ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နှင့် သရက်ချောင်းမြို့နယ်တို့တွင် ယနေ့ မေလ ၁၁ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ ပြုလုပ်ကြသည်။
အဆိုပါလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီနှင့် သရက်ချောင်မြို့နယ် သပိတ်ကော်မတီတို့က ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေမှုကို အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂတို့က ပိတ်ပင်တားဆီးပေးရန် တောင်းဆိုဆန္ဒပြကြခြင်းဖြစ်သည်။
“USA, UK, EU_ Ban The Export of jet fuel to Myanmar”၊ “USA၊ UK၊ EU _ မြန်မာနိုင်ငံသို့ လေယဉ်ဆီတင်ပို့မှုကို တားဆီးပိတ်ပင်ပါ” ကြွေးကြော်သံဖြင့် တောင်းဆိုခဲ့ကြသည်။










မေလ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်များတွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိကာ ကျန်းမာရေး၊ ပညာရေးအဆောက်အအုံ များ ထိခိုက်ပျက်စီးခဲ့သည်။
အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ သုံးနှစ်လခန့်ကာလအတွင်း နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သား ၉၃၆ ဦးရှိကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ အချက်အလက်များအရသိရသည်။