BREAKING
December 24, 2024

ထိုင်းမှာ ဗီဇာသက်တမ်းလွန် ရက်ပေါင်း နှစ်ထောင်ကျော် နေထိုင်တဲ့ နယူးဇီလန်နိုင်ငံသားအဖမ်းခံရ

May 11, 2024

ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ အသက် ၆၀ အရွယ် နယူးဇီလန်နိုင်ငံသား တကိုယ်တည်းသမားတစ်ယောက်ဟာ ဗီဇာသက်တမ်းကုန်ဆုံးပြီး ၅ နှစ်ကျော် နေထိုင်ခဲ့ပါတယ်။ ဒီလိုနှစ်နဲ့ ချီပြီး တရားမဝင်နေလာခဲ့ပေမယ့် သူ့ကို ရဲတွေ ဖမ်းမိသွားလိမ့်မယ်လို့ သူ လုံးဝ ထင်မထားခဲ့ပါဘူး။

ထိုင်းနိုင်ငံ ပတ္တယားမြို့က လူဝင်မှုကြီးကြပ်ရေးရဲအရာရှိတွေဟာ ဗီဇာသက်တမ်းထက် ရက်ပေါင်း ၂၁၇၃ ရက် ကျော်လွန်နေတဲ့ မစ္စတာ ဂရန့် ဆိုသူ နယူးဇီလန်နိုင်ငံသားတစ်ယောက်ကို မနေ့က သောကြာနေ့ညမှာ ဖမ်းဆီးလိုက်ပါတယ်။

ပတ္ထရားမြို့မှာ နှစ်ချီနေလာခဲ့ပေမဲ့ သူ့မှာ သူငယ်ချင်း တစ်ယောက်မှ မရှိသလို အပြင်ထွက်လည်တာမျိုးလည်း မလုပ်၊ ဘယ်သူနဲ့မှလည်း အဆက်အဆံမလုပ်ဘဲ တကိုယ်တည်း နေခဲ့ပါတယ်။ ဒါကြောင့် သူ ဒီလို အဖမ်းခံရမယ်လို့ ထင်မထားခဲ့ဘူးဆိုပြီး မစ္စတာဂရန့် က ပြောပါတယ်။ သူဟာ တနေ့လုံး အိမ်ထဲမှာပဲ နေပြီး ဝယ်စရာရှိလာရင် ရဲတွေ သတိမထားမိအောင် ညဘက်မှသာ အပြင်ထွက်ဝယ်လေ့ရှိတယ်လို့ လည်း ပြောခဲ့ပါတယ်။

ပတ္တယားမြို့က နိုင်ငံခြားသားတွေအထဲမှာ ဗီဇာမပါဘဲ နေထိုင်နေကြသူတွေ ၊ ဗီဇာသက်တမ်းကျော်လွန် နေကြသူတွေ ရာဇဝတ်မှုကျူးလွန်ထားသူတွေ ၊ ထိုင်းနိုင်ငံသားတွေပဲ အလုပ်လုပ်ခွင့်ရှိတဲ့နေရာတွေမှာ ဝင်လုပ်နေကြသူတွေကို တင်းတင်းကျပ်ကျပ် စုံစမ်းထောက်လှမ်းဖို့ အထက်က အမိန့်ပေးထားတယ်လို့ ချွန်ဘူရီလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ရဲအုပ် Weerachai Thinkamut က ဆိုပါတယ်။ ဒါဟာ ပတ္တယားမြို့ကို ဘေးကင်းလုံခြုံပြီး နေချင့်စဖွယ်မြို့တစ်မြို့ဖြစ်အောင် ဖန်တီးဖို့နဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ လျှော့ချဖို့ ရည်ရွယ်တာလို့ သူက ပြောပါတယ်။

သောကြာနေ့ညက ပတ္တယားမြို့ ၊ Jomtien Beach လမ်းပေါ်က ၂၄ နာရီစတိုးဆိုင်တစ်ဆိုင်ရှေ့မှာ ရဲတွေ စစ်ဆေးနေကြတုန်း သံသယဖြစ်စရာအချက်အလက်တွေနဲ့ ကိုက်ညီတဲ့ နိုင်ငံခြားသားတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ ရဲတွေက သူ့မှာ အထောက်အထားစာရွက်စာတမ်းရှိမရှိ တောင်းကြည့်တဲ့အခါမှာတော့ သူ့မှာ ဘာအထောက်အထားမှ မရှိတဲ့အတွက် ပတ္တယားမြို့ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ်ဆီကို အရင်ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရဲအရာရှိတွေက မစ္စတာ ဂရန့်ကို ဥပဒေအရ အရေးယူမှုတွေ လုပ်ဆောင်ပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် ပတ္တယားမြို့မ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။