အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သော မာလာဝီနိုင်ငံ၏ ဒုတိယသမ္မတ လိုက်ပါသွားသော လေယာဉ် ဇွန်လ ၁၀ ရက်နေ့က ပျောက်ဆုံးနေကြောင်း မလာဝီနိုင်ငံသမ္မတရုံးက ထုတ်ပြန်ထားသည်။။
လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၇ မိနစ်ခန့်က မြို့တော် လီလွန်ဝီမြို့မှ နိုင်ငံမြောက်ပိုင်း မာဇူဇူလေဆိပ်သို့ ပျံသန်းရန် ထွက်ခွာခဲ့စဉ် ခဏအကြာတွင် ရေဒါနှင့် ဆက်သွယ်မရဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
လေယာဉ်ပေါ်တွင် အသက် ၅၁ နှစ်အရွယ် ဒုတိယသမ္မတ ဆော်လော့စ် ချီလင်မာနှင့်အတူ သမ္မတဟောင်းတစ်ဦး၏ ဇနီးဖြစ်သူအပါအဝင် ၁၀ ဦးတို့ လိုက်ပါသွားခဲ့သည်။
ဒုသမ္မတနှင့်အဖွဲ့သည် ပြီးခဲ့သောအပတ်က ကွယ်လွန်ခဲ့သော အစိုးရဝန်ကြီးဟောင်းတစ်ဦး၏ နာရေးကို သွားစဉ် လေယာဉ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိ အချိန်ထိ လေယာဉ်၏ တည်နေရာနှင့် ဒုသမ္မတ၏ အခြေအနေကို မသိရသေးကြောင်း ထုတ်ပြန်ထားသည်။
ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းအတွက် မြေပြင်ရှိ တောင်များကြားတွင် စစ်တပ်က ရှာဖွေနေပြီး လေယာဉ်ကို ရှာတွေ့သည်အထိ မရပ်မနား ရှာဖွေကြရန် မာလာဝီသမ္မတ ချက်ဝီရာက ညွှန်ကြားထားသည်။
ယခုအဖြစ်အပျက်ကြောင့် သမ္မတ ချက်ဝီရာက ဘဟားမားစ်နိုင်ငံသို့ သွားမည့်ခရီးကိုလည်း ဖျက်သိမ်းခဲ့သည်။
ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ပြီးခဲ့သည့် မေလက အီရန်သမ္မတ ရိုင်စီ သေဆုံးခဲ့သလို ဧပြီလကလည်း ကညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန်စစ် အိုဂိုလာ သေဆုံးခဲ့သေးသည်။
Ref: BBC, AP