BREAKING
September 19, 2024

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား ဒုတိယအကြိမ်မိုင်းခွဲခံရပြီး တံတားကျိုးကျ

May 11, 2024

ရန်ကုန်- မော်လမြိုင် – ထားဝယ် ပြည်ထောင်စုလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် ယနေ့ နံနက် ‌၂ နာရီ ဝန်းကျင်တွင် မိုင်းခွဲခံရပြီး တံတားကျိုးကျပြီး သွားလာ၍ ၎င်းရတော့ကြောင်း ခရီးသွားပြည်သူများထံမှသိရသည်။

ကျုံအိတ်တံတားသည် မွန်ပြည်နယ် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားတွင် တည်ရှိသည်။

၂၀၂၃ခုနှစ် ဇွန်လ ၂၉ ရက်က ပထမအကြိမ် မိုင်းခွဲခံရစဉ် တံတားတစ်ခြမ်းပျက်စီးသွားပြီး ဘေလီတံတားထိုးက ပြန်လည် ပြင်ဆင်ခဲ့သည်။ ပြန်လည်ပြင်ဆင်ပြီး ၁၀ လအကြာတွင် ထပ်မံမိုင်းခွဲခံရခြင်းဖြစ်သည်။

လက်ရှိတွင် ခရီးသွားပြည်သူများ ပိတ်မိနေကြောင်း ရန်ကုန်-ထားဝယ် ခရီးသည်တင် မော်တော်ယာဉ်မောင်းတစ်ဦးက ပြောသည်။

“လုံးဝသွားလို့မရတော့ဘူး။ ပထမ (တစ်ကြိမ်) မိုင်းဆွဲခံရတုန်းက ကျန်ခဲ့တဲ့တစ်ခြမ်းပါ ကျိုးသွားတာ။ အခု ကျွန်တော်တို့ ရန်ကုန် ပြန်လှည့်နေတာ။(ပြန်လှည့်တာ) အဆင်းကားတွေရော အတက်ကားတွေရောပဲ” ဟု ၎င်းက ပြောဆိုသည်။

ကျုံအိတ်တံတားကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက် နံနက် ၄နာရီတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့က မိုင်းခွဲဖျက်ဆီးခဲ့ပြီး အိမ်စီးကားသုံးစီး ပျက်စီးကာ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

ယင်းလမ်းကြောင်းကို အသုံးပြုကာ စစ်ကောင်စီတပ်က စစ်လက်နက် ပစ္စည်းများ ပို့ဆောင်နေပြီး ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသဖြင့် မိုင်းဆွဲခြင်းဖြစ်ကြောင်း KNU ဘက်က ပြောဆိုခဲ့သည်။

ယင်းတံတား မိုင်းခွဲခံရမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့လည်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးပြီး သထုံမြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ဒဏ်ရာရခဲ့သည်။

ယခုတစ်ကြိမ် ကျုံအိတ်တံတားကို မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးသည်ကို အတည်မပြုနိုင်သေးပေ။

သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ကားလမ်း၊ ရထားလမ်းတစ်လျှောက်တွင် မိုင်းဖောက်ခွဲခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိသည်။