အလျော်အစား
အိုက်စလန်ရိုးရာပုံပြင်တစ်ပုဒ်မှာ နေဝင် မိုးချုပ်အလုပ်လုပ်ရလို့ ပင်ပန်းနေတဲ့လူတစ်ယောက်ဟာ နတ်ဆိုးနဲ့အပေးအယူလုပ်ကြသတဲ့။ တစ်လစာအလုပ်ကို တစ်မနက်တည်း နတ်ဆိုးက တစ်နွေလုံးလုပ်ပေးသွားမယ်။ နတ်ဆိုးကို ဘာပြန်ပေးရမယ်ဆိုတာကိုတော့ နွေအကုန်အလုပ်ပြီးမှ ပြောမယ်လို့ နတ်ဆိုးကဆိုသတဲ့။ ဒီလူကလည်း ဒါကို သဘောတူလိုက်တယ်။ အလုပ်ပြီးသွားတဲ့ နွေအကုန်မှာ နတ်ဆိုးက အလျော်အစားလာတောင်းတယ်။ သူတောင်းတာက ဒီလူက မွေးထားတဲ့ ကလေးကိုပဲ။ ကြီးပွားဖို့၊ သက်သာဖို့ ရည်ရွယ်တဲ့လူသားမှာ အခက်ကြုံရပြီပေါ့။
ဒီနေ့ခေတ်လူသားရဲ့ အကျပ်အတည်းကို ဒီပုံပြင်နဲ့ ဥပမာ ပေးလို့ရတယ်လို့ ဆိုရပါလိမ့် မယ်။ ၂၀ ရာစုလူသားဟာ နည်းပညာ (Technology) နဲ့ ဓနငွေကြေး (Financial) ကို စေစားပြီး ကြီးပွားတိုးတက်မှု၊ သက်သာ လွယ်ကူမှုရသင့် သလောက်ရခဲ့တယ်။ ၂၁ ရာစုမှာတော့ အဲဒီအတွက် အလျော်တောင်းခံနေရပြီ။ ပေးရမှာက ကလေးတွေရဲ့ အနာဂတ်ဖြစ်နေတယ်။
စီးပွားရေး ကြီးထွားဖို့ သက်သာလွယ်ကူဖို့ စတဲ့အကြောင်း ပေါင်းစုံနဲ့ လူသားရဲ့သုံးစွဲမှုကို ကြည့်လိုက်ပါ။ ဒီနေ့ကမ္ဘာဟာ နေ့စဉ်ရေနံစိမ်းပီပါ အလုံးသန်း ၁၀ဝ ကို သုံးစွဲနေတယ်။ အတိအကျပြောရရင် ၂၀၁၉ မှာ နေ့စဉ် ပျမ်းမျှသန်း ၁၀ဝ ဒသမ ၁ (၁၀ဝ.၁)ရှိပါတယ်။ ဒီကိန်းဂဏန်းကို ခင်ဗျားမြင်ယောင်ဖို့ ခက်နေပါလိမ့်မယ်။ နေ့စဉ် မြစ်ကြီးတစ်စင်းထဲကို ရေနံစည်သန်းတစ်ရာ သွန်ချနေတယ်လို့ တွေးကြည့်လိုက်စမ်းပါ။ သွန်ချလိုက်တဲ့ ဒီရေနံစိမ်းပီပါသန်းတစ်ရာနဲ့ ကျောက်မီးသွေးစတဲ့ ရုပ်ကြွင်းလောင်စာတွေဟာ ကာဗွန်တွေအဖြစ်နဲ့ လေထုထဲရောက်သွားမှာပါ။
လေထုထဲရောက်သွားတဲ့ ကာဗွန်တွေဟာ နှစ်ရာနဲ့ချီပြီး မပျက်ပြယ်ပါဘူး။ ဒီနေ့ကာဗွန် ထုတ်လွှတ်မှုသုညဖြစ်အောင် လုပ်လိုက်တယ်ဆိုရင်တောင် ကမ္ဘာကြီးပူနွေးလာမှုက ကာလတစ်ရပ်အထိ ဆက်ဖြစ်နေမှာပါ။
သက်သာလွယ်ကူဖို့ နည်းပညာကို သုံးကြတယ်။ နည်းပညာကို စွမ်းအင်နဲ့မောင်းနှင်ကြ ရတယ်။ သုံးကြတဲ့ စွမ်းအင်က ဥတုရာသီပြောင်းလဲမှုကို ဖြစ်စေမယ့် ရုပ်ကြွင်းလောင်စာတွေ။ ဘေးကင်းတဲ့စွမ်းအင်ပြောင်းသုံးဖို့ (Energy Transition) ကို ဘယ်သူမှ မလုပ်ကြ၊ သက်သာလွယ်ကူမှုကိုလည်း မစွန့်လွှတ်နိုင်ဖြစ်ကြတဲ့ ကမ္ဘာကို မြင်နေကြ ရပါတယ်။
ခင်ဗျားပြောတဲ့ ဇိမ်ကျတာတို့၊ သက်သာတာတို့က ကျုပ်တို့နဲ့ လုံးလုံးမှ မဆိုင်ရပါလားဗျာလို့ ဆင်းရဲပင်ပန်းနေတဲ့ အောက်ခြေပြည်သူတွေက ပြောကြပါလိမ့်မယ်။ ဒါလည်းအမှန်ပါပဲ။ ပိုပူလာတဲ့ ကမ္ဘာထဲမှာ ဒီလူတွေကတော့ အပြင်ထွက်ပြီး အလုပ်လုပ် နေကြရဦးမှာ။ သူတို့ကိုကူညီမယ့် နည်းပညာလေးတော့ ကျုပ်တို့ မတောင့်တအပ်ဘူးလား။
အမေရိကန်သမုဒ္ဒရာနဲ့ လေထုစီမံကွပ်ကဲမှု အဖွဲ့ (NOAA) ကတော့ အပူချိန်မြင့်လာလို့ လက်ရှိ မှာ အိမ်ပြင်ပအလုပ်လုပ်နိုင်စွမ်းက ၁၀ ရာခိုင်နှုန်းအထိကျသွား ပြီလို့ဆိုပါတယ်။ ၂၀၅၀ အတွင်းမှာ နှစ်ဆတိုးလာဖို့လည်းရှိပါတယ်။ နည်းပညာကို ဘယ်လို စဉ်းစားကြမလဲ။
အိုက်စလန်နိုင်ငံဟာ ညအခါ ဥတ္တရအလင်း တန်းတွေနဲ့ သိပ်လှတဲ့တိုင်းပြည်ပါ။ သူတို့ဆီမှာ “လျှပ်စစ်မီးပိတ်၊ ကြယ်မီးအိမ်ဖွင့်” (Lights-off/ Starson) ဆိုတဲ့ ပွဲလေးလုပ်လေ့ရှိတယ်။ မြို့ကို အမှောင်ချလိုက်ပြီး မြို့သူမြို့သားတွေ အမှောင်ထဲမှာ စုရုံးကြ၊ ပျော်ရွှင်ကြ၊ သဘာဝညကို ထိတွေ့ ကြည့်ကြတဲ့အစီအစဉ်ပါ။
အမှောင်ချလိုက်ရင် လူတွေအန္တရာယ်ဖြစ်နိုင်တာမို့ မလုပ်စေချင် တဲ့လူတွေရှိပါတယ်။ ဒါပေမဲ့ စဉ်းစားကြတာက အိုက်စလန်လို မီးတောင်တွေအများကြီးနဲ့ နိုင်ငံ၊ ရာသီဥတုပြင်းတဲ့နိုင်ငံမှာ လျှပ်စစ်မီးတွေ အချိန်မရွေးပြတ် တောက်သွားနိုင်တယ်။ အဲဒီလို အချိန်မျိုးမှာဆိုရင် ဘယ်လိုနေမလဲလို့ သိသင့်ကြတာပေါ့။
ဒါပေမဲ့ ဒါက ဒုတိယရည်မှန်းချက်ပါ။ အဓိက ဦးတည်ချက်ကတော့ လူနဲ့သဘာဝကို၊ အထူးသဖြင့် ကလေးလူငယ်တွေနဲ့ သဘာဝကို ပြန်ဆက်စပ်မိစေ ချင်တာပါ။ နီယွန်မီးရောင်တပြောင်ပြောင်ထဲ ကြီးလာတဲ့ ကလေးတွေသဘာဝ နဲ့အဆက်ပြတ်ကြ တယ်။ သဘာဝကပေးတဲ့ စိတ်ကူးဉာဏ်အမြင်ကို မခံယူတတ်ကြတော့ဘူးလို့ စီစဉ်သူတွေက တွေးကြတာပါ။
ဒီအကြောင်းကို ဖတ်ရတော့ ဟိုတုန်းက မြစ်ဝကျွန်းပေါ်မြစ် ချောင်းတွေမှာ ကြယ်ကိုကြည့်ပြီး အလုပ်လုပ်ကြတဲ့ တံငါသည်တွေကိုတောင် သတိရမိတယ်။ ဟိုတုန်းက လူတွေဟာသဘာဝကို အလေးအမြတ်ထားပါတယ်။ သဘာဝမှာ ကိုယ်မသိတာတွေရှိတယ်လို့ နှိမ့်နှိမ့်ချချနဲ့ ခံယူပါတယ်။
ဒါပေမဲ့ စက်မှုတော်လှန်ရေးစပြီး တာလွှတ်တဲ့ ၁၈ ရာစုကစပြီး အခြေအနေပြောင်းသွားပါတော့တယ်။ နည်းပညာအားကိုးနဲ့ လူဟာ သိစရာမှန်သမျှ သိပြီလို့ အထင်ရောက်လာပါတယ်။ သဘာဝအောက်မှာ နေစရာမလိုတော့ဘူး။ သဘာဝကို စိုးမိုးလို့ရ ပြီလို့လည်း တွေးပါတယ်။
စိုးမိုးလိုက် မယ်ဆိုတဲ့ အယူဝါဒ (Ideology)နဲ့ နည်းပညာ (Technology) ပေါင်းသွားခဲ့တာပဲလို့ သုံးသပ်ကြပါတယ်။
သိကြတဲ့အတိုင်း စက်မှုတော်လှန်ရေးကစတဲ့ နည်းပညာ ဆိုတာကလည်း ရုပ်ကြွင်းလောင်စာနဲ့ မောင်းနှင်ထားတာပါ။ အားလုံးသိတယ်၊ တတ်တယ်လို့ ထင်ကြတဲ့ ကျုပ်တို့ဟာ ရုပ်ကြွင်းလောင်စာကြောင့် လေထုထဲ ရောက်သွားတဲ့ ကာဗွန်တွေရဲ့ တုံ့ပြန်မှုက နောက်ကျတုံ့ပြန်မှု (Delayed response) ဖြစ်နေတာကို သတိ မထားမိကြဘူး။ အကျိုးရလဒ်ကို ချက်ချင်းမြင်ရတဲ့ကိစ္စ မဟုတ်ဘူးလို့ ဆိုလိုတာပါ။
ခုတော့ ကျုပ်တို့သိပြီ။ လေထုထဲ ရောက်သွားတဲ့ ကာဗွန်ဟာ နှစ်တစ်ရာအထိ ပျောက်မသွားဘူး။ တဖြည်းဖြည်းစုစည်းများပြားလာတဲ့အခါ ကမ္ဘာကို ပူနွေးလာစေပြီး ဥတုကို ဖောက်ပြန်စေတယ်။
စက်မှုတော်လှန်ရေးအစမှာ ဂျိမ်းဝပ် (James Watt)ရဲ့ ရေနွေးငွေ့စက်ခေါင်းအင်ဂျင်ကို စီးပွားဖြစ်ထုတ်လုပ်ကြတော့ ကြော်ငြာစာသားက ဒီလိုပါ။ “နောက်ဆုံးတော့ ကျုပ်တို့လွတ်လပ်ပြီ။ ဘယ်နေရာသွားချင်သွားချင်သွားလို့ရပြီ။ ဘယ်အချိန် မဆိုဘယ်နေရာမဆို တည်ဆောက်ချင်တာ တည်ဆောက်လို့ရပြီ”။
တစ်နည်းအားဖြင့် ဒီကမ္ဘာမှာ ကျုပ်တို့က ဗိုလ်ပဲလို့ ကြွေးကြော်တဲ့ ကြော်ငြာပါ။ လူလူချင်းစိုးမိုးမယ်။ သဘာဝကို စိုးမိုးမယ်ဆိုတဲ့ အယူဝါဒနဲ့ နည်းပညာဟာ ကိုလိုနီစနစ်ကို ဖြစ်စေခဲ့တယ်။ ခေတ်သစ်ကမ္ဘာကြီးကို ဖြစ်စေခဲ့တယ်။
၂၀၁၅ မေလတုန်းက ချစ်စရာကောင်းတဲ့ ချိုနှစ်ချောင်းပါ ဆိုင်ဂါသမင် (Saiga) တွေ အစုအပြုံ လိုက်သေကြတယ်။ ကြယ်တာရာစစ်ပွဲ (StarWars) ရုပ်ရှင်ထဲမှာပါတဲ့ ဒီအကောင်လေးတွေကို တချို့လည်း ရင်းနှီးနေလိမ့်မယ်။ အလယ်အာရှဇာတိဒီ သတ္တဝါတွေ သေကြပုံက တစ်ကမ္ဘာလုံးရှိသမျှ အရေအတွက်ရဲ့ သုံးပုံနှစ်ပုံလောက်ရက်ပိုင်းအတွင်း သေကြတာမျိုးပါ။
သူတို့နေထိုင်တဲ့ နေရာတွေမှာ ရာနဲ့ချီပြီး ပြန့်ကျဲသေဆုံးနေကြတာတွေ့ကြရတယ်။ အကြီးစားသေဆုံးမှု (Mega Death)ဆိုတဲ့ စာရင်းထဲကို ထည့်ကြရတယ်။
ဘာကြောင့် ဖြစ်ရတာပါလိမ့်လို့ အကြောင်းရင်းကို သူတို့ကိုယ်ထဲမှာ၊ နေထိုင်ရာဝန်းကျင်၊ ရေမြေသစ်ပင် ထိစပ်သမျှမှာ ပညာရှင်တွေလည်း မြေလှန် အဖြေရှာကြတယ်။ တရားခံက ရိုးရိုး ဘက်တီးရီးယားတစ်မျိုးပဲ။ တကယ်တော့ ပက်စကျူရီလာမယ် တိုဆီဒါ (Pasteurellamul todocita) လို့ခေါ်တဲ့ အဲဒီဘက်တီး ရီးယားဟာ ဆိုင်ဂါသမင်ရဲ့ အာခေါင်မှာပဲ နေတာပါ။ အရင်မျိုးဆက်ပေါင်းများစွာ ဘက်တီးရီးယားဟာ သူတို့ကို ဘာအန္တရာယ်မှ မပေးဘူး။ ခုတော့ အဲဒီဘက်တီးရီးယားဟာ ရုတ်တရက်ပွားလာပြီး သွေးကြောထဲဝင်သွားတယ်။ အဲဒီကနေ သမင်ရဲ့အသည်း၊ ကျောက်ကပ်နဲ့ သရက်ရွက်ကို တိုက်ခိုက်တယ်။ ဘာကြောင့် လဲလို့ ဆက်အဖြေရှာရပြီပေါ့။
ဆိုင်ဂါတွေသေတဲ့ ၂၀၁၅ မေလဟာ အဲဒီ ဒေသမှာ အပူချိန် ပြင်းထန်ပြီး စွတ်စိုမှုအလွန်မြင့် နေတဲ့ကာလပါ။ မှတ်တမ်းစရှိတဲ့ ၁၉၄၈ ကနေ တွက်ရင် အပူဆုံးအချိန်ပါ။ အပူချိန်မြင့်ခဲ့တဲ့ ၁၉၈၁ နဲ့ ၁၉၈၈ တုန်းကလည်း အသေအပျောက် တွေရှိခဲ့ပါတယ်။
ခုကတော့ အများဆုံးပါ။ အပူချိန်မြင့်လာတဲ့အခါ အရင်က ဒုက္ခမပေးတဲ့ ခန္ဓာကိုယ်ထဲက ပိုးမွှားဘက်တီးရီးယားတွေဟာ ပြောင်းလဲလာပြီး ဒုက္ခပေးတဲ့သဘောပါ။ ရုပ်ကြွင်း လောင်စာကို မီးရှို့ပြီး နည်းပညာရထားကြီးကို စီးလာလိုက်ကြတာ လမ်းဘေးဝဲယာသတ္တဝါတွေ မဟာသေခြင်းနဲ့ ကြုံတွေ့နေရပါပကောလား။
သတင်းဆိုးက ကျုပ်တို့ လူ့ခန္ဓာကိုယ်ထဲမှာလည်း ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်များစွာရှိပါတယ်။ အများစုက လူကို ဒုက္ခမပေးပါဘူး။ လူ့ခန္ဓာ ကိုယ်ထဲမှာရှိတဲ့ ဘက်တီးရီးယား ၉၉ ရာခိုင်နှုန်းကျော်ကို သိပ္ပံကခုထိ မသိနေသေးပါဘူး။ အပူချိန်ပြင်းလာရင် သူတို့ဘယ်လိုပြောင်းလာနိုင်သလဲလို့ ကျုပ်တို့ မသိပါဘူး။
ကျုပ်တို့ အစာခြေစနစ်ကို ကူညီတာကအစ၊ စိတ်သောက (Anxiety) ကို ထိန်းပေးတာအဆုံးကို လုပ်ပေးနေတဲ့ ကျုပ်တို့ ခန္ဓာကိုယ်ထဲက မမြင်ရတဲ့ပိုးမွှားလုပ်သားတွေအပူချိန် အမြင့်မှာ ဘယ်လိုပြောင်းလဲနိုင်လဲ မသိပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည်ကျသွားနိုင်တယ်။ သူတို့ သေသွားနိုင်တယ်။ အမူအကျင့် ပြောင်းသွားနိုင်တယ်လို့ ပူပန်စရာရှိပါတယ်။ နည်းပညာ၊ လောင်စာ၊ စွမ်းအင်၊ စီးပွားရေးစနစ်၊ သဘာဝ၀န်းကျင်၊ ဥတုရာသီဘေး အလျော်အစားတွေက အနာဂတ်မှာ ဘယ်လောက်ကြီးမှာ ပါလိမ့်။
နည်းပညာနဲ့ အမြတ်ပဓာန စီးပွားရေးစနစ်က အလွန်အကျွံ ဝယ်ယူသုံးစွဲတဲ့ဓလေ့ (Consumerism)ကို ဖန်တီးပေးတယ်။ ခေတ်သစ်ကမ္ဘာရဲ့ နည်းပညာကြားမှာနေတဲ့ လူဟာ သဘာဝနဲ့ အဆက်ပြတ်ပါတယ်။ လူမှုအသိုက်အဝန်းနဲ့ အဆက်ပြတ်တယ်။ လူလူချင်း အဆက် ပြတ်တယ်။ အဲဒီလို အထီးကျန်အဆက်ပြတ်လို့ လစ်ဟာနေတာကို ဖြည့်ဖို့ ဝယ်ယူသုံးစွဲမှုကို အားကိုးတယ်။
လူရဲ့ အဆက်ပြတ်မှုဟာ ကုန်စည်ပစ္စည်း (နောက်ကွယ်က စွမ်းအင်ကို ပိုပိုမှီခိုလာရအောင် တွန်းပို့တယ်။ ဆေးစွဲသလိုကို ဖြစ်လာတယ်။ ကပ်ဘေးတွေ ကြုံရတော့မှ ကိုယ့်ဟာကိုယ်ဖူလုံအောင် မစွမ်းဆောင် နိုင်ပါလား။ အသက်ရှင်ဖို့ ကျွမ်းကျင်မှုတွေ မရှိပါလား။ လူနဲ့သဘာဝကြား အဆက် တွေ ပြတ်နေပါလားလို့ ဖြစ်ကြတယ်။ ဘေးဒုက္ခမကြုံခင်မှာ အဆက်အစပ်တွေကို မြင်ဖို့ကျုပ်တို့လုပ်ကြရပါမယ်။
ကျုပ်တို့ ဒီလိုတွေပြောနေသော်လည်း လက်ရှိကမ္ဘာကတော့ ဓနအားကိုး၊ နည်းပညာအားကိုးနဲ့ ငါ့တော့ မထိနိုင် ပါဘူးဆိုတဲ့ အမြင်ကြီးစိုးနေဆဲပါ။ ဆင်းရဲသားတွေအတွက် ဘဝသက်သာမှု နဲ့လျော်ကန်တဲ့ နည်းပညာစဉ်း စားပေး ဖို့နေနေသာသာ စတေးခံရတဲ့လူတွေတော့ ရှိမှာပေါ့ဆိုတဲ့ အမြင်ကျယ်ပြန့်နေ တုန်းပါ။
ဟောပြောပွဲတစ်ခုမှာ “လူနေလို့ မရတော့တဲ့ကမ္ဘာ” စာအုပ်ရေးသူ ဒေးဗစ်ဝဲလေ့စ် (David Wallace) ကို အမေရိကန် တစ်ယောက်က ဥတုဘေးအခြေအနေ ဘယ်လောက်ဆိုးနိုင်လဲလို့ မေးပါတယ်။ ဝဲလေ့စ်က ကမ္ဘာ့အပူချိန် ၂ ဒီဂရီအထိ မြင့်သွားရင် (ဒါကလည်း ဒီရာစုမှာဖြစ်လာမယ့် ကိစ္စပါ) ပိုဆိုးလာမယ့်လေထု ညစ်ညမ်းမှုတစ်ခုတည်းမှာကိုပဲ လူသန်း ၁၅၀ လောက်သေဖို့ရှိတယ်လို့ ရှင်းပြပါတယ်။
အမေရိကန်ကြီးက ထူးထူးဆန်း ဆန်းပြုံးပြီး “ဒါပေမဲ့ ကမ္ဘာမှာ လူရှစ်ဘီ လီယံရှိတာလေ”လို့ ကြားဖြတ် ပြောပါ တယ်။
ဝဲလေ့စ်က “မှန်ပါတယ်။ လူတွေ မျိုးတုံးသွားမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ တော်တော်ခက်ခဲ ကြမ်းတမ်းမှာပါ။ လူ့အဖွဲ့အစည်းတွေက ဘယ်လို တုံ့ပြန်မလဲလို့လည်း မသိနိုင်ဘူး။ လူသန်း ၁၅၀ ဆိုတာ နည်းတာမှမဟုတ်တာ” လို့ ထပ်ရှင်းပြပါတယ်။ အမေရိကန်ကြီးက “ဒါပေမဲ့ လူရှစ်ဘီလီ ယံရှိနေတာပဲ”လို့ ထပ်ပြောပြန်ပါတယ်။ ဒီလူပြောချင်တာ ကို ရိပ် စားမိကြပါတယ်။
အနာဂတ်မှာ လေထုညစ်ညမ်းမှုကြောင့် သေကြမှာက တရုတ်၊ အိန္ဒိယနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်လိမ့်မယ်။ သူတို့အတွက်တော့ ဆိုးလိမ့်မယ်။ ကျုပ်တို့အတွက်တော့ မဆိုးလောက်သေးဘူးလို့ ဆိုလိုချင်တာပါ။ အမေရိကန်တွေမှာ နည်းပညာ ရှိတယ်။ ငွေကြေးရှိတယ်။ ချမ်းသာတယ် ပေါ့။
“ဒီလူကတော့ အောင်ပွဲရတဲ့ပုံစံနဲ့ ထွက်သွားတယ်။ သူ့ကိုပြောခွင့်မရလိုက်တာက ၂၀၁၇ တစ်နှစ်တည်းမှာ လေထု ညစ်ညမ်းမှုကြောင့် အမေရိကန် ၁၉၇,ဝ၀ဝ သေတယ်ဆိုတာပါ” လို့ ဝဲလေ့စ်က ပြန်ရေးပြပါတယ်။
ခေတ်သစ်ကမ္ဘာမှာ လူဟာ အခြေခံအဆောက်အအုံကို မှီခိုနေကြတဲ့ မျိုးစိတ် (Infrastructure Species) ပါ။ မီး၊ ရေ၊ လမ်း အခြေခံအဆောက်အအုံစနစ်တွေ အများကြီးကို အားကိုးနေရတယ်။ နိုင်ငံရေးသမားတွေကလည်း လမ်း၊ တံတား၊ မီးစတဲ့ အခြေခံအဆောက်အအုံမရှိလို့ မတိုးတက်ဘူးလို့ တွင်တွင်ပြောနေတာ ခင်ဗျားကြားနေရမှာပါ။
ပြဿနာက လူဟာရုပ်ဝတ္ထုအခြေခံအဆောက်အအုံ တစ်ခုတည်း (Physicalinfrastructure)နဲ့ ချည်းနေလို့ရတဲ့သတ္တဝါ မဟုတ်ဘူးဗျ။ သဘာဝကလည်း ကျုပ်တို့ကို ထောက်ပံ့နေတဲ့ ဂေဟအခြေခံအဆောက်အအုံ (Natural Infrastructure) ပဲ။
ချစ်ခင်ကြည်ရွှင်ပြီး ကူညီတတ်တဲ့ ပြည်သူ့ အသိုက်အမြုံကလည်း လူမှုအခြေခံ အဆောက်အအုံ (Social Infrastructure)ပဲဗျ။ ဒီ သုံးခုစလုံးအဆင်ပြေမှ ကျုပ်တို့ ရပ်တည်နိုင်ကြမှာလေ။
ရုပ်ဝတ္ထုအခြေခံအဆောက်အအုံ တစ်ခုတည်းကိုသာသိတဲ့၊ ကြည့်တဲ့ အာဏာပိုင်တွေကြောင့် ကျန်တဲ့လူမှု ဘဝ၊ သဘာဝအဆောက်အအုံပျက်ယွင်းတာကို ဒီနိုင်ငံမှာ ကျုပ်တို့မြင်နေတယ်။ မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်နဲ့ ကျောမွဲ တွေအပေါ် ပိုပိလာတဲ့ ဝန်ထုပ်ဟာ လူမှုဘဝနဲ့ သဘာဝ ထောက်တိုင်နှစ်ချောင်း ကျိုးနေတဲ့ အခြေအနေတွေရဲ့ သက် ရောက်မှုအများကြီးပါတယ်။
ရန်ကုန်သူ၊ ရန်ကုန်သားတွေဟာ မြို့ကြီးရဲ့ လျှပ်စစ်မီးအခြေခံ အဆောက်အအုံကို မှီခိုရပါတယ်။ မီးလာရင် ရေရှိတာကြောင့် နည်းပညာအားကိုးနဲ့ သက်သက်သာသာနေကြရပါတယ်။ ဒီနှစ်နွေမှာတော့ စမ်းချောင်းမြို့နယ်ရဲ့ တချို့နေရာတွေမှာ ရေပြတ်ပါတယ်။ လျှပ်စစ်မီး အခြေခံအဆောက်အအုံချွတ်ယွင်းလို့၊ မီးပျက်လို့မဟုတ်ပါဘူး။ သဘာဝအခြေခံ အဆောက်အအုံဖြစ်တဲ့ မြေအောက်ရေ ခမ်းသွားလို့ပါ။
နွေ နေအပူကလည်း ပြင်းထန်လှ တာကိုး။
ဒေါက်တာမြင့်ဇော်