ဘန်ကောက်မြို့ရှိ နာမည်ကြီး ချာတူးချတ်ဈေးကြီးတွင် အိမ်မွေးတိရစ္ဆာန်များရောင်းနေသော ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်သဖြင့် အိမ်မွေးတိရစ္ဆာန်မျိုးစုံ အကောင် တစ်ထောင်ခန့် မီးလောင်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဇွန်လ ၁၁ရက် နံနက် ၄ နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးခိုးလုံးများ ထွက်လာသည်နှင့် ဈေးဆိုင်ဝန်ထမ်းများ လုံခြုံရေးအတွက် ဝရုန်းသုံးကား ထွက်ပြေးခဲ့ကြကြောင်း ဖော်ပြသည်။
မီးသည် အိမ်မွေးတိရစ္ဆာန်နှင့် နာမည်ကြီး အလှမွေးငါးများရောင်းချနေသော ဆိုင်ခန်းနေရာများတွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးသတ်တပ်ဖွဲ့ဝင်များက ချက်ချင်းလာရောက်ငြှိမ်းသတ်ခဲ့သော်လည်း မီးက မြန်မြန်ဆန်ဆန် ကူးစက်သွားပြီး ဆိုင်ခန်းပေါင်း ၁၁၈ ဆိုင်ခန်းအထိ လောင်ကျွမ်းသွားခဲ့ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။






မီးလောင်မှုကြောင့် အလှမွေးငါးများ၊ အိမ်မွေးကြောင်နှင့် ခွေးများ၊ ငန်း၊ ငှက်၊ မြွေနှင့် မျောက်များစသော တန်ဖိုးကြီး တိရစ္ဆာန်ပေါင်းစုံသည် မီးထဲပါပြီး သေဆုံးခဲ့ကြကြောင်း ဆိုင်ရှင်များက ပြောဆိုထားသည်။
သို့သော်လည်း လူများ ထိခိုက်သေဆုံးခဲ့ခြင်းမရှိကြောင်း သတင်းများက ဆိုသည်။
မီးသတ်တပ်ဖွဲ့က မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Ref: The Thaiger, Thai PBS