ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီးနောက် ပထမဆုံးမြို့အဖြစ် နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA) နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF ပူးပေါင်းတပ်ဖွဲတို့က သိမ်းယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီး ၁၆ ရက်မြောက်တွင် နောင်ချိုမြို့၌ နောက်ဆုံးကျန်ရှိသည့် ဒုံးတပ်ရင်း ၆၀၆ ကို ဇူလိုင်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် သိမ်းယူပြီး မြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
နောင်ချိုမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီလုံးဝ ကင်းစင်သော မြို့နယ်တစ်ခု ဖြစ်လာပြီဖြစ်ကြောင်းလည်း MDY-PDF က ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်သည်။
နောင်ချိုမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ (၁၁၄) ၊ ခမရ (၁၁၅) နှင့် အမြောက်တပ်ရင်း အမတ (၆၀၆) တပ်စခန်းများထံမှ အတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုလည်း ဖမ်းမိကြောင်း ဆက်လက်ဖော်ပြသည်။
နောင်ချိုမြို့နယ် သဲခေါ်အနီးတွင်လည်း ဇူလိုင်လ ၁၀ရက်က တအာင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လားရှိုးမြို့နယ် တန့်ယန်းမြို့ နားဆောင်ရွာအနီးတစ်ဝိုက်ရှိ စစ်ကောင်စီ၏ မန်ကတ်စခန်းနှင့် မန်ပတ်စခန်းတို့ကိုလည်း တအာင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်က ဆိုသည်။









ထို့အပြင် မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားအနီးတဝိုက်တွင် စစ်ကောင်စီ စကခ ၂၁၊ ခလရ ၂၂၃ တို့နှင့် TNLA၊ PLA၊ MOD၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း တအာင်းတပ်က ထုတ်ပြန်သည်။
မိုးမိတ်မြို့နယ်ကို စစ်ကောင်စီတပ်က ထောက်ပို့လေယာဉ်ဖြင့် လက်နက်ခဲယမ်း ခြောက်ကြိမ် ပစ်ချခဲ့ပြီး Y12 လေယာဉ်ဖြင့် ဗုံး ၁၆လုံး မြို့အတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
နောင်ချိုမြို့အတွင်းသို့လည်း စစ်ကောင်စီတပ်က Y12 ဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။