BREAKING
January 11, 2025

ရန်ကုန်တွင် ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်၊ တစ်ရက်အတွင်း လူတစ်ရာကျော်ဆေးရုံတက်ရ

July 11, 2024

ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး ၂၄ နာရီအတွင်း အဆိုပါရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသရသည့် တစ်ရာကျော်ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ဇူလိုင်လ ၉ရက် ည ၆နာရီမှ ဇူလိုင်လ ၁၀ ရက် ည ၆နာရီအထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသရသည့် လူနာသစ် ၁၁၅ဦးရှိပြီး ယင်းအနက် ၂၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ သူများဖြစ်ကြောင်း ဖော်ပြသည်။

ယင်းမတိုင်မီ ဇူလိုင်လ ၉ရက် နံနက် ၆နာရီမှ ည ၆နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသရသူ ၆၄ဦးရှိခဲ့ပြီး ယင်းအနက် ခုနစ်ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသူများဖြစ်ကြောင်း ဖော်ပြသည်။

ဇူလိုင်လ ၈ရက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရသူ ၆၀ဦးရှိခဲ့ပြီး ယင်းအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ ခြောက်ဦးပါဝင်ခဲ့သည်။

ဇူလိုင်လ ၇ရက်တွင်မူ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရသူ ၄၄ဦးရှိပြီး ယင်းအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ နှစ်ဦးပါဝင်ခဲ့သည်။

ဇူလိုင်လ ၆ရက်ကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရသူ ၆၃ ဦးရှိခဲ့သည်။

ထို့ကြောင့် ဇူလိုင်လ ၆ ရက်မှ ၁၀ရက်အထိ ငါးရက်အတွင်း ရန်ကုန်တိုင်းရှိမြို့နယ်အချို့တွင် ဝမ်းလျှောဝမ်းပျက် ရောဂါဖြစ်ပွားသူ ၃၄၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇူလိုင်လ ၁၀ အရက်အထိ ဆေးရုံက ဆင်းသူ ၂၁၇ ဦးရှိသဖြင့် ၁၃၀ နီးပါးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။

ရန်ကန်တိုင်းတွင် သာကေတ၊ ဒေါပုံမြို့နယ်တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားပြီး တာမွေ၊ မင်္ဂလာတောင်ညွန့်အပါအဝင် မြို့နယ်အချို့တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုများနေကြောင်း Dawei Watch က စုံစမ်းသိရှိရပါသည်။

ဝမ်းအညစ်အကြေးများတွင်ရှိသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးသည် ယင်ကောင်မှတစ်ဆင့်၊ မသန့်ရှင်းသော လက်မှတ်တစ်ဆင့်၊ ရောဂါပိုးပါသည့် အစားအစာ၊ သောက်သုံးရေတို့မှတစ်ဆင့် ဝင်ရောက်ဖြစ်ပွားပြီး လူအချင်းချင်း ကူးစက်ပြန့်ပွားသောရောဂါဖြစ်သည်။

ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လျှင် အရည်ဝမ်းသွားခြင်း၊ ငါးညှီနံ့နံသော ဆန်ဆေးရေကဲ့သို့ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အရေပြား ကျုံ့ဆန့်နိုင်မှု အားနည်းလာခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း/လျှာနှင့် နှုတ်ခမ်းများ ခြောက်သွေ့ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးရန်၊ ရေသန့် သို့မဟုတ် ရေကို ကျိုသောက်ရန်၊ အစားအသောက်များကို ယင် မနားအောင်လုပ်ရန် စသည်တို့ကိုလည်း တိုက်တွန်းထားသည်။