ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသည့် ပတ္တမြားငမောက်သရက်သီးမှာ ယခုနှစ်တွင် အထွက်လျော့၍ အသီးရာသီကုန်သွားပြီဖြစ်ကြောင်း တောင်သူများထံကသိရသည်။
ပတ္တမြားငမောက်သရက် ကို ပုံမှန်အတိုင်း မေလဆန်းမှ ဇွန်လနှောင်းအထိ အသီးရာသီးအဖြစ် ခူးဆွတ်ကာဈေးကွက်ဖြန့်ချိလေ့ရှိသော်လည်း ယခုနှစ် မေလနှောင်းပိုင်းတွင်ပင် အသီးကုန်သွားပြီဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
“ရာသီဥတုကြောင့်ပဲ ပြောရမယ်။ အခြားသရက်ပင် မချစ်စု ၊ ရင်ကွဲတွေလည်း အခုနှစ်အသီးနည်းတယ်၊ ပတ္တမြားငမောက်လည်း အဲလိုပဲ အခုနှစ်အသီးနည်းတယ် မနှစ်ကထက်ပိုလျော့တယ်။ ဒီနှစ်လုံးဝမသီးတဲ့အပင်မျိုးတောင်ရှိတယ်” ဟု ပတ္တမြားငမောက်စိုက်သည့် ကလိန်အောင် ဒေသခံတောင်သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့်နှစ်က အသီးထွက်နှုန်း ၅ ပုံ ၁ပုံခန့်သာရရှိခဲ့ပြီး ယခုနှစ်တွင် ယင်းပမာဏထက် ပိုနည်းသွားကြောင်း၎င်းကဆိုသည်။
ဈေးကွက်ဖြန့်ချိမှုအနေဖြင့် ထားဝယ်ခရိုင်အတွင်းသာဖြန့်ချိခဲ့ပြီး အသီးအထွက်နည်းသဖြင့် ဈေးကောင်းရခဲ့သည်ဟု တောင်သူတို့ထံကသိရသည်။
ယခင်နှစ်က လက်ကားဈေး တစ်လုံးလျှင် ၁၃၀ဝ ကျပ် အများဆုံးရခဲ့ပြီး ယခုနှစ်တွင် တစ်လုံးလျှင် ကျပ် ၂၀ဝဝ အထိ ဈေးရခဲ့သည်ဟု ၎င်းတို့ကပြောသည်။
ကလိန်အောင်မြို့တွင်စိုက်သည့် ပတ္တမြားငမောက်မျိုးရင်း သည် မန္တလေးမှမျိုးရင်းဖြစ်ပြီး ကလိန်အောင်ဒေသတွင် ၂၀၁၉ မှ စ၍ စီးပွားဖြစ်စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။