BREAKING
November 27, 2024

ပုလော၊မီးလောင်ချောင်းရွာ စစ်ကောင်စီဂိတ်ကို ဒရုန်းဖြင့်ဗုံးချ

July 11, 2024

ပုံစာ - ပုလောမြို့နယ် မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဗုံးချတိုက်ခိုက်စဉ်

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များထံမှ သိရသည်။

ဇူလိုင် ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဒေသတော်လှန်ရေး ပူးပေါင်းတပ်များက လက်လုပ်မိုင်းအမျိုးအစား ဒရုန်းဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကဆိုသည်။

ယင်းကြောင့် စစ်ကောင်စီ၏ ခလရ ၁၇ တပ်ရင်းက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။

“ဥယျာဉ်ခြံဘက်တွေကိုကျတော့ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူး” ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒရုန်းတပ်စိတ်(Shadow Squad) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ဒရုန်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်မှု တစ်စုံတရာမရှိခဲ့ကြောင်း ပုလောပကဖ တာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းနေ့တွင်ပင် ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာအနီးဖြစ်ပွားသည့် တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများစွာကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ထားသည်။