BREAKING
December 23, 2024

ပဲဒက်စခန်းကျသွား၍ စစ်ရေးအရထိခိုက်မှုကြီးမားခဲ့သည့် စစ်ကောင်စီ

May 11, 2024

ပုံစာ - ပဲဒက်စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒရုန်းတပ်ဖွဲ့ဝင်များ။

စခန်းမကျရေးအတွက် ကြည်း၊ ရေ၊ လေ နည်းမျိုးစုံသုံးခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကို မယှဉ်နိုင်သည့်အဆုံး ပဲဒက်စခန်းကို စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရပြီဖြစ်သည်။

လက်နက်သာသော်လည်း စိတ်ဓာတ်ပိုင်းအရ မယှဉ်နိုင်သဖြင့် လက်လွှတ်လိုက်ရသည့် ပဲဒက်စခန်း ပြန်ရရေးအတွက် စစ်ကောင်စီက အပြင်းအထန် ပြန်လည်ကြိုးစားလာနေသည်။

ပဲဒက်စခန်းပြန်ရရေးအတွက် စစ်သင်္ဘောဖြင့် ရေကြောင်းမှ စစ်ကူပို့လာသလို လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ခြင်း အနီးဝန်းကျင်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းတို့ကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်လာနေသည်။

ရေကြောင်းမှ စစ်ကူထပ်ရောက်လာသည့် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ မေလ ၉ ရက်နေ့ကတည်းက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ ယနေ့တိုင်ဖြစ်သည်။

စစ်ကူလာသည့် စစ်ကောင်စီတပ်မှာ မနေ့က (မေ ၁၀) နံနက် ၁၀ နာရီခန့်က ပဲဒက်ရွာကို ရောက်ရှိလာပြီး ဒေသခံများ၏‌ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်အပြင် မနေ့က (မေ ၁ဝ) နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်နှစ်စီးနှင့် ဂျက်ဖိုက်တာတစ်စီးတို့ဖြင့် (ပဲဒက်စခန်းနှင့် ၃၃ မိုင်အကွာရှိ) ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ရွာသား ၃ ဦး ထပ်မံသေဆုံးပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

စခန်းပြန်ရရေးအတွက် စစ်ကောင်စီက ပြင်းထန်သည့်ထိုးစစ်များဖြင့် အသည်းအသန် ကြိုးစားနေခြင်းမှာ ပဲဒက်စခန်း၏ အရေးပါမှုကို ပေါ်လွင်စေသည်။

ယင်းစခန်းကျသွားသည့်အတွက် ထားဝယ်ခရိုင်တောင်ပိုင်းဘက်ခြမ်းရှိ စစ်ကောင်စီ၏ နယ်မြေအများစုအတွက် ပင်လယ်ထွက်ပေါက် တစ်ခုပိတ်သွားသလို၊ သယ်ယူပို့ဆောင်ရေးနှင့် စစ်ကူစေလွှတ်ရေးများအတွက် အများကြီး ထိခိုက်စေမည်ဖြစ်ကြောင်း အမှတ်(၃) စစ်ဒေသခွဲ တောင်ပိုင်းစစ်ဒေသ၏ ဒုစစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာက သုံးသပ်ပြသည်။

“အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိနေတဲ့အတွက် ဒီနယ်မြေကိုသူတို့ မပေးချင်ဘူး။ သူတို့အခိုင်အမာ လုပ်ထားတဲ့ စခန်းဖြစ်တယ်။ အဲဒီစခန်းကို မပေးချင်တာဖြစ်တဲ့အတွက် ကြည်းရေလေနဲ့ စစ်ဆင်ရေးလုပ်တာ” ဟု ၎င်းကပြောသည်။

ယင်းသို့ပင် တော်လှန်ရေးအဖွဲ့များဘက်က ကြည့်ပါကလည်း ယခုနယ်မြေကို သိမ်းလိုက်နိုင်ခြင်းကြောင့် နယ်မြေစိုးမိုးမှုကျယ်ပြန့်လာသလို အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်သည့် ပမာဏမှာ ပိုမိုရှည်လျားလာကြောင်း၊ ပင်လယ်ထွက်ပေါက်အတွက် ပိုမိုအားသာလာကြောင်း ရဲဘော်ဂျူပီတာက ဆိုသည်။

ပဲဒက်စခန်းဆိုသည်မှာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင်ရှိသည့် ပဲဒက်စခန်းမှာ ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း တို့ကို ဆက်သွယ်ထားသော အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသည်။

ယင်းကြောင့် ထားဝယ်နှင့် မြိတ်ဘက်က စစ်ကောင်စီစခန်းများကို ဆက်သွယ်သွားလာရန်အတွက် အရေးပါသလို ပင်လယ်ရေလမ်းကြောင်း ထွက်ပေါက်ရှိသော စခန်းလည်းဖြစ်သည်။

ပုလောမြို့နှင့် မိုင် ၄၀ ခန့်ဝေးပြီး ထားဝယ်မြို့နှင့် မိုင် ၆၀ ခန့်အကွာအဝေးတွင်တည်ရှိသည်။

ပလောက်မြို့ရှိ အမှတ် ၁၂ တန်းမြှင့်စစ်သင်တန်းကျောင်းနှင့်လည်း မိုင်အနည်းငယ်သာဝေးသည်။

ယင်းစခန်းမှာ စစ်ကောင်စီတပ်များအတွက်သာ အရေးပါသည်မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့များအတွက်လည်း အရေးပါသည့် အခြေအနေတွင်ရှိနေသည်။

ပဲဒက်စခန်းသည် ပုလောမြို့နယ်နှင့် ဆက်သွယ်သွားလာရာတွင် အရေးပါသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ယင်းလမ်းကြောင်းကို နယ်မြေစိုးမိုးထားနိုင်မှသာ စစ်ရေးဆောင်ရွက်ချက်များ ပိုမိုမြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း KNU တပ်မဟာ (၄) ၊ တပ်ရင်း (၁၂) မှ တပ်ခွဲမှူးတစ်ဦးက ပြောသည်။

“စစ်ရေးအရ အရေးကြီးတယ်လေ။ ဒီ(စစ်ကောင်စီတပ်)စခန်းမရှိရင် ပုလောနဲ့ ကျွန်တော်တို့အလွယ်တကူ အချိန်မီ စစ်ကူသွားလို့ရပြီ” ဟု မေလ ၇ ရက်နေ့တွင် ၎င်းကပြောဆိုသည်။

တနင်္သာရီတိုင်းတွင် တော်လှန်ရေးအားကောင်းသည့် ဒေသတစ်ခုဖြစ်သော ပုလောမြို့နယ်နှင့် အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပါက တော်လှန်ရေးအရှိန်ပိုတက်လာမည်ဖြစ်သည်။

ပဲဒက်စခန်းသိမ်းတိုက်ပွဲ

အင်အား ၃၀ ကျော်ရှိသည့် ပဲစခန်းကို မေလ ၅ ရက် နံနက် ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ရာ လေး ရက်မြောက်နေ့ဖြစ်သည့် မေလ ၈ ရက် မနက်ခင်းစောစောပိုင်းတွင် စခန်းကိုသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့များ လွယ်လွယ်နှင့် ရခဲ့သည်တော့မဟုတ်။ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတပ်ဖြင့် ခုခံကာကွယ်နေသည့်ကြားက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်သည့် လေးရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ်ရေ ၂၀ ဗုံးအလုံးရေ ၁၀၀ ခန့်ကြဲချတိုက်ခိုက်ခဲ့ပြီး ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးပစ်ကူ ၁၃ ကြိမ် ပစ်ကူခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ပဲဒက်ကျေးရွာအုပ်စု ပဲဝရွာ ပင်လယ်ဝကို ရောက်ရှိနေသည့် စစ်ကောင်စီရေတပ် စစ်သင်္ဘောကလည်း မေလ ၆ ရက်မှ မေလ ၁၀ ရက်နေ့အထိ လက်နက်ကြီးနှင့် ပစ်ကူပေးနေပြီး အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကူများကိုလည်း လှေငယ်နှစ်စီးဖြင့် စေလွှတ်ထားသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် မေလ ၅ရက်နှင့် ၆ ရက်နေ့အပြင် စခန်းသိမ်းခါနီး ၈ နာရီခန့်တွင် စစ်ကောင်စီလေတပ်က K8W တစ်စီး၊ Mi-2 တစ်စီးဖြင့် စခန်းအနီးပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်။

စစ်ကူလာနေပြီဖြစ်သလို၊ ရေကြောင်း၊ လေကြောင်းတို့မှ ပစ်ကူပေးနေသဖြင့် ပဲဒက်စခန်းမှာရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ချရန် ကမ်းလှမ်းသည်ကို လက်မခံဘဲ ခံပစ်နေခဲ့သည်။

“နောက်ဆုံး အားလုံးအဝိုင်းခံလိုက်ရပြီ။ သူတို့ရဲ့ရှေ့မှာ မျက်နှာချင်းဆိုင် ဖြစ်သွားတဲ့အခြေအနေကျမှ သူတို့ရဲ့ အသက်အန္တရာယ် ထိမှာကြောက်တဲ့အတွက် သူတို့လက်နက်ချသွားတာ။ နောက်တစ်ခုက သူတို့ရဲ့ကျည် အခုသိမ်းဆည်းရမိတဲ့ပုံမှာ ကြည့်လိုက်လေ၊ သူတို့ရဲ့ကျည်က ကုန်သလောက်နီးပါးဖြစ်နေပြီ။ ခြွေပြီးပစ်နေရတာ” ဟု ရဲဘော်ဂျုပီတာက ဆိုသည်။

လေယာဉ်လာပစ်ပြီး မနက် ၈ နာရီ ၁၅ ခန့်တွင် ပဲဒက်စခန်းကျသွားသည်။ ပူးပေါင်းတပ်ဖွဲ့က စခန်းကို ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ၂၆ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက မေလ ၈ ရက်တွင်ထုတ်ပြန်ထားသည်။ လက်နက်ခဲယမ်းမျိုးစုံ အလက် ၃၀ ကျော်ရရှိခဲ့သည်။

KNLA နှင့် PDF ပူးပေါင်းတပ်ဘက်ကလည်း ရဲဘော်နှစ်ဦးကျဆုံးပြီး ၆ ဦးခန့်ဒဏ်ရာရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပဲဒက်စခန်းကို ဝင်တိုက်သည့်နေ့တွင် ကျောက်ဆည်ရွာက ပျူစောထီးတပ်စွဲထားသည့် စခန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့က တချိန်တည်း တပြိုင်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် ပျူစောထီး ၂ ဦးသေပြီး ၃ ဦးလက်နက်ချခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်များထံက သိရသည်။

ပဲဒက်စခန်းသိမ်းအောင်ပွဲမှသည်

ပဲဒက်စခန်းကျသွားပြီး ညနေ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီလေတပ်မှ လေယာဉ်သုံးစီးသည် တော်လှန်ရေးအဖွဲ့များ ဖြတ်ပြီးပြန်သွားသည့် ကနက်သီရိ၊ ရငဲ၊ ကမြိုင်ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်သဖြင့် ကနက်သီရိကျေးရွာက ဘောလုံးကန်ရန်စောင့်နေသည့် အသက် ၁၆ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့သည်။

ကနက်သီရိရွာက စာသင်ကျောင်းနှင့် ရငဲရွာက‌ တိုက်နယ်ဆေးရုံ ဗုံးကျည်ထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်မှာ ပဲဒက်စခန်းပြန်ရရေး ဆက်တိုက်ကြိုးစားနေသော်လည်း စခန်းကျပြီး ၃ ရက်မြောက်လာချိန်အထိ ထိရောက်သည့် ထိုးစစ်ဆင်မှုများလုပ်ဆောင်နိုင်ခြင်း မရှိပေ။

တော်လှန်ရေးအဖွဲ့များကမူ စစ်ကောင်စီ၏ အရေးပါသည့် ဗျူဟာမြောက် အခိုင်အမာစခန်းတစ်ခုကို သိမ်းပိုက်လိုက်နိုင်ခြင်းကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုအသာစီးရသွားပြီဖြစ်သည်။

၂၀၂၄ ခုနှစ်သည် တနင်္သာရီတိုင်းအတွက် တော်လှန်ရေးအရွေ့တစ်ခု ကြီးကြီးမားမားဖြစ်လာမည်ဟု ယုံကြည်ပြီး တော်လှန်ရေးရဲဘော်များ၏ ကြိုးစားအားထုတ်မှုများကို ပြတ်ပြတ်သားသား ကြီးကြီးမားမားမြင်ရမည်ဟု ရဲဘော်ဂျူပီတာက ဆိုသည်။

“ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ တော်လှန်ရေးရဲ့ အရွေ့တစ်ခု ကြီးကြီးမားမားဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်းပဲ ကျွန်တော်တို့လုပ်နေတယ်။ အခုလည်း ကျွန်တော်တို့ သက်သေပြနေတယ်ပေါ့နော်” ဟု ၎င်းကဆိုသည်။

တနင်္သာရီတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့များမှာ တောရွာမှနေ၍ တဖြည်းဖြည်း မြို့ပေါ်မှာရှိသည့် လမ်းမကြီးများပေါ်တွင် ပေါ်ပေါ်ထင်ထင် လှုပ်ရှားနိုင်ပြီဖြစ်ပြီး များမကြာမီ မြို့အနီးမှတစ်ဆင့် မြို့ပေါ်သို့ ရောက်လာတော့မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“တနင်္သာရီတိုင်းရဲ့ စစ်ရေးအနေနဲ့ ပြောမယ်ဆိုရင် မကြာခင် ၂၀၂၄ အကုန်မှာ တော်လှန်ရေးရဲဘော်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ပြတ်ပြတ်သားသား ကြီးကြီးမားမားမြင်လာရလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ရဲဘော်ဂျူပီတာက ဆိုလိုက်သည်။