BREAKING
December 29, 2024

စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် သဗျာရွာက ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသေဆုံး

July 11, 2024

ပုံစာ - နတ်ရေရတနာဘုန်းကြီးကျောင်းရှေ့ရိုက်ကူထားသော မသက်ထားစံ ( ခ) ဝိုင်းလေး

လောင်းလုံးမြို့နယ် သ‌ဗျာကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အသက် ၁၄ နှစ်အရွယ် မသက်ထားစံ (ခေါ်) ဝိုင်းဝိုင်းလေးဆိုသူ သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

လောင်းလုံးမြို့ထဲရှိ စစ်ကောင်စီတပ်သည် ကပ်လျက်ရှိသည့် သဗျာကျေးရွာအတွင်းသို့ ဇူလိုင်လ ၁၁ရက် နံနက်ပိုင်းတွင် ဝင်ရောက်လာပြီး နတ်ရေရတနာဘုန်းကြီးကျောင်းတွင် တပ်စွဲလိုက်ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းနောက် အဆိုပါဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို ရိုက်ဖျက်မွှေနှောက်ရှာဖွေကြောင်း ၎င်းတို့က ဆိုသည်။

ဒေသခံများကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြောင်း မေးမြန်းခဲ့ပြီး မသိဘူးဟု ဖြေသူများကို ရိုက်နှက်ခဲ့သဖြင့် ဒေသခံအချို့ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတင်လိုက်ရသူများလည်းရှိကြောင်း ဆိုသည်။

“PDF တွေ ဘယ်မှာရှိလဲမေးလို့ မသိဘူးလို့ပြောရင် အကုန်ရိုက်ပစ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ ထွက်သွားပြီအထင်ဖြင့် မသက်ထားစံတို့ မိသားစုမှာ ပုန်းနေရာမှ ထွက်လာခဲ့ကြောင်း ဒေသခံတို့ပြောဆိုချက်အရ သိရသည်။

ထိုအချိန်တွင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်လိုက်ရာ မသက်ထားစံအား ထိမှန်ပြီး သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“သူတို့အိမ်က ဘုန်းကြီးကျောင်းရှေ့တည့်တည့်မှာ (ဘုန်းကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင်၊ လမ်းမတစ်ခုသာခြား) အအေး‌ဆိုင်လေးဖွင့်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မသက်ထားစံ၏ ဦးလေးတော်စပ်သူတစ်ဦးမှာလည်း စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမေးမြန်းစဉ် ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် ထားဝယ်ရှိ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီလော်ဘီချယ်နယ်တစ်ခုတွင်မူ လောင်းလုံးမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးမြညွန့်၏ သမီးဖြစ်သူအား ပြည်သူ့ကာကွယ်ရေးအဖွဲ့က သဗျာကျေးရွာ မီးသတ်စခန်းအနီးတွင် ဖမ်းဆီးသွားကြောင်း ရေးသားနေကြသည်။

ရဲတပ်ကြီးသမီးမှာ လောင်းလုံးမြို့မှ ထားဝယ်သို့အလုပ်သွားရန် ကားဖြင့်လိုက်ပါသွားစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

သဗျာကျေးရွာတွင် ထိုသို့ပဋိပက္ခဖြစ်ပွားနေချိန် သဲပုံတောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ထားဝယ်မြို့ ကမ်းနားလမ်း အကောက်ခွန်ရုံတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံတို့က ဆိုသည်။

လောင်းလုံးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် လမ်းပိုင်းစစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့က ဇွန်လ ၃၀ ရက်တွင် ပူးတွဲ ထုတ်ပြန်ထားသည်။

ထိုသို့ထုတ်ပြန်ပြီးနောက် ထားဝယ်-လောင်းလုံး-ရှင်မော်သွားလမ်းပိုင်းတွင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထိုသို့စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် စစ်ဆေးနေသည့်ဟုယူဆရသည့် ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၁ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထားဝယ်-လောင်းလုံး လမ်းပိုင်းစစ်ဆေးနေချိန် ပန်းဒလဲရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေးနှစ်ဦး၊ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။