BREAKING
September 7, 2024

ပါချန် ပုံပြင်

June 11, 2024

စစ်အာဏာအရိပ်မည်းတွေ လွင့်ပျယ်သွားပြီဆိုတဲ့ ခံစားမှုဟာ ၂၈ နှစ်အရွယ် လူငယ် ကိုထွန်းလတ်(အမည်လွှဲ)အတွက် မြန်မာနိုင်ငံမှာ ကျောင်းတစ်ခုဖွင့်ပြီး လူငယ်တွေကို စာသင်ပေးဖို့ အိပ်မက်တွေ ဖြစ်လာစေခဲ့ပါတယ်။ သူဟာ ဇနီးနဲ့ သားသမီးတွေနဲ့အတူ ထိုင်း-မြန်မာ နယ်ခြားမြစ်ဖြစ်တဲ့ ပါချန်မြစ်ကို လှေနဲ့ဖြတ်ကူးခဲ့ကြပါတယ်။

မြစ်လယ်ကို ရောက်တဲ့အခါမှာတော့ ကိုထွန်းလတ်ဟာ သူ့အိတ်ထဲကနေ တစ်စုံတစ်ရာကို ဆွဲထုတ်ယူလိုက်ပါတယ်။ စာရွက်စာတမ်းတချို့ သူ့လက်ထဲမှာ ပါလာပါတယ်။ သူတို့ ဇနီးမောင်နှံအပြင် ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တဲ့ သမီးနဲ့ သားအတွက် ထိုင်းနိုင်ငံက ထုတ်ပေးထားတဲ့ နေထိုင်ခွင့်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တွေ၊ သက်သေခံကတ်ပြားတွေ စတဲ့ မှတ်တမ်းမှတ်ရာ အထောက်အထားတွေဖြစ်ပါတယ်။

ကိုထွန်းလတ်ဟာ အဲဒါတွေအကုန်လုံးကို မြစ်ရေထဲမှာ မျှောချလိုက်ပါတော့တယ်။ ဒီမိုကရေစီလင်းပွင့်စ မိမိတိုင်းပြည်ထဲမှာပဲ အခြေချနေထိုင်တော့မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ပါပဲ။

ထိုင်းနိုင်ငံကို တရားမဝင်ပုံစံနဲ့ နောက်တစ်ကြိမ် လာစရာမလိုတော့ဘူးဆိုတဲ့ ခံစားမှုနဲ့အတူ မြစ်ရေထဲ မျောပါသွားတဲ့ စာရွက်စာတမ်းတွေကို ကျေနပ်စွာ ငေးကြည့်နေခဲ့ပါတယ်။

အဲဒီဖြစ်ရပ်က လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်က ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဟာ ကိုထွန်းလတ်လို လူငယ်တစ်ဦးရဲ့ စိတ်ကူးတွေကို ချာချာလည်သွား စေခဲ့တဲ့အပြင် သူ့သားသမီးတွေရဲ့ ပညာရေးလမ်းကြောင်းကိုလည်း ကောက်ကွေ့သွားစေခဲ့တာပါ။

အခုတော့ ကိုထွန်းလတ်ဟာ ၁၂ နှစ်အရွယ်သမီးနဲ့ ၉ နှစ်အရွယ် သားတို့ရဲ့ ပညာရေးခရီးအတွက် သူစွန့်ခွာခဲ့တဲ့ ပါချန်မြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံတောင်ပိုင်းက နယ်ခြားမြို့ဖြစ်တဲ့ ရနောင်းမြို့ကို ပြန်လည်အခြေချဖို့ ဖြစ်လာခဲ့ပါပြီ။

“ပထမဆုံးခံစားချက်က ကိုယ့်ကိုယ်ကိုယ် ငိုရမလို၊ ရယ်ရမလို ခံစားချက်ဖြစ်တာပေါ့” လို့ သူက ထိုင်းနိုင်ငံကို နောက်တစ်ခေါက် ပြန်ရောက်လာရတဲ့အပေါ် သူ့ခံစားရမှုကို ပြောပါတယ်။

ဥရောပကော်မရှင်ရဲ့ ဖော်ပြထားချက်အရ မြန်မာနိုင်ငံရဲ့ ကလေးသုံးပုံတစ်ပုံဟာ ပညာသင်ယူခွင့်တွေဆုံးရှုံးနေရပါတယ်။ စာသင်ကျောင်းတွေမရှိတော့လို့၊ လေကြောင်းကနေ ဗုံးကြဲမှာ ကြောက်ရလို့ စတဲ့ အခြေအနေတွေကြောင့်ပါပဲ။

ပြည်တွင်းကျောင်းအပ်နှံမှုစရင်းတွေအရ အာဏာမသိမ်းခင်က အခြေခံပညာကျောင်းသူကျောင်းသား ကိုးသန်းကျော် ရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် ပိုတိုးလာရမှာဖြစ်ပေမဲ့ အာဏာသိမ်းလိုက်တာရဲ့ အကျိုးဆက်အဖြစ် ခြောက်သန်းကျော်ပဲ ရှိပါတော့တယ်။

အရင်နှစ်ကအချက်အလက်တွေအရ ကလေး ရှစ်သန်းကနေ ၁၀ အကြား ပညာသင်ယူမှုအခွင့်အလမ်းတွေ ဆုံးရှုံးသွားတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar) က ဖော်ပြခဲ့ပါတယ်။

ဆရာ၊ ဆရာမ ၃၀ ရာခိုင်နှုန်းဝန်းကျင်ကလည်း စစ်ကောင်စီရဲ့လက်အောက်မှာ အမှုမထမ်းကြတော့ဘဲ အလုပ်ထွက်ခဲ့ကြပါတယ်။ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တခြားတော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ စာသင်ကျောင်းတွေကို အွန်လိုင်းရော၊ မြေပြင်ပါ ဖွင့်လှစ်ထားပေမဲ့ အရေအတွက်ကတော့ နည်းပါးပါသေးတယ်။

ကလေးတချို့ကတော့ နိုင်ငံပြင်ပကို မိဘာတွေနဲ့အတူ လိုက်ပါခဲ့ကြရပါတယ်။ အများစုကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအခြေချသူတွေ ဖြစ်လာခဲ့ကြပါတယ်။ အဲဒီထဲမှာ ကိုထွန်းလတ်တို့ မိသားစုလည်း ပါဝင်ပါတယ်။

စစ်အာဏာသိမ်းမှုက ရိုက်ချိုးလိုက်တဲ့ ကလေးတွေရဲ့အနာဂတ်ကို ပြန်ဆက်နိုင်ဖို့ ကိုထွန်းလတ်မှာ စွန့်လွှတ်ခဲ့ရတာတွေ မနည်းမနော ရှိနေခဲ့တာပါ။

သူဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် စစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး တစ်လခွဲလောက် စစ်ကြောခံခဲ့ရပါတယ်။ အဲဒီနောက် ပြန်လွတ်လာတဲ့အခါမှာတော့ ထိုင်းနိုင်ငံကို အောက်လမ်းကနေ ထွက်ခွာလာခဲ့ပြီး သူ့တစ်ကိုယ်ရေရပ်တည်ရေးအတွက် အလုပ်လုပ်ခဲ့သလို ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး နိုင်ငံရေးကိစ္စတွေအတွက် လေ့လာဆည်းပူးနေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာပဲ လက်ရှိဇနီးဖြစ်တဲ့ သူ့ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက် မွေးဖွားခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ ၂၀၁၁ ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဟာ မြန်မာနိုင်ငံကို ကမ္ဘာကြီးနဲ့ ပြန်လည်ချိတ်ဆက်ပေးနိုင်ခဲ့သလို အဝေးရောက် နိုင်ငံသားတွေကိုလည်း ပြည်တော်ပြန်လာစေနိုင်ခဲ့ပါတယ်။ သူလည်း ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီ အာဏာရချိန်မှာ မြန်မာနိုင်ငံကိုပြန်သွားခဲ့တာပါ။ နိုင်ငံရဲ့ တခြားဒေသတွေနဲ့ ယှဉ်ရင် နောက်ကျကျန်ရစ်နေတဲ့ သူ့ရဲ့ဒေသကို ရှေ့ကို ဆွဲခေါ်နိုင်ဖို့ မျှော်လင့်ချက်တွေကို အိမ်အပြန်လမ်းမှာ သူ ထမ်းပိုးသွားခဲ့ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက သူ့ဇာတိကျေးရွမှာနေထိုင်ရင်း ဒေသတွင်းက လူငယ်အရေးတွေအကို ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သလို နိုင်ငံလုံးဆိုင်ရာ လူငယ်ရေးရာကော်မတီမှာလည်း ပါဝင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေသအခြေစိုက်တိုင်းရင်းသားပါတီတစ်ခုအတွက်လည်း အလုပ်လုပ်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း တောင်ခြေမှာရှိတဲ့ သစ်တောအုပ်တစ်ခုထဲက မြေကွက်ကို ရှင်းလင်းပြီး ကျောင်းဝင်းအဖြစ် ဖန်တီးခဲ့ကာ လူငယ်ဖွံ့ဖြိုးရေးကျောင်းတစ်ခုကို ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ သူ့ကျောင်းဟာ တနင်္သာရီတိုင်းရဲ့ ပထမဆုံး လူငယ်ရေးရာဖွံ့ဖြိုးရေးသင်တန်းကျောင်းတစ်ခုဖြစ်ခဲ့ပြီး အဲဒီအချိန်က တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သလို ဒေသအတွက် အသိပညာမြှင့်တင်ရာ ဌာနတစ်ခု ဖြစ်ခဲ့ပါတယ်။

သမီးနဲ့ သားကို အစိုးရစာသင်ကျောင်းမှာပဲထားခဲ့ပြီး သူကိုယ်တိုင်ကတော့ တစ်ဖက်မှာ သင်တန်းကျောင်းဆရာနဲ့ နိုင်ငံ့အရေးတွေထဲမှာ နစ်မြှုပ်ထားခဲ့ပါတယ်။

သူ့ဒေသဟာ ရှေးရိုးစွဲဘာသာရေးယုံကြည်မှုတွေအောက်မှာ ပိတ်မိနေပြီး တလွဲဂုဏ်မောက်နေမှုတွေ ကြီးစိုးနေတာပါ။ ဥပမာပြရရင် သူ့ကျေးရွာလူထုအနေနဲ့ ဘာသာရေးဆိုင်ရာကိစ္စတွေအတွက် ဘယ်လောက်သုံးစွဲနေကြသလဲဆိုတာကို သူ့ဘာသာ စာရင်းပြုစုပြီး အကြမ်းဖျဉ်းတွက်ချက်ကြည့်တဲ့အခါ တစ်နှစ်တစ်နှစ်ကို ဒေါ်လာ သန်းချီရှိနေတာကို တွေ့ရပါတယ်။ လူငယ်နဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံတာမျိုးတော့ ရှိမနေခဲ့ပါဘူး။

“မင်းရဲ့ အကြီးဆုံးမျှော်မှန်းချက် ပြောပါဆိုရင် အဲဒီ Mindset(အတွေးအယူ၊ အလေ့အထ)တွေကို ပြောင်းလဲချင်တာ” လို့ ကျောင်းဖွင့်ရတာနဲ့ပတ်သက်ပြီး သူက ပြောပါတယ်။

သင်တန်းကျောင်းအရှိန်ကောင်းနေချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နိုင်ငံ့ရဲ့ တလူလူတိုးထွက်နေတဲ့ အဖူးအညွန့်တွေကို စစ်ဖိနပ်နဲ့ နင်းခြေဖျက်ဆီးပစ်ခဲ့ပါတယ်။ ကိုထွန်းလတ်ရဲ့ သင်တန်းကျောင်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သူ့ရဲ့နေအိမ်ကိုလည်း ချိတ်ပိတ်လိုက်ကြပါတယ်။ သူတို့မိသားစုကတော့ ဖမ်းဆီးခံရမယ့်ဘေးကနေ လွတ်အောင် ရှောင်ထွက်နိုင်ခဲ့ကြပါတယ်။

တောတွေ၊ တောင်တွေ၊ လျှိုတွေနဲ့ မြစ်ချောင်းတွေထူထပ်လှတဲ့ တနင်္သာရီရိုးမကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံကို သူတို့မိသားစု ရွှေ့ပြောင်းလာခဲ့ကြပါတယ်။ အခုတော့ သူ့မှာ တရားဝင်အထောက်အထား စာရွက်စာတမ်းတွေ ရှိမနေတော့ပါဘူး။ နယ်စပ် မဲဆောက်မြို့မှာ သူတို့မိသားစု အခြေချခဲ့ပါတယ်။ သူ့ရဲ့ ပညာရည်နဲ့ အတွေ့အကြုံကြွယ်ဝမှုတွေ၊ နိုင်ငံရေးဖြတ်သန်းမှုတွေကြောင့်တော့ အတော်အသင့် ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုကိုလည်း မဲဆောက်မှာ သူရှာတွေ့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သားသမီးတွေရဲ့ ပညာရေးလမ်းကြောင်းကို သူ စိတ်ကျေနပ်မှု ရှိမနေပါဘူး။

ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း(IOM) ရဲ့စာရင်းတွေအရ ထိုင်းနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းအခြေချသူတွေရဲ့ ကလးပေါင်း လေးသိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အများစုကတော့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက ဖြစ်ကြပါတယ်။ ၂၀၂၁ ခုနှစ်စာရင်းတွေအရ ထိုင်းအစိုးရရဲ့ အခြေခံပညာကျောင်းတွေမှာ တက်ရောက်နေတဲ့ မြန်မာကလေးငယ် နှစ်သောင်းကျော်ရှိနေပါတယ်။ ဒါက လွန်ခဲ့တဲ့ သုံးနှစ်က စာရင်းဖြစ်သလို ပြင်ပ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ တက်ရောက်နေကြတဲ့အရေအတွက်လည်း မပါဝင်သေးပါဘူး။

ထိုင်းနိုင်ငံရဲ့ ပညာရေးမူဝါဒမှာတော့ ထိုင်းနိုင်ငံသားကလေးတွေအပြင် နိုင်ငံအစုံကလာရောက်အခြေချတဲ့ ကလေးအားလုံး ပညာသင်ယူခွင့်ရှိစေရမယ်လို့ ဆိုထားပါတယ်။ တရားဝင်အထောက်အထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုင်းအစိုးရစာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံခွင့်ရှိကြပါတယ်။

ဒါပေမဲ့ ဘာသာစကားအခက်အခဲအပြင် မြန်မာနိုင်ငံမှာ ဘယ်အတန်းပဲ တက်ခဲ့တက်ခဲ့ ထိုင်းကျောင်းမှာ အငယ်တန်းကနေ ပြန်လည်တက်ရောက်ကြရတာမို့ အတန်းကြီး၊ အသက်ကြီးပြီဖြစ်တဲ့ ကလေးတွေအတွက် နောက်ပြန်ဆုတ်ရသလို ဖြစ်နေစေပါတယ်။

ငွေကြေးတတ်နိုင်သူတွေအတွက်တော့ နိုင်ငံတကာသင်စာသင်ကျောင်းတွေကို အပ်နှံနိုင်ကြပေမဲ့ အဲဒီလို တတ်နိုင်ဖို့က အနည်းစုပဲ ဖြစ်ပါတယ်။ တစ်နှစ်စာကုန်ကျစရိတ် ထိုင်းဘတ်ငွေ ငါးသောင်းကနေ ခြောက်သောင်း(မြန်မာကျပ် သိန်း ၇၀ ဝန်းကျင်)ကို မတတ်နိုင်ကြလို့ပါပဲ။

ဒီတော့ ထိုင်းနိုင်ငံရေး မြန်မာနိုင်ငံသားတွေရဲ့ ကလေးအများစုဟာ မြန်မာတွေဖွင့်လှစ်တဲ့ မြန်မာကျောင်းတွေကိုပဲ ရွေးချယ်ကြရပါတယ်။ သူတို့ဟာ ကုန်ကျစရိတ်သက်သာသလို သင်ရိုးတွေကလည်း မြန်မာပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ သင်ရိုးတွေအတိုင်းဖြစ်တာကြောင့် ကလေးရော၊ ကလေးမိဘတွေရောအတွက် သက်တောင့်သက်သာဖြစ်စေပါတယ်။ ကုန်ကျစရိတ်ကလည်း တစ်နှစ်တာအတွက် ကျပ် ၁၀ သိန်းအောက်မှာပဲ ရှိပါတယ်။

မြန်မာကျောင်းတွေကိုရောက်လာတဲ့ ကလေးငယ်အရေအတွက်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဆလောက်ပိုများလာတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းကလေးငယ်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ဆိုပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းအပါအဝင် မြန်မာနဲ့နီးတဲ့ နယ်စပ်မြို့တွေမှာ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားကြတဲ့ မြန်မာစာသင်ကျောင်းတွေလည်း ပုံစံမျိုးစုံနဲ့ ရှိနေကြပါတယ်။ ကိန်းဂဏန်းအတိကျကိုတော့ မသိရပါဘူး။

ဦးထူးချစ်ရဲ့အဆိုအရ မြန်မာကျောင်းတွေရဲ့ အရေးကြီးတဲ့ပြဿနာက ပညာရည်အသိအမှတ်ပြုခံရဖို့ အာမခံချက်ရှိမနေတာပါပဲ။ ပြီးတော့ ဒီကျောင်းတွေဟာ တရားဝင်မဟုတ်ကြတာမို့ စာသင်ကျောင်းအဖြစ် နာမည်မခံဘဲ သင်ကြားရေးစင်တာအဖြစ်နဲ့ အခန်းတွေ၊ အဆောက်အအုံတွေငှားပြီး ဖွင့်လှစ်သင်ကြားပေးကြတာဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းနဲ့ သင်ကြားရေးပိုင်းတွေမှာလည်း ချို့တဲ့မှုတွေ ရှိနေကြတာပါ။ မကြာခဏဆိုသလိုပဲ ကျောင်းဖွင့်လှစ်သူတွေရော၊ သင်ကြားတဲ့ ဆရာ၊ ဆရာမတွေရောအပြင် ကျောင်းသူကျောင်းသားတွေပါ မကြာခဏ ဖမ်းဆီးခံရ၊ တစ်ခါတစ်ရံမှာ မြန်မာနိုင်ငံကို ပြန်ပို့ခံရတာမျိုးတွေလည်း ရှိနေခဲ့ပါတယ်။

အရင်ကတော့ အဲဒီကျောင်းတွေဟာ မြန်မာနိုင်ငံအတွင်းက အစိုးရပညာရေးဝန်ကြီးဌာနနဲ့ အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်မှုရှိကြသလို တစ်စုံတရာအသိအမှတ်ပြုခံရမှုလည်း ရှိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံကို ပြန်သွားမယ်ဆိုရင်လည်း ထိုင်းနိုင်ငံမှာ တက်ခဲ့တဲ့ အတန်းအတိုင်း အစိုးရကျောင်းတွေမှာ ပြန်တက်ခွင့်ရခဲ့ကြတာပါ။ အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံအတွင်းက မြန်မာစာသင်ကျောင်းတွေဟာ စစ်ကောင်စီနဲ့ အချိတ်အဆက်ပြတ်ကုန်ကြပါတယ်။ အကျိုးဆက်ကတော့ ကလေးတွေရဲ့ ပညာရည်တက်မြောက်မှုအခြေအနေကို အသိအမှတ်ပြုပေးမယ့်သူ မရှိ ဖြစ်ရတာပါပဲ။

ကိုထွန်းလတ်ဟာလည်း သူ့ရဲ့ကလေးတွေကို မဲဆောက်မှာရှိတဲ့ မြန်မာစာသင်ကျောင်းတစ်ခုကို အပ်နှံခဲ့ပါတယ်။ သုံးနှစ်လောက်ကြာခဲ့ပေမဲ့ ကျောင်းတွေရဲ့ အသိအမှတ်ပြုခံရမှုပြဿနာကြောင့် ကလေးတွေရဲ့ အနာဂတ်ကတော့ မရေမရာပဲ ရှိနေခဲ့ပါတယ်။

ဒါကြောင့်ပဲ ကိုထွန်းလတ်ဟာ သားသမီးတွေအတွက် ပညာရေးရှာပုံတော် ဖွင့်ရပြန်ပါတယ်။ ထိုင်းတောင်ပိုင်း ရနောင်းမြို့မှာ ဖွင့်လှစ်ထားတဲ့ ဈေးသက်သာတဲ့ နိုင်ငံတကာကျောင်းတစ်ခုနဲ့ ချိတ်ဆက်မိခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပဲ ကိုထွန်းလတ်တို့မိသားစုဟာ အဲဒီကို ရွှေ့ပြောင်းခဲ့ပါတယ်။ ဒီအတွက် မဲဆောက်မှာရှိတဲ့ ဝင်ငွေကောင်းတဲ့အလုပ်ကို စွန့်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပါချန်မြစ်ဟာ သူနဲ့ ရေစက်မကုန်သေးပါဘူး။ မြစ်ကို မြင်တဲ့အခါ တစ်ချိန်က သူ ထိုင်းနိုင်ငံကို သံယောဇာဉ်ဖြတ်ခဲ့မှုကို ပြန်လည်အမှတ်ရမိစေပါတယ်။

“ရှိသမျှ document(အထောက်အထားမှတ်တမ်းစာရွက်)တွေအကုန်လုံးကို အဲဒီပါချန်မြစ်ထဲကို ပစ်ချခဲ့တာ” လို့ သူက ပြန်ပြောင်းပြောပြပါတယ်။

ဒါဟာ လွတ်လပ်လင်းပွင့်တဲ့ ခေတ်ကာလထဲမှာ လူငယ်တွေကို အသိပညာမြှင့်တင်ပေးခဲ့တဲ့ ကျောင်းဆရာတစ်ယောက်၊ နိုင်ငံက အမှောင်ကျခေတ်ပျက်သွားတဲ့အခါ သားသမီးတွေရဲ့ပညာရေးအတွက် ရတတ်မအေးဖြစ်နေရတဲ့ ဖခင်တစ်ယောက်ရဲ့ ဇာတ်လမ်းပါပဲ။

“ကလေးတွေနဲ့ပတ်သက်တဲ့၊ ဒီပညာရေးနဲ့ပတ်သက်တဲ့အပူက ဘာအပူနဲ့မှ လဲလို့မရဘူးဗျ၊ သိလား” လို့ သူက ပြောပါတယ်။

ငြိမ့်လွင့်