သရက်ချောင်းမြို့နယ်၊ ရငဲရွာက စစ်ဘေးရှောင်လူငယ်အမျိုးသားတစ်ဦးကို ယနေ့ ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ကြောင်း ဒေသခံအချို့က ပြောသည်။
ဇွန်လ ၈ ရက်နေ့တည်းက စစ်ကောင်စီတပ်သည် မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာများဘက်ကို စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။
စစ်ဘေးရှောင်နေသည့် အသက် ၂၃နှစ်ခန့်အရွယ် ကိုဝေယံဟိန်းမှာ ကျန်းမာရေးမကောင်းသည့် မိခင်အတွက် အိမ်၌ ဆေးဝါးပြန်ယူစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့်တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရငဲရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“သူလည်းစစ်ဘေးရှောင်ပဲ။ သူ့အမေက ကျန်းမာရေးမကောင်းဘူးဆိုတော့ သူ့အမေတွက် ဆေးလာယူပေးတာ။ စစ်တပ်နဲ့ တွေ့ပြီး ပစ်သတ်လိုက်တယ်တဲ့။ သူတို့အိမ်ရှေ့မှာပဲ စစ်တပ်နဲ့တွေ့တယ်။ ထွက်ပြေးလို့ပစ်သတ်တယ်တဲ့” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။
ကိုဝေယံဟိန်း၏ ရုပ်အလောင်းကို နေအိမ်အရှေ့တွင်ပင် တွေ့ရကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ရငဲရွာက နေအိမ်သုံးလုံးကိုလည်း ယနေ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ထွက်ခွာချိန် ကင်းပုန်းများ ချထားခဲ့သည်ဟုလည်း သတင်းများကြားသည်ဟု ဒေသခံအချို့က ဆိုသည်။
စစ်ကောင်စီတပ်သည် ကနက်သီရိကျေးရွာက ကလေးငယ်များအပါအဝင် ဒေသခံ ၄၀ ကျော်နှင့် ကျွဲမင်းကုန်းရွာက ဒေသခံ သုံးဦးတို့ကို ဇွန်လ ၈ရက်နှင့် ၉ ရက်တွေ့တို့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းနောက် ဇွန်လ ၁၀ ရက်တွင် ၂၀ ဦးခန့် ယနေ့ ဇွန်လ ၁၁ ရက်တွင် ၂၀ ခန့်ကိုပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ယင်းအပြင် ကနက်သီရိကျေးရွာက လူနေအိမ် နှစ်လုံးနှင့် ပရိုဘောက်ကားတစ်စီးကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။
ယနေ့ညနေပိုင်းတွင်လည်း နေအိမ်ငါးလုံးခန့်ကို ထပ်မံမီးရှို့ခဲ့သည်ဟ သတင်းကြားရသော်လည်း တိတိကျကျ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။