BREAKING
September 21, 2024

လောင်းလုံး ရေဖြူရွာသား လေးဦးအဖမ်းခံရ

July 11, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုမှ ရွာသားလေးဦး ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် အဖမ်းခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဖမ်းခံထားရသူများမှာ ရေဖြူကျေးရွာ နာရေးကူညီမှုအသင်းဝင် အသက် ၄၀ ကျော်အရွယ် ဦးဖိုးဇော်၊ ပိန္နဲတောရွာသား အသက် ၃၀ အရွယ် ကိုစိုးအောင်၊ အသက် ၅၅ နှစ်အရွယ် ဦးညီညီအောင်၊ အသက် ၂၄ နှစ်အရွယ် ကိုသားကြီးတို့ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဦးညီညီအောင်နှင့် ကိုသားကြီးမှာ သားအဖတော်စပ်သည်။

ကိုစိုးအောင်နှင့် ကိုသားကြီးတို့ထံမှ လက်လုပ်လေသေနတ်ဆောင်ထားသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဦးညီညီအောင်က ဆီတောခြံနားမှာနေတာ၊ သားအဖနှစ်ယောက်ကတော့ ကြက်ခြံထဲမှာနေကြတယ်။ လေသေနတ်က ရှဉ့်ပစ်ဖို့ ဆောင်ထားကြတာ” ဟု ၎င်းကပြောသည်။

ရေဖြူနာရေးကူညီမှုအသင်းဝင်ဖြစ်သူ ဦးဖိုး‌ဇော်မှာ ရေဖြူအထက်တန်းကျောင်းအနီးတွင်နေထိုင်သူဖြစ်ပြီး ကုန်စုံဆိုင်ဖွင့်ထားသူဖြစ်သည်။

၎င်းမှာ သပိတ်စစ်ကြောင်းကို ဦးဆောင်သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

ဦးဖိုး‌ဇော်နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးစဉ် ဆိုင်အတွင်းမှ ပစ္စည်းအချို့ကိုလည်း ယူဆောင်သွားသည်ဟုဆိုသည်။

ညနေ ၃ နာရီအထိ မေးမြန်းချက်အရ ရေဖြူကျေးရွာနေရာသုံးခုတွင် စစ်သားများ နေရာယူထားဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ရေဖြူရွာတောင်ပိုင်း မဟာဗောဓိ ဘုန်းကြီးကျောင်းအနီး၊ အလယ်ပိုင်း ရေဖြူအထက်တန်းကျောင်းအနောက်ဘက် ဒေသအခေါ် ဘုရားကုန်းအပေါ်၊ မြောက်ပိုင်း သီရိမင်္ဂလာဘုန်းကြီးကျောင်းအနီးတို့တွင် နေရာယူထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“စက်သေနတ်၊ လက်နက်ကြီး၊ လက်နက်ငယ် အစုံပါတယ်” ဟု မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ဆိုသည်။

ယနေ့ နံနက်လေးနာရီခန့်မှစပြီး ရေဖြူကျေးရွာအုပ်စုအတွင်းရှိ နေအိမ်အချို့အား ဝင်ရောက် ရှာဖွေမှုများပြုလုပ်ပြီး ညနေပိုင်းအထိ အခြေအနေ တည်ငြိမ်ခြင်းမရှိသေးသဖြင့် ဒေသခံရွာသားများ စိုးရိမ်လျှက်ရှိကြောင်း ပြောဆိုကြသည်။