BREAKING
November 27, 2024

ထားဝယ်တက္ကသိုလ်ဓမ္မာရုံအတွက် စီးပွားရေးလုပ်ငန်းရှင်များက စစ်ကောင်စီကို ကျပ်သိန်းပေါင်းနှစ်ထောင်နီးပါးထည့်ဝင်

July 11, 2024

ထားဝယ်တက္ကသိုလ်တွင် ဆောက်လုပ်ထားသည့် တက္ကသိုလ်ဓမ္မာရုံအတွက် ကုန်ကျငွေအများစုကို စီးပွားရေးလုပ်ငန်းရှင် များက ထည့်ဝင်ထားရကြောင်း မြို့ခံစီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ပေ ၄၀၊ ပေ ၁၀၀ အရွယ် အာစီတစ်ထပ်တိုက်အမျိုးအစား ဓမ္မရုံအတွက် စုစုပေါင်းကုန်ကျငွေမှာ ကျပ်သိန်း ၂၀၀၀ ကျော်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တို့က ပြောသည်။

ထိုကျပ်သိန်း ၂၀၀၀ ကျော်ထဲတွင် စီးပွားရေးလုပ်ငန်းရှင်တို့ ထည့်ဝင်ငွေမှာ ကျပ်သိန်း ၁၈၀၀ ကျော်ရှိကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါကုန်ကျငွေအတွက် စစ်ကောင်စီ‌က တင်ဒါဝင်ပြိုင်သော ဆောက်လုပ်ရေးကုမ္ပဏီများကို ဌာနဆိုင်ရာတို့က အလှူ‌ငွေခေါင်းစဉ်ဖြင့် ထည့်ဝင်ခိုင်းခဲ့ကြောင်း ဆိုသည်။

“တင်ဒါခေါ်တဲ့ အချိန်ဆိုရင် အလှူငွေတွေ စိတ်ကြိုက်ထည့်ခိုင်းလို့ရတယ်လေ။ တင်ဒါမရှိရင်တော့ အလှူငွေကောက်လည်း သိပ်မရဘူး” ဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစု ထည့်ဝင်ထားသည့် ကျပ်သိန်းပေါင်း ၁၈၀၀ ကျော်နှင့် အာဏာမသိမ်းခင်က ကျောင်းသူ၊ ကျောင်းသားများထံတွင် ကောက်ခံရရှိထားသော ကျပ်သိန်း ၂၀၀ ကျော်တို့ဖြင့် တက္ကသိုလ်ဓမ္မာရုံကို ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အာဏာမသိမ်းမီကမူ တက္ကသိုလ်ဝင်းအတွင်း ဓမ္မာရုံဆောက်မည်ကို ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သဘောမတူခဲ့ပေ။

တက္ကသိုလ်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင် ကျောင်းသားများသာရှိသည် မဟုတ်ဘဲ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတက်ရောက် ပညာသင်ယူသည့်နေရာဖြစ်သောကြောင့် ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အအုံ မဆောက်သင့်ကြောင်း ကျောင်းသားများသမဂ္ဂက ထိုအချိန်က ပြောဆိုခဲ့ဖူးသည်။

ထိုသို့ကန့်ကွက်မှု၊ ငွေကြေးမလုံလောက်မှုတို့ကြောင့် တက္ကသိုလ်ဓမ္မာရုံမှာ မဆောက်ဖြစ်ဘဲ ကြန့်ကြာနေခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထားဝယ်ရောက်လာခဲ့ပြီး ထားဝယ် တက္ကသိုလ်ဓမ္မရုံအတွက် ငွေကျပ် ၁၀ သိန်းလှူဒါန်းပြီးနောက် ဓမ္မရုံဆောက်လုပ်ရေးကိစ္စ ပြန်အသက်ဝင်လာခဲ့သည်။

ယင်းနောက် ဓမ္မာရုံအတွက် ရန်ပုံငွေရရှိရေး တိုင်းစစ်ကောင်စီဝန်ကြီးချုပ်ဦးမြတ်ကို ဦးဆောင် ကြိုးပမ်းလာခဲ့ပြီး တင်ဒါဝင်ပြိုင်သည့် ဆောက်လုပ်ရေးကုမ္ပဏီများတွင် အလှူခံခဲ့ခြင်းဖြစ်သည်။

အဆိုပါဓမ္မာရုံမှာ လက်ရှိတွင် ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့က ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။