မှာနေပြီး ငြိမ်ခံမနေကြပါနဲ့လို့ လားဟိုးမြို့က သူ့ရဲ့နေအိမ်ကနေ အဖမ်းမခံရခင်လေးမှာ မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ပါတီကတော့ ဒီဆုံးဖြတ်ချက်အပေါ် ဗဟိုတရားရုံးချုပ်မှာ ချက်ခြင်း အယူခံဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: The Guardian

………………………………..

ဂျပန်ဝင်နေတဲ့ တိုင်ဖွန်းမုန်တိုင်း တောင်ကိုးရီးယားဆီဦးတည်လာ

ဂျပန်နိုင်ငံတောင်ပိုင်းမှာ Khanun တိုင်ဖုန်းမုန်တိုင်းကြောင့် မိုးကြီး လေပြင်းကျရောက်နေပြီး ကျူးရှုးကျွန်းကို ဖြတ်ကျော်ကာ တောင်ကိုရီးယားဘက်ဆီ ဦးတည်လာခဲ့ပါတယ်။

မုန်တိုင်းကြောင့် တောင်ကိုးရီးယားနိုင်ငံတဝန်း လေကြောင်းခရီးစဉ်တွေ ၊ ရထားပြေးဆွဲမှုတွေ ရပ်နားထားရပြီး ထောင်နဲ့ချီတဲ့ နေအိမ်တွေမှာ လျှပ်စစ်မီးပြတ်တောက်လျက် ရှိပါတယ်။

တောင်ကိုရီးယားမှာတော့ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပြီး ရေကြီးမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပါတယ်။

လူပေါင်း ၁၄၀၀၀ ကျော်ကိုလည်း နေရာရွှေ့ပြောင်းပေးထားရပါတယ်။

မုန်တိုင်းလမ်းကြောင်းက ဂျပန်နိုင်ငံ နာဂါဆာကီမြို့မှာ အဏုမြူဗုံးဒဏ်ခံရတဲ့ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်မယ့် ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

Ref: The Newyork Time

………………………………..

အမျိုးသမီးကမ္ဘာ့ဖလား ကွာတားဖိုင်နယ် စပိန်နှင့် ဆွီဒင် အနိုင်ရ

အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေ ဩဂုတ်လ ၁၁ ရက်နေ့တွင် စတင်ကစားကြရာ စပိန်နဲ့ ဆွီဒင်တို့ အသီးအသီးအနိုင်ရရှိခဲ့ပါတယ်။

စပိန်က နယ်သာလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဆွီဒင်က ဂျပန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ပဲ အနိုင်ရရှိခဲ့တာပါ။

ဩဂုတ်လ ၁၂ ရက်နေ့မှာနော့ အိမ်ရှင် သြစတြေးလျနဲ့ ပြင်သစ်၊ အင်္ဂလန်နဲ့ ကိုလံဘီယာတို့ ကွာတားဖိုင်နယ်ပွဲစဉ်တွေ ဆက်ကစားကြမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၅ နဲ့ ၁၆ ရက်တွေမှာ ဆီမီးဖိုင်နယ်နှစ်ပွဲ ကစားကြမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ သြစတြေးလျနိုင်ငံမှာ သြဂုတ်လ ၂၀ ရက်နေ့ ကစားကြမှာ ဖြစ်ပါတယ်။

Ref: The Guardian

………………………………..

အမျိုးသမီးဒါရိုက်တာ ရိုက်ကူးခဲ့တဲ့ Barbie ရုပ်ရှင် ဝင်ငွေ ၁ ဘီလီယံရှိလာ

အမျိုးသမီးဒါရိုက်တာရိုက်ကူးထားတဲ့ Barbie ဇာတ်ကားက Box Office မှာ ဒေါ်လာ ၁ ဘီလီယံ ကျော်သွားခဲ့ပါတယ်။

ဒါကြောင့် အမျိုးသမီးဒါရိုက်တာ ဂရီတာ ဂါဝစ်ဂျ် (Greta Gerwig) ဟာ ရုံတင်ငွေ ဒေါ်လာ ၁ ဘီလီယံ ရောက်ရှိနိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။

ဒေါ်လာ ၁ ဘီလီယံကျော်တဲ့ ကားတွေထဲမှာ အမျိုးသမီးတွေ တွဲဖက်ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲ့တဲ့ Frozen နဲ့ Frozen 2၊ Captain Marvel ရုပ်ရှင်တွေလည်း ရှိခဲ့ပါတယ်။

Mattel ကုမ္ပဏီရဲ့ Barbie ရုပ်တွေအကြောင်း အခြေခံထားရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားမှာ Margot Robbie နဲ့ Ryan Gosling တို့အပြင် သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

Ref: CNBC

………………………………..