BREAKING
November 23, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

July 11, 2024

[အခန်း – ၄]

၁၉၃၆ ခုနှစ်။

ရန်ကုန်မြို့၊ ဘီအေအေအားကစားပြိုင်ကွင်းကြီး။

မြန်မာပြည် ဘီအေအေ စီနီယာတန်းချန်ပီယံ ရန်ကုန်တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းမှ အသင်းကပ္ပတိန်စောဘယ်လီ က တိုက်စစ်မှူးကံညွန့် ထံသို့ ဖြတ်တင်ဘောပေးလိုက်သည်။

Arsenal Fusiliers အသင်း၏ နောက်တန်းကစားသမားများဖြစ်သော Reg James နှင့် George တို့နှစ်ယောက်ရှေ့တွင် ရောက်နေသော ကံညွန့်က လေထဲမှ ဘောလုံးကို အရှိန်ဖြင့် ရှပ်ကန်လိုက်၏။

ဘောလုံးက ဂိုးဘယ်ဘက်တိုင်သို့ ဦးတည်နေရာမှ ဝှေ့သွားပြီ ဂိုးညာဘက်သို့ ဝင်သွားသည်။

Arsenal Fusiliers ဂိုးသမား Alex Hill မည်သို့မျှ မတတ်နိုင်တော့။

The Burma Athletics Association-BAA ဘောလုံးကွင်း၏ နောက်ဘက်ပွဲကြည့်စင်နှင့် အနောက်ဘက် ပွဲကြည့်စင်နှစ်ခုလုံးမှ ပရိသတ်ကြီးက ဝုန်းခနဲ ထအော်လိုက်ကြသည်။

အသင်းနည်းပြ ဆရာဦးဘသန်းနှင့် နည်းပြတစ်ဖွဲ့လုံး ဝမ်းသာအားရထခုန်လိုက်ကြ၏။

တောင်ဘက်ပွဲကြည့်စင်ရှိ အောင်ပွဲခံနေသော ပရိသတ်များနှင့် ဆန့်ကျင်ဘက် . . . စိတ်ဓာတ်ကျစွာထိုင်နေသည့် သူတစ်ယောက်ရှိနေသည်။

ထိုသူကား ကိုကျော်ဆွေ။

“သွားပြီ . . . သွားပြီကွာ . . . ကုန်ပြီ . . . ကုန်ပါပြီ”

ကိုကျော်ဆွေက ခေါင်းကိုငုံ့လျက် လက်နှစ်ဖက်ဖြင့်ကိုင်ကာ နှုတ်မှလည်း ခပ်တိုးတိုးရေရွတ်နေ၏။

ငွေခြောက်ရာ။ နည်းသည့် လောင်းကြေးမဟုတ်။

ကိုကျော်ဆွေက ကုတ်အင်္ကျီအိတ်ကပ်အတွင်းမှ စီးကရက်ထည့်သည့် သံဘူးလေးကို ထုတ်ကာ စီးကရက်တစ်လိပ် နှုတ်ခမ်းတွင် တေ့လိုက်သည်။

မီးခြစ်ဆံဗူးကို ထုတ်လိုက်စဉ် . . . ဘောလုံးပွဲကို အားပေးနေသော သူ့နံဘေးမှ လူတစ်ယောက်က မီးခြစ်ဆံဗူးကို ဝင်တိုက်မိလိုက်၏။

“ဟေ့ . . . ဒီမယ် . . . လူကို မမြင်ဘူးလားကွ . . . စိတ်ညစ်နေရတဲ့အထဲ”

ကိုကျော်ဆွေက ထိုသူ၏ နောက်ကျောကို တွန်းထည့်လိုက်သည်။

“ဟေ့ကောင် . . . ဘောလုံးပွဲအားပေးသူအချင်းချင်း . . . မင်းက အပါးဝတာလဲကွ . . . ငါ့ဘာကောင်ထင်လဲ”

လူကောင်ခပ်ညှပ်ညှပ်၊ သက္ကလပ်ဦးထုတ်ဆောင်းထားသော ထိုသူက ကိုကျော်ဆွေ၏ ရင်ဘတ်ကို ဆောင့်ဆွဲလိုက်၏။

“ဟေ့ . . . မလုပ်ပါနဲ့ကွ . . . မဖြစ်ကြပါနဲ့”

ကျော်ဆွေ၏ အနောက်ဘက်တွင် ပွဲကြည့်နေသည့် ကိုဘညွန့်က သူတို့နှစ်ယောက်ကြား ဝင်ရပ်လိုက်သည်။

“သိမ်းမောင်ကြီး . . . ဒါ ကောလိပ်တုန်းက ငါ့သူငယ်ချင်းကျော်ဆွေပါကွာ . . . စိတ်လျှော့ပါ . . . ငါပဲ ကြားက တောင်းပန်ပါတယ်”

“ခင်ဗျားမျက်နှာကြောင့်ပေါ့ . . . ကိုဘညွန့် . . . နို့မဟုတ် ဒီလူသေတယ်”

ကိုဘညွန့်က ကျော်ဆွေကို ပုခုံးဖက်လျက် အနောက်ဘက်သို့ ခေါ်သွားသည်။

မကြာမီ ဘောလုံးပွဲလည်း ပြီးဆုံးသွားခဲ့ပြီ။ အင်္ဂလန်နိုင်ငံမှ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် လာရောက်ကန်သော အာဆင်နယ်အသင်းသည် ရန်ကုန်တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့လေပြီ။

ကိုဘညွန့်က ကျော်ဆွေ၏ ပုခုံးကို ဖက်ကာ ကွင်းအပြင်သို့ ထွက်လာခဲ့သည်။

“ကျော်ဆွေရာ . . . မင်းနှယ့် . . . တကယ့်လူကိုမှ ရန်သွားရှာတာပါလား”

“အဲ့ဒီကောင်က ဘာကောင်မို့လို့လဲ . . . ကျုပ်တကိုင်စာပဲရှိပါတယ် . . . ကိုဘညွန့်ရာ”

“ဟာ . . . မင်းကွာ . . . အဲ့ဒါ ဘယ်ကျော်သိမ်းမောင်တဲ့ကွ”

“ဘယ်ကျော်သိမ်းမောင် ဆိုတာ ဘာလဲ . . . မကြားဖူးပါဘူး”

“လမ်းမတော်လူမိုက် ဖိုးတုတ်တို့၊ သောင်းရီတို့ တပည့်ထဲက တစ်ယောက်ကွ . . . ငါနဲ့လည်း . . . ဘတ်စ်ကားအသင်းမှာ သိကြတာပါ . . .မင်းကို သူ့ညာလက်နဲ့ စောင့်ဆွဲထားချိန် သူ့ဘယ်လက်က အိတ်ကပ်ထဲနှိုက်နေတာ ငါမြင်လို့ ဝင်ဆွဲလိုက်တာ . . . ဓါးမြှောင်တော့ ပါမှာပဲ ကိုယ့်လူ . . . ဒီလိုလူစားတွေအကြောင်း မောင်ရင်လည်း သိသားနဲ့”

“သေလည်း အေးတာပဲဗျာ”

“နို့ . . . ဘာတွေညစ်နေရတာတုန်း”

“ဘိလပ် ပထမတန်းက အာဆင်နယ်အသင်းဆိုလို့ အထင်ကြီးပြီး ကျုပ်လောင်းထားတာလေဗျာ . . . အခုတော့ ကျုပ်ကုန်ပြီဗျ . . . ကုန်ပြီ”

“အဲ့ဒါ ဘိလပ်ကနာမည်ကြီး အာဆင်နယ်အသင်းမဟုတ်ဘူးဟ . . . ဒါ ဗြိတိသျှ ခြေလျင်စစ်လက်နက်ပစ္စည်းထိန်းသိမ်းရေးတပ် (Arsenal Fusiliers) အသင်းကွ . . . မင်းကတော့ စာသေချာမဖတ်ဘဲ . . . လွဲကုန်ပြီ.”

“မသိဘူးဗျာ . . . အာဆင်နယ်ဆိုလို့ . . . လောင်းလိုက်တာ . . . အခု ခြောက်ရာကုန်ပြီ”

“ဟာ . . . များလှချည်လား”

“မများလို့မရဘူး . . . ကိုဘညွန့် . . . ပြီးခဲ့တဲ့ရက်က လွန်ခဲ့သည့်ရက်ကမှ Rangoon Turf Club မြင်းပွဲမှာ ကျုပ် ငွေလေးရာ ရှုံးထားတာ . . . အဲ့ဒါကို ဒီဘောပွဲနဲ့ ရအောင်ပြန်လိုက်တာပဲ . . . ”

“ခက်ပါလား . . . ကျော်ဆွေရာ . . . ဒီလောက်ထိလုပ်ရလား . . . ကဲ . . . မင်းစိတ်ညစ်မနေနဲ့ . . . ဘူတာကြီးရှေ့က ဘားမှာ နည်းနည်းသွားချကြမယ် . . . ငါတိုက်ပါမယ်ကွ . . . လာပါ”

……………………………………………..

“အမာ . . . မင်း . . . ဘယ်တွေ လျှောက်သွားနေတာလဲ”

သမီးငယ်ကို ခါးထစ်ခွင်ကာ သမီးအကြီးကို လက်ဆွဲလျက် အိမ်ပေါ်သို့တက်လာသော အမာ ကို ကိုကျော်ဆွေက စီးကာ ဟိန်းဟောက်လိုက်သည်။

“ကိုဆွေ . . . ထမင်းစားပြီးပြီလား”

အမာ က လက်ထဲမှ လေးနှစ်အရွယ်သမီးငယ်ကို ကျွန်းကုလားထိုင်ပေါ်တွင် ချပေးလိုက်ပြီး ခင်ပွန်းဖြစ်သူအား လှမ်းမေးလိုက်သည်။

“ငါမင်းတာ . . . အရင်ဖြေစမ်းပါ . . . မင်းဘယ်တွေသွားနေတာလဲလို့”

“အငယ်မလေး နေမကောင်းလို့ ဟိုဘက်အိမ်မှာ သူငယ်နာဆေးသွားတောင်းရင်း . . . မသင်နဲ့ စကားပြောနေတာလေ..ရှင်က ဘယ်အချိန််ပြန်လာမယ်မှန်းမှ မသိတာ”

“ငါဘယ်အချိန်မှ ပြန်လာလာ . . . ကိုယ့်လင်ပြန်လာချိန်ကို စောင့်ရမှာ မိန်းမတွေတာဝန်ပဲမဟုတ်လား”

ကိုကျော်ဆွေ မူးလာမှန်းသိသည့်အတွက် အမာက စကားဆက်မပြောတော့။

“သမီးကြီးရီရီ . . . ညီမလေးကို ခေါ်ပြီး အခန်းထဲမှာ သိပ်လိုက်နော် . . . မေမေ ဒီမှာ မင်းတို့ဖေဖေနဲ့ စကားပြောစရာရှိလို့”

ကိုကျော်ဆွေ၏ မျက်နှာမှာ ဒေါသဖြင့် နီမြန်းနေသည်။

အမာက ကိုကျော်ဆွေ၏ ရှေ့မှ ထိုင်ခုံတွင် တုန်လှုပ်ခြင်းမရှိသော မျက်နှာဖြင့် ဝင်ထိုင်လိုက်၏။

“တာဝန် . . . တာဝန်ဆိုတာကို ရှင့် ပါးစပ်က ပြောထွက်ရက်တယ်နော် . . . ဒီမယ် . . . အိမ်ထောင်ရေးဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ကိုယ်စီတာဝန်ယူရတယ် . . . ရှင်ရော . . . ရှင့်တာဝန်ရှင်ကျေရဲ့လား . . . ပြန်မေးကြည့်စမ်ပါဦး”

“မင်းက ငါ့ကို ခံပြောနေတာလား . . . ငါ့လုပ်စာစားပြီး ငါ့ကို ခြေရာလာမတိုင်းနဲ့ . . . အခုက မင်း မယားမပီသလို့ ငါပြောနေတာ”

“ဘာကို ကျွန်မက မယားမပီသတာလဲ . . . ကလေးနှစ်ယောက်နဲ့ တစ်နေကုန် ချက်ပြုတ်လျှော်ဖွတ် . . . ပြီးရင် ရှင်စားဖို့အတွက် ညစာပြင်ပေးတယ် . . . ဝတ္တရားအကုန်ကျေတယ် . . . အခုလည်း . . . ရှင်က‌ရော ပိုက်ဆံပုံမှန်ပေးတာကလွဲလို့ . . . ကျန်တဲ့ လင့်တာဝန်၊ မိဘတာဝန်ကျေပွန်လို့လား . . . အချိန်ပြည့်လောင်းကစားနဲ့အရက်ပဲသောက်နေတာ.တိုင်းရေးပြည်ရေး မပြောနဲ့ . . . ကိုယ့် သမီးနေမကောင်းဖြစ်တာတောင် ရှင်သိရဲ့လား ”

“ဟိုဘက်အိမ်က ဝံသာနုလိုလို . . . နိုင်ငံရေးသမားလိုလို မသင်က နင့်ကို ဘာတွေ သင်ပေးလိုက်ပြန်ပြီလဲ . . . ဟမ် . . . ငါက အိမ်ထောင်ဦးစီး . . . အိမ်ဦးနတ် . . . ငါ့ကို ပြန်ခံပြောရအောင် . . . နင်က ဘာတွေသိ ဘာတွေတတ်နေလို့လဲ . .‌ . ကောင်မ”

ကောလိပ်ကျောင်းသား၊ သူဌေးသားဖြစ်ခဲ့ဖူးသော ‌ကျော်ဆွေက မြန်မာစာသုံးတန်းမျှသာ အောင်သော အမာ ကို ရိုက်ရန် လက်ဖြင့်ရွယ်လိုက်သည်။

“ဟီး . . . ဟီး . . . ဟီး”

အခန်းတံခါးဝတွင် ဖခင်နှင့် မိခင်၏ ရန်ပွဲကို ရပ်ကြည့်နေသော သမီးကြီးရီရီဆွေ၏ အော်ငိုလိုက်သံကြောင့် ကိုကျော်ဆွေ၏ လက်များ လေထဲတွင် ရပ်တန့်သွား၏။

အကြီးမရီရီဆွေ ငိုသံကြောင့် . . . နံဘေးတွင် ရပ်နေသော သုံးနှစ်အရွယ် ကြည်ကြည်ဆွေကပါ ဝါးခနဲ အော်ငိုသည်။

“ဟေ့ . . . ရီရီ . . . နင်အသံကို ချက်ချင်းတိတ်စမ်း . . . အလကားနေ ငိုယိုနေလို့ . . . နင်တို့တွေကြောင့် လာဘ်တိတ်တာ . . . ငါလာရိုက်လိုက်ရ”

“ကျွန်မသမီးတွေကို ရှင် ထိစရာမလိုဘူး . . . မနက်ရှင်အမူးပြေမှ ကျွန်မနဲ့ စကားပြောမယ်”

အမာက ကျော်ဆွေ့အနားမှ ထသွားပြီး သမီးနှစ်ယောက်ထံ ပြေးသွားလိုက်သည်။

အခန်းထဲသို့ သားအမိသုံးယောက်ဝင်လာကာ ဂျက်ထိုးလိုက်၏။

“အမာ . . . အမာ . . . နင်ငါ့ကို ဘာကောင်ထင်လဲ . . . ငါက နင့်အိမ်ဦးနတ်.ငါက . . . နင့်လင် . . . အမာ . . . နင် ငါနဲ့ တွေ့မယ် . . . ကောင်မ”

ကိုကျော်ဆွေ၏ အော်ဟစ်ဆဲဆိုသံကား အပြင်ဘက်တွင် ပွက်လောရိုက်လျက်ကျန်ရစ်။

……………………………………………..

“မနေ့က အမာ့ လူ သောင်းကျန်းပြန်ပြီလား . . . ဒီဘက်အိမ်က အသံတွေကြားတယ်”

“ဟုတ်တယ် . . . မမသင် . . . မြင်းပွဲရှုံးလာပြန်ပြီထင်ပါတယ် . . . မူးလည်းမူးလာတယ်လေ.ကျွန်မဝဋ်ကြွေးပါပဲ . . . မမသင်တို့ကိုလည်း အားနာပါရဲ့”

“ခက်တော့ခက်တယ် . . . အမာရယ် . . . ဒီသမီးလေးနှစ်ယောက်က ငယ်ငယ်နဲ့ . . . ဒီလိုချည်းတော့ မဖြစ်သေးပါဘူး”

“အဲ့ဒီလူကိစ္စထားလိုက်ပါ . . . မမသင် . . . ဒီနေ့ မမသင် တို့ဗမာအစည်းအရုံးကို သွားမယ်ဆို . . . ကျွန်မလည်း လိုက်ချင်တယ် . . . ပြီးတော့ အစည်းအရုံးလည်းဝင်ချင်တယ် . . . မမသင်”

“အမာ့လူ နဲ့က ဖြစ်ပါ့မလား”

“အို . . . ကျွန်မဘဝတစ်လျှောက်လုံး သူ့အမိန့်အောက်၊ သူ့ဩဇာအောက်မှာပဲ သူ့အလိုကျ အိမ်တွင်းပုန်းနေခဲ့ရတာ . . . ဒီတခါတော့ ကျွန်မဘာသာ ဆုံးဖြတ်ချင်တယ် . . . မမသင် . . . ကျွန်မ မမသင်တို့ သခင်မတွေကို သိပ်အားကျတာပဲ . . . ဟိုးအရင် သတင်းစာတွေထဲ မြန်မာ့ကုမ္မာရီအသင်းက ဒေါ်ဒေါ်စုတို့၊ သခင်မကြီးဒေါ်ဆယ်တို့အကြောင်းတွေဖတ်ရရင် . . . သိပ်သဘောကျတာ . . . ပြီးတော့ ဦးချစ်လှိုင်ရဲ့နှမ အမျိုးသမီး အမတ်ကြီး ဒေါ်နှင်းမြတို့ . . . နောက်ဒေါ်ဒေါ်ဆ တို့လိုမျိုး ယောက်ျားတွေနဲ့ယှဉ်နိုင်တဲ့ မိန်းမနိုင်ငံရေးသမားတွေလို သိပ်ဖြစ်ချင်တာပဲ . . . ကျွန်မက သူတို့လို ပညာသိပ်မတတ်လို့သာ”

စိတ်အားထက်သန်မှုအပြည့်နှင့် ပြောနေသည့် အမာ့ကို ကြည့်ကာ သခင်မ မသင်က ပြုံးလိုက်သည်။

……………………………………………..

“မိန်းမငါးထောင်စား မကြားဖူးသူတွေ . . . ရယ်တာပေါ့အေ . . . ဦးချစ်လှိုင်နှမတော်သူတွေ ဗမာပြည်ကြီးရဲ့ ကောင်စီအမတ် ဖြစ်လာပြီလေ . . . နာမည်ဘယ်သူလဲ၊ ဒေါ်နှင်းမြ၊ ဒေါ်စောဆပါတဲ့လေ။ ဘိလပ်မျက်နှာစုံညီ ဝင်ပြန်ပြီလေ၊ ဒေါ်စောဆနှင့် ဒေါ်မြစိန် တစ်ချိန်တည်းပေ။ ဗမာတိုင်းရင်းနိုင်ငံအခြေ။ ရယ်ကြတော့မလေ၊ မိန်းမအားလုံး ဆပ်ကော်မတီအမတ်များဖြစ်လာပြီလေ”

နန်းတော်ရှေ့ဆရာတင်ရေးသားပြီး မြခြေကျင်းမငွေမြိုင်သီဆိုသည့် “မိန်းမ မင်းတိုင်ပင်” သီချင်းကို ညည်းလာသည့် အမာ့ ၏ ခြေလှမ်းများက အိမ်ဝတွင် ရပ်တန့်သွားသည်။

ဖျင်ပင်နီအင်္ကျီနှင့် ယောထမီကို ဝတ်ထားသည့် အမာ့ကို ကျော်ဆွေက စူးစူးစိုက်စိုက်ကြည့်နေ၏။

နံဘေးတွင်လည်း သမီးကြီးဖြစ်သူ ရီရီ မှာ မျက်နှာငယ်နှင့်။ အငယ်ဖြစ်သူ ကြည်ကြည်ကလေး ကတော့ ကြမ်းပြင်တွင် အရုပ်များဖြင့် ဆော့ကစားနေသည်။

အမာက ကျော်ဆွေ၏ ရှေ့တည့်တည့်ခုံတွင် ဝင်ထိုင်လိုက်သည်။

“ဝုန်း”

“မင်း . . . ဘာစောက်ချိုးချိုးတာလဲ . . . အမာ”

ကျော်ဆွေက သူ့ရှေ့မှ စားပွဲကိုခြေထောက်ဖြင့် စောင့်ကန်ပြီး အော်ဟစ်လိုက်သည်။

ဆယ်နှစ်သမီး ရီရီ က ညီမဖြစ်သူ ကြည်ကြည် ကို ဆွေ့ခနဲ ကောက်ချီကာ . . . အခန်းထဲသို့ ဝင်သွားချေပြီ။

“ကျွန်မ ဘာဖြစ်လို့လဲ . . . ကိုကျော်ဆွေ”

“မင်း . . . ငါ့သမီးနှစ်ယောက်ကို ငါအမေအိမ်ကို မနက်ကတည်းက ပို့ထားပြီး . . . ဘယ်တွေသွားနေလဲ”

“ကျွန်မ အစည်းအဝေးရှိလို့သွားတာ”

“ဘာ . . . ဘာအစည်းအဝေးလဲ . . . မင်း အဆင့်နဲ့ ဘာအစည်းအဝေးတက်တာလဲ”

“တို့ဗမာအစည်းအရုံး အစည်းအဝေး . . . ရွှေတိဂုံဘုရားပေါ်က ကျောင်းသားသပိတ်ကို သွားဝန်းရံကြဖို့ကိစ္စ”

“ဟား . . . ကိုယ့်သမီးတွေကို ပစ်ထားပြီး . . . တိုင်းရေးပြည်ရေးနဲ့အလုပ်များနေတဲ့ . . . သခင်မကြီးပေါ့ . . . သူပုန်မကြီးပေါ့”

“ကျွန်မသမီးတွေကို ဒီနေ့တစ်ရက်ပဲ ကျွန်မ ထားခဲ့တာ . . . ရှင်လည်း . . . မိန်းမရော၊ သမီးတွေရောကို ပစ်ထားပြီး တနေ့လုံး လောင်းကစားပွဲနဲ့ အရက်ဆိုင်မှာပဲ အချိန်ကုန်နေတာဘယ်လောက်ကြာခဲ့ပြီလဲ ကိုယ့်ဟာကိုယ်စဉ်းစားလေ”

“ဟေ့ . . . ငါက ယောက်ျားကွ . . . ငါ အချိန်တန်ရင် မင်းတို့ သားအမိတွေစားဖို့ ငွေပေးတယ် . . . ငါက ဘာလုပ်လုပ် . . . မင်းက မိန်းမ . . . မိန်းမအလုပ် မိန်းမလုပ်ရမယ် . . . ကလေးမွေးရမယ် . . . ကလေးတွေကို ပြုစုရမယ် . . . ငါ့ကို ပြုစုရမယ် . . . ဒါမင်းအလုပ်ပဲ . . . တခြား ဘာစောက်ပိုမှ လုပ်စရာမလိုဘူး”

“အော် . . . တော်တော်လည်းတရားမျှတပါပေတယ် . . . ပြီးခဲ့တဲ့ ဆယ့်ငါးနှစ်လုံးလုံး . . . ကျွန်မက ရှင့်ကျွန် အဖြစ်နဲ့ပဲ နေပြီး . . . ကျွန်မ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ”

“မင်းပါးစပ်ပိတ်ထား . . . မင်းဖြစ်ချင်တာဘာလဲ . . . နိုင်ငံရေးတဲ့လား . . . လွတ်လပ်ရေးတဲ့လား . . . စောက်အပိုတွေ . . . ဟေ့ ဘဝမှာ ကိုယ်လုပ်မှ ကိုယ်စားရတာ . . . စောက်ပိုတွေမလိုဘူး . . . နားလည်လား”

“ရှင့်လို လောင်းကစားသမားကတော့ မြင်းပွဲပဲ သိမှာပေါ့ . . . ရှင်လည်း ရှင်လုပ်ချင်တာ လုပ်နေတာပဲ ကျွန်မလည်း ကျွန်မ စိတ်ဝင်စားတဲ့ကိစ္စ ကျွန်မ လုပ်ချင်တာ”

“မလုပ်ရဘူး . . . မင်းက မိန်းမ . . . မိန်းမအလုပ်က အိမ်မှုကိစ္စပဲ . . . ဘာနိုင်ငံရေးလဲ . . . ဘာလွတ်လပ်ရေးတိုက်ပွဲလဲ . . . လင်ငယ်နေချင်လို့ လမ်းရှာနေတာ . . . ငါအခု နှင်ချလိုက်တာနဲ့ ချက်ချင်း ခွေးဖြစ်မယ့်ကောင်မက”

“ကျွန်မ ဘဝ ကျွန်မပိုင်တယ် . . . ရှင်မပါလည်း . . . ရပ်တည်နိုင်တယ် . . . ရှင်လို လောင်းကစားသမား၊ အရက်သမားနဲ့”

“ဖြောင်း”

ကျော်ဆွေက အမာကို လက်ပြန်ရိုက်ချလိုက်သည်။

“ခွမ်း”

အမာက စားပွဲပေါ်တွင် တင်ထားသော ဆေးလိပ်ပြာခွက်ဖြင့် ကျော်ဆွေ၏ ချိုစောင်းကို ထုချလိုက်၏။ ကျော်ဆွေခေါင်းမှ သွေးများ ဖြာခနဲ။

အရက်မူးနေသော အရှိန်၊ ရုတ်တရတ်အရိုက်ခံလိုက်ရသော အရှိန်ကြောင့် ကျော်ဆွေ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ရသည်။

“အမာက အရင်လို ရှင်ရိုက်ချင်တိုင်း ရိုက်လို့ရမယ့် . . . မိန်းမ မဟုတ်တော့ဘူး ကိုကျော်ဆွေ . . . ကျွန်မဘဝ ကျွန်မပိုင်တယ်”

အမာ၏ အသံက အေးစက်မောကျောစွာဖြင့်။

……………………………………………..

တန်းဆွမ်းကြွသံဃာတန်းဆီမှ ကြေးစည်သံနောင်ခနဲ။

တစ်ဖက်အခန်းမှ သနပ်ခါးသွေးသံ သဲ့သဲ့တို့ကြောင့် ကျော်ဆွေ အိပ်ရာမှ ထလိုက်သည်။
အခန်းတံခါးက ဟလျက်။

ထမီရင်လျားဖြင့် သနပ်ခါးသွေးနေသော အမာ။

သူမ နံဘေးတွင် အဝတ်အစားများထည့်ထားသော သေတ္တာတစ်လုံးက ပွင့်လျက်။

“အမာ . . . မင်းတကယ်သွားတော့မှာလား”

အမာက လှည့်မကြည့်ဘဲ ခေါင်းညိတ်သည်။

ကုတင်ပေါ်တွင် အပူအပင်ကင်းစွာအိပ်ပျော်နေကြသော ရီရီနှင့် ကြည်ကြည်ကို ကျော်ဆွေက တစ်ချက်ကြည့်လိုက်၏။

“ငါ့သမီးတွေကိုတော့ မင်းနဲ့ မထည့်ပေးလိုက်နိုင်ဘူး”

“ကျွန်မ သူတို့နှစ်ယောက်လုံးကို ထားဝယ်ပြန်ခေါ်သွားမှာ”

“မရဘူး . . . အမာ . . . ငါ့သမီးတွေကို ရန်ကုန်မှာ ပညာတတ်ပဲဖြစ်စေချင်တာ . . . မင်းမိဘတွေလို ဆင်းဆင်းရဲရဲဘဝထဲ ဆွဲမသွင်းနဲ့”

အမာက ဖျင်ပင်နီအင်္ကျီနှင့် ချိတ်ထမီကို အလှပဆုံးဖြစ်အောင် ဝတ်ဆင်လိုက်သည်။

ထို့နောက် သေတ္တာကို မနိုင်မနင်းဖြင့် အခန်းထဲမှ သယ်ထုတ်လိုက်၏။

အိမ်အောက်တွင် သခင်မ မသင် တို့၏ ကားကလေးက အသင့်စောင့်နေပေပြီ။

ကိုကျော်ဆွေက အခန်းဝတွင် ရပ်လျက် အမာ၏ ကျောကုန်းကို စူးစိုက်ကြည့်နေ၏။

“အမေ . . . သမီး . . . အမေနဲ့ပဲ လိုက်မယ်”

ရီရီက ရုတ်တရက် အခန်းထဲမှ ပြေးထွက်လာပြီး အမာ၏ ခါးကို ဖက်ထားလိုက်သည်။

“ရီရီ”

ကျော်ဆွေက အာဏာသံအပြည့်ဖြင့်။

“သမီး . . . အဖေနဲ့မနေချင်ဘူး . . . ကြောက်တယ် . . . အမေနဲ့ပဲ လိုက်မယ်”

ရီရီ က အမာ၏ လက်ကို ခပ်တင်းတင်းဆွဲထား၏။

အခန်းထဲမှ ပြေးထွက်လာသော ကြည်ကြည်ကိုမူ ကျော်ဆွေက လက်ဖြင့်ဆွဲကာ ပွေ့ချီထားလိုက်သည်။

ထို့နောက် “တောက်”တချက်ခေါက်ကာ လှည့်ထွက်သွား၏။

ဖခင်၏ လက်ပေါ်တွင် ကျန်ရစ်သော လေးနှစ်သမီးလေ ကြည်ကြည်က မိခင်ဖြစ်သူနှင့် အမတို့၏ ကျောပြင်ကို ကြည့်ကာ အော်ဟစ်ခေါ်ရင်း ကျန်ရစ်တော့သည်။

“မေမေရေ . . . မမရေ . . . မေမေရေ . . . မမရေ”

ခက်ဇော်

အခန်း ၅ ကို ဆက်လက်ဖတ်ရှုရန် > > >