BREAKING
December 29, 2024

သရက်ချောင်းမြို့အနီး ဆင်ကူးရွာသို့ စစ်ကောင်စီတပ်ရောက်နေသဖြင့် ဒေသခံများထွက်ပြေးနေရ

July 11, 2024

သရက်ချောင်းမြို့နှင့်ကပ်လျက် မြိတ်-ထားဝယ် ကားလမ်းပေါ်က ဆင်ကူးရွာကို အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိနေသဖြင့် ဒေသခံများထွက်ပြေးနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က ဆင်ကူးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကားဖြင့်လာချသွားကြောင်း ဒေသခံအချို့က ပြောသည်။

“ပစ်ခတ်သံတော့ အခုထိ မကြားရသေးဘူး။ ဆင်ကူး၊ (အနီးဝန်းကျင်က) ဘုတ်ကိုင်း၊ ကျွဲစပ်၊ ဆင်ကျန်းကလူတွေ အကုန်ပြေးကုန်ပြီ။ ဆင်ကျန်းမှာတောင် (ထွက်မပြေးသေးတဲ့) အိမ်သုံးဆောင်ပဲ ကျန်တော့တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မွန်းလွဲပိုင်းတည်းက စစ်ကောင်စီတပ်က ကားလမ်းပိတ်ထားပြီး ညနေ ၄ နာရီခန့်တွင် ကားလမ်းကို ပြန်ဖွင့်ပေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ဆင်ကူးရွာက ဒေသခံများ၏ အိမ်ထဲတွင် စစ်ကောင်စီတပ်သားအချို့ ဝင်ရောက်နေထိုင်နေကြပြီး သရက်ချောင်းမြို့နယ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာနိုင်သဖြင့် ဒေသခံများ ကြိုတင်စစ်ဘေးရှောင်နေကြခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်ကလည်း ဆင်ကူးရွာကို ရောက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက် ပစ်ခတ်မှု ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့သည်။

အထက်ပါပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက် ထိခိုက်မှုရှိခဲ့ပြီး ယင်းနောက် စစ်ကြောင်းဆက်မထိုးတော့ဘဲ ဆင်ကူးကနေ လှည့်ပြန်သွားကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်များပြန်သွားပြီးနောက် နေရပ်ပြန်လာသည့် ဒေသခံများသည် ယနေ့ စစ်ကောင်စီတပ်များ ပြန်လည်ရောက်ရှိ နေသဖြင့် ထပ်မံထွက်ပြေးနေရခြင်းလည်းဖြစ်သည်။