BREAKING
January 17, 2025

ပုလောတိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၅ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

July 11, 2024

မြိတ်ခရိုင်၊ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာအနီးဖြစ်ပွားသည့် တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများစွာကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ထုတ်ပြန်သည်။

ဇူလိုင်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် အင်အား ၅၀ ခန့်ပါသည့် ခလရ ၂၈၅ စစ်ကောင်စီတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်တို့ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲက နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိဖြစ်ခဲ့တယ်” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။

အဆိုပါတိုက်ပွဲတွင် ခလရ ၂၈၅ တပ်ရင်းမှ ဗိုလ်မှူးသက်ထွန်းအောင်၊ တပ်ကြပ်ကြီးခင်မောင်သိန်း၊ တပ်ကြပ်ခိုင်လင်းအောင်၊ တပ်ကြပ်တင်စိုး၊ ဒု-တပ်ကြပ်သန်းဦးမြင့်တို့ ၅ ဦးသေဆုံးသည်ဟု ယင်းအဖွဲ့က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

ဒါ့အပြင် တပ်ကြပ် ၂ ဦးကိုအရှင်ဖမ်းမိခဲ့ပြီး MA 7 ၆၀ မမစိန်ပြောင်းတစ်လက်၊ MA 1 တစ်လက်၊ MA 2 နှစ်လက်၊ MA 3 ရိုင်ဖယ် သုံးလက်၊ MA 5 ပစ္စတိုသေနတ် တစ်လက်အပါအဝင် လက်နက်ခဲယမ်းများလည်း ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲတွင် ပုလောဒေသကာကွယ်ရေးတပ်-PRDF ကရဲဘော်တစ်ဦးသေဆုံးပြီး မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပူးပေါင်းတိုက်ခိုက်မှုတွင် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း (၇) တပ်ခွဲ(၅)၊ ပုလောဒေသကာကွယ်ရေးတပ်-PRDF တို့ပါဝင်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။