BREAKING
October 18, 2024

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ၁၂၀၀ ကျော်အောင်ပြီး ၂၀၀ ကျော် ဂုဏ်ထူးရရှိ

June 11, 2024

တနင်္သာရီတိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၂၆၃၅ ဦးရှိသည့်အနက် ၁၂၀၆ ဦး အောင်မြင်ပြီး ဂုဏ်ထူးပါသူ ၂၀၄ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

အောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒသမ ၃၈ ရာခိုင်နှန်းရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

အောင်မြင်သူများမှာ ထားဝယ်စာစစ်ဌာနတွင် ၁၇၉ ၊ ရေဖြူတွင် ၃၆ ၊ လောင်းလုံးတွင် ၆ ၊ သရက်ချောင်းတွင် ၆ ၊ မြိတ်တွင် ၆၂၁၊ ကျွန်းစုတွင် ၁၄၃ ၊ ပုလောတွင် ၉၁၊ တနင်္သာရီတွင် ၆၊ ကော့သောင်းတွင် ၆၈၊ ဘုတ်ပြင်းတွင် ၅၀ ဦးရှီကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ယင်းအထဲတွင် ၆ ဘာသာ ဂုဏ်ထူးပါသူ ၃ ဦး၊ ၅ ဘာသာ ဂုဏ်ထူးပါသူ ၉ ဦး၊ ၄ ဘာသာ ဂုဏ်ထူးပါသူ ၈ ဦး၊ ၃ ဘာသာ ဂုဏ်ထူးပါသူ ၁၃ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၄၅ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၂၆ ဦးဖြင့် စုစုပေါင်း ဂုဏ်ထူးပါသူ ၂၀၄ ဦးရှိကြောင်း ၎င်းက ပြောသည်။

၂၀၂၃ ခုနှစ်က စနစ်ဟောင်းဆယ်တန်းနှင့် စနစ်သစ် ၁၂ တန်း ကျောင်းသူ ကျောင်းသား စုစုပေါင်း ၃၉၀၇ ဦးရှိပြီး အောင်မြင်သူ ၂၆၅၈ ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၆၈ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဆယ်တန်းစနစ်ဟောင်းဖြေဆိုသူများရှိသဖြင့် အောင်ချက်ရာခိုင်နှန်းပိုများသည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ်ဖြေဆိုသူအားလုံးမှာ စနစ်သစ် ၁၂ တန်းပညာရေးကို ဖြေဆိုကြရပြီး သင်ကြားရေး ဆရာများမှာလည်း အတွေ့အကြုံနည်းသေးသလို သင်ယူသည့်ကျောင်းသား ကျောင်းသူများ အတွက်လည်း စာများပိုခက်လာသဖြင့် ပြီးခဲ့သည့်နှစ်ထက် အောင်ချက်နည်းတာဖြစ်နိုင်သည်ဟု တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ဆိုသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဝက်ဆိုက်က ထုတ်ပြန်ချက်တွင်မူ တနင်္သာရီတစ်တိုင်းလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၈၅၅ ဦးရှိပြီး ဂုဏ်ထူးပါသူ ၁၂၃ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းနှင့် တိုင်းပညာရေးမှူးရုံးက စာရင်းကွာဟချက်နှင့် ပတ်သက်ပြီး မည်သို့ကွာခြားနေသည် မသိကြောင်း၊ တိုင်းပညာရေးမှူးရုံးက စာရင်းမှာ သက်ဆိုင်ရာမြို့နယ်အလိုက် ပို့ပေးထားသည့် အောင်စာရင်းများကို တိုက်ဆိုင်ပြုစုထားခြင်းဖြစ်သည်ဟု အထက်ပါဌာနမှာ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။