BREAKING
January 6, 2025

ထားဝယ်မြစ်တွင် အမျိုးသားအလောင်းတွေ့

June 11, 2024

ထားဝယ်မြစ်အတွင်း အမျိုးသားအလောင်းတစ်လောင်း မျောပါနေသည်ကို ဇွန်လ ၁၀ ရက် ညနေပိုင်းက တွေ့ရှိရကြောင်း ဒေသခံတို့က ပြောသည်။

လောင်းလုံးမြို့နယ် ကညုံကျွန်းရွာအနီးရှိ ထားဝယ်မြစ်ထဲတွင် တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“အလောင်းက ပုပ်ပွနေပြီ။ ရုပ်ပျက်ဆင်းပျက်လည်းဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

သေဆုံးသူမှာ ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ကျော် အရွယ်ရှိ ဦးရဲမြင့်ဆိုသူ ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးရဲမြင့်သည် ထားဝယ်မြို့ နေအိမ်မှ ပိန်းတောရွာသို့ လှေလိုက်ရန် ထွက်ခွာသွားပြီးနောက် တစ်ရက်အကြာ ဇွန်လ ၄ရက် ညတွင် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဇွန်လ ၅ ရက်တွင် မိသားစုဝင်တစ်ဦးက Dawei Watch သို့ ဆက်သွယ် ပြောဆိုထားသည်။

ထို့နောက် ဇွန်လ ၆ ရက်တွင် ဇနီးဖြစ်သူကို Dawei Watch သတင်းဌာနက ပြန်လည်ဆက်သွယ် မေးမြန်းရာတွင် ၎င်း၏ အမျိုးသားဖြစ်သူမှာ လှေထွက်စရိတ် ကျပ် ၂၅၀၀၀ယူပြီး လှေလိုက်သွားခြင်းဖြစ်ကြောင်း ပြောသည်။

အရက်သောက်ပြီး လှေပေါ်တွင် အိပ်နေရာမှ ဇွန်လ ၅ရက်နံနက်တွင် မတွေ့ရတော့သည့်အကြောင်းကို လှေပိုင်ရှင်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၏ ပြောပြချက်အရသိရကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူက ဆိုသည်။

“လှေပေါ်မှာတော့ သူ့အဝတ်စားရှိသေးတယ်။ ရေထဲပြုတ်ကျတယ်လို့ပဲ ထင်နေကြတယ်။ (အရက်မူးရင်) လျှောက်သွားလျှောက်လာတာမျိုးတော့မရှိဘူး။ အရက်မူးရင် သူ့ဘာသူ ဆဲနေတတ်တယ်။ သူက အိမ်ထောင်ရေး အရှုပ်အရှင်းလည်း မရှိဘူး” ဟု ၎င်းက ပြောသည်။

ဉီးရဲမြင့်သည် လှေပေါ်မှပြုတ်ကျသည်ဟုယူဆပြီး လိုက်လံစုံစမ်းရှာဖွေရာမှ ၇ရက်ခန့်အကြာ ဇွန်လ ၁၀ ရက် ညနေ ၅နာရီ ခန့် တွင် ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးရဲမြင့်၏ အလောင်းကိုမူ ယနေ့ ဇါန်လ ၁၁ရက်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

ဇွန်လ ၇ ရက်ကလည်း ထားဝယ်မြစ်အတွင်း၌ ငါးဖမ်းပိုက်ထောင်ရန်သွားသည့်လှေ တိမ်းမှောက်ပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။