BREAKING
December 27, 2024

တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာရှိ ဟုဆို

June 11, 2021

လက်ရှိ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူဦးရေ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ဇွန်လ ၁၀ ရက်နေ့အထိ စာရင်းအရ ကျောင်းအပ်သူ ခြောက်သောင်းနီးပါးသာရှိသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်သူ သုံးသိန်းတစ်သောင်းကျော် ရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

လက်ရှိပညာသင်နှစ်တွင် ကျောင်းအပ်သူနည်းနေသဖြင့် ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တို့က ကျေးရွာများအထိကွင်းဆင်းကာ ကျောင်းအပ်နှံရေးအတွက် စည်းရုံးနေသည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မနေ့က လေးထောင်လောက် ထပ်ပြီးလာအပ်ကြတာဆိုတော့ အခုဆို ခြောက်သောင်းလောက် ရှိလာပြီ” ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ထားဝယ်မြို့နယ်အတွင်းရှိ တောင်သုံးလုံးကျေးရွာတွင်လည်း ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ကျောင်းသားမိဘများကို အစည်းအဝေးခေါ်ယူကာ စည်းရုံးနေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက Dawei Watch သို့ ပြောသည်။

“ကျောင်းအတွက် အဓိကဆွေးနွေးချင်တယ်ဆိုပြီး သူတို့ အစည်းအဝေးခေါ်တယ်၊ ရွာထဲမှာ ကားနဲ့ မိုက်နဲ့လှည့်ပြီး လိုက်အော်တယ်၊ ရွာလုံးကျွတ်အစည်းအဝေး တက်ပေးပါဆိုပြီးတော့” ဟု ယင်းအမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်မှစတင်ကာ ကျောင်းအပ်လက်ခံနေပြီး ကျောင်းအပ်လက်ခံခြင်းကို အချိန်ကန့်သတ်မထားကြောင်း တိုင်းပညာရေးမှူးရုံးမှ အထက်ပါ တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်းအတွင်း CDM လုပ်သည့် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်းစုစုပေါင်း ခုနှစ်ထောင်နီးပါးကို ရာထူးမှ ထုတ်ပယ်ထားသည်။