BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

May 11, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မေလ ၅ ရက်မှ ၁၁ ရက်နေ့အထိ

နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိလာပြီ

ပုံစာ – ခင်ဦးမြို့နယ်က ဒေသခံတွေ စစ်ဘေးရှောင်ကြစဉ် (ပုံဟောင်း)

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂက မေလ ၃ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲက ၂ ဒသမ ၇ သန်းကျော်ဟာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ ပြင်းထန်တဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဖြစ်ပါတယ်။ အဲဒီထဲက သုံးပုံတစ်ပုံကတော့ ပညာဆက်လက်မသင်ကြားရတဲ့ ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်သုံးသိန်းကျော်ကတော့ အာဏာမသိမ်းခင်ကပင် ရှိနေတာလို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ သိသိသာသာ မြင့်တက်သွားတယ်လို့ ဖော်ပြပါတယ်။

စစ်ဘေးရှောင်တွေဟာ ချင်း၊ မကွေး၊ စစ်ကိုင်းမှာ ၁ဒသမ၅သန်းနဲ့ အများဆုံးရှိနေပြီး ကယား၊ ပဲခူး၊ ကရင်၊ ရှမ်းတောင်၊ မွန်နဲ့ တနင်္သာရီတွေမှာတော့ ကိုးသိန်းကျော်၊ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်မှာတော့ သုံးသိန်းခွဲကျော်ရှိနေတယ်လို့ ဆိုပါတယ်။

……………………………………..

ငါးလအတွင်း ရဟတ်ယာဉ်သုံးစင်းနဲ့ တိုက်လေယာဉ်တစ်စင်း ပစ်ချခံရ

ယခုနှစ် ငါးလတာကာလအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်သုံးစင်းနဲ့ တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပါတယ်။

အခုနောက်ဆုံး ပစ်ချခံရတာကတော့ ကရင်နီ (ကယား) ပြည်နယ် ဖားဆောင်းမြို့နယ်ထဲမှာပါ။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

မေလ ၆ရက်နေ့ နံနက်ပိုင်းက တပ်ရင်းနှစ်ခုကို စစ်ကူလာပြီးအပြန်မှာ ပွိုင့် ၈ မောင်းပြန်သေနတ်နှစ်လက်နဲ့ ပစ်ချခဲ့တာလို့ ကရင်နီတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ ရဟတ်ယာဉ် ပစ်ချခံရတာကြောင့် ရဟတ်ယာဉ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးတယ်လို့လည်း ဆိုပါတယ်။

ဒီမတိုင်ကလည်း ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ ပျက်ကျတာ၊ တော်လှန်ရေးအဖွဲ့တွေက ပစ်ချတာတွေလည်း ရှိနေပါတယ်။ ဇန်နဝါရီလမှာ ကချင်နဲ့ ရှမ်းမြောက်မှာ ရဟတ်ယာဉ်တစ်စင်းနဲ့ တိုက်လေယာဉ်တစ်စင်းကို KIA က ပစ်ချခဲ့ ပါတယ်။ ကရင်မှာလည်း ရဟတ်ယာဉ် တစ်စင်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ပစ်ချခဲ့ပါတယ်။ 

ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ မကွေးတိုင်းမှာ တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သလို မတ်လကုန်ပိုင်းကလည်း မန္တလေးတိုင်းမှာ လေ့ကျင့်ပျံသန်းရေး ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း ကရင်နီထဲမှာ တိုက်လေယာဉ်နှစ်စင်း ပစ်ချခံခဲ့ရပါသေးတယ်။

……………………………………..

ဗန်းမော်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်လာ

ပုံစာ – မေလ ၇ရက်နေ့က ဗန်းမော် – ရွှေကူလမ်းပေါ်က ဧရာဝတီမြစ်ကူးတံတား (စင်းခန်း) ပေါ်မှာ တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်တွေ။

ကချင်ထိုးစစ်ဟာ နှစ်လကျော်လာပြီဖြစ်နောက်မှာ ခရိုင်မြို့ဖြစ်တဲ့ ဗန်းမော်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်ပွားလာပါတယ်။

အခုသီတင်းပတ်အတွင်း ဗန်းမော်မြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေသလို ဗန်းမော်ခရိုင်ထဲက မံစီ၊ မိုးမောက်မြို့တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဗန်းမော်မြို့ကို တိုက်ခိုက်သိမ်းယူမယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံတွေ တိမ်းရှောင်တာတွေ ရှိနေပါတယ်။

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားက စစ်ကောင်စီစခန်းကိုလည်း KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

ကချင်ထိုးစစ် နှစ်လတာ ကာလမှာ စစ်ကောင်စီတပ်ရဲ့ စခန်းကြီး၊ စခန်းငယ် ၈၀ နီးပါးနဲ့ လွယ်ဂျယ်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်၊ ဒေါ့ဖုန်းယန်မြို့တွေကို သိမ်းယူနိုင်ခဲ့တယ်လို့ KIA ဘက်က ဆိုပါတယ်။

……………………………………..

ဆောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူဆယ်ချီသေဆုံး

ပုံစာ – လေကြောင်းတိုက်ခိုက်ခံရလို့ မီးလောင်ကျွမ်းပျက်စီးသွားတဲ့ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်း။

မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူဆယ်နဲ့ချီသေဆုံးခဲ့သလို တိုင်းနဲ့ ပြည်နယ် တချို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မေလ ၉ရက်နေ့မှာ ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်း လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။ လူ ၂၀ ထက်မနည်းသေဆုံးတဲ့အပြင် ၃၀ လောက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဘုန်းကြီးကျောင်း မီလောင်ကျွမ်းသွားပြီးနောက်မှာ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဘယ်သူဘယ်ဝါ ခွဲလို့မရတဲ့ အခြေအနေဖြစ်သွားပါတယ်။

အစည်းအဝေးတစ်ရပ် လုပ်နေချိန်မှာ အခုလို တိုက်ခိုက်ခံရတာပါ။ ပြည်တွင်းသတင်းတချို့မှာတော့ ရပ်ရွာအရေး၊ ကုန်စည်စီးဆင်းရေးအတွက် အရပ်သားတွေ၊ ကားသမားတွေ အစည်းအဝေးလုပ်တာလို့ ဆိုသလို သတင်းတချို့မှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါ ပါတယ်လို့ ဖော်ပြကြပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွေထဲက ကျေးရွာတွေလည်း ပြီးခဲ့သီတင်းပတ်အတွင်းမှာ လေကြောင်းတိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။ ဒါ့အပြင် ရခိုင်နဲ့ တနင်္သာရီမှာလည်း မြို့နယ်တချို့မှာ လေကြောင်း တိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

……………………………………..

ဘူးသီးတောင် စကခ ၁၅ ကို AA သိမ်းယူ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်ဖို့နီးလာ

ပုံစာ – စကခ ၁၅ က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ မေလ ၂ ရက်နေ့က လက်နက်ချခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် – စကခ (၁၅) တပ်မဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူလိုက်ပါတယ်။

ရခိုင်မှာ ဘူးသီးတောင်၊ ကျောက်တော်နဲ့ တောင်ကုတ်မြို့တွေမှာ စကခတွေ ရှိပါတယ်။ ဒီအထဲက ကျောက်တော်နဲ့ ဘူးသီးတောင် စကခတွေ သိမ်းယူခံရတာကြောင့် ရခိုင်တောင်ပိုင်းက တောင်ကုတ် စကခ တစ်ခုပဲကျန်ရှိနေပါတော့တယ်။

ဘူးသီးတောင် စကခ ၁၅ တပ်မဌာနချုပ်ကို ၁၂ ရက်ကြာ အပြင်းအထန်တိုက်ခိုက်ပြီးနောက် မေလ ၂ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ဖြစ်ပြီး စကခ ၁၅ လက်အောက်ခံ တပ်ရင်း လေးခုကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ တပ်မဌာနချုပ်ကို တိုက်ခိုက်ရာမှာ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီလက်နက်ချတယ်လို့ ဆိုပါတယ်။

စကခ ၁၅ လက်အောက်ခံ နောက်ထပ်တပ်ရင်းလေးခုနဲ့ ဘူးသီးတောင်ဗျူဟာ လက်အောက်ခံ တပ်ရင်းလေးခုကိုလည်း ဆက်လက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန် နေပြီး စကခ ၁၅ ကျသွားတာကြောင့် AA က နယ်စပ်ကို ထိန်းချုပ်ဖို့ နီးလာပြီလို့ ရခိုင်အရေးအကဲခတ်တွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်း၊ ကျောက်ဖြူနဲ့ သံတွဲမြို့တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

……………………………………..

စစ်ကောင်စီတပ်အင်အား ယိုယွင်းပြုန်းတီးအောင်လုပ်နိုင်ခဲ့တယ်လို့ NUG ပြော

ပုံစာ – ပဲခူးတိုင်း ကညွတ်ကွင်းမြို့ တောင်ဂုံးတဲ့ရွာအနီးမှာရှိတဲ့ စစ်ကောင်စခန်း ရှစ်ခုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့မှာ တော်လှန်ရေးအဖွဲ့တွေ သိမ်းယူခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တည်ထောင်ပြီး သုံးနှစ်တာကာလမှာ စစ်ကောင်စီတပ်အင်အား ယိုယွင်း ပြုန်းတီးအောင် လုပ်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဆိုပါတယ်။

မေလ ၅ ရက်နေ့က ကျရောက်တဲ့ PDF တည်ထောင်မှု သုံးနှစ်ပြည့်နေ့နဲ့ပတ်သက်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ ပြည်သူသို့ အစီရင်ခံစာမှာ အခုလိုဖော်ပြတာပါ။ တပ်မ ၁၀ ခု၊ စကခ ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ စစ်ကောင်စီတပ် အမာခံ တိုက်ခိုက်ရေးအင်အားရဲ့ သုံးပုံ နှစ်ပုံကို ပြုန်းတီးအောင် လုပ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် စစ်အခြေအနေဖန်တီးနိုင်မှုဟာ တော်လှန်ရေးအင်အားစုတွေ လက်ကို အပြည့်အဝရောက်ပြီလို့လည်း ဆိုပါတယ်။ လက်နက်ကြီးနဲ့ ဒရုန်းတွေ ဖြည့်တင်းသွားမှာဖြစ်သလို ဒရုန်းသုံးစွဲနိုင်မှု စွမ်းရည်ကိုလည်း မြှင့်တင်သွားမယ်လို့ ပြောဆိုထား ပါတယ်။

……………………………………..

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာတော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့

ပုံစာ – ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ၂၀၁၃ခုနှစ်က ထားဝယ်စီမံကိန်းကို လာရောက်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

တိုင်းရင်းသားအဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသား အစည်းအရုံး (KNO) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်တွေနဲ့ ဧပြီလလယ်ပိုင်းမှာ ချင်းမိုင်နဲ့ ဘန်ကောက်မြို့တွေမှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံမှုကို ထိုင်းနိုင်ခြားရေးဝန်ကြီးက အတည်ပြုထားပေမယ့် ထိုင်းအစိုးရ မူဝါဒမဟုတ်ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုသာ ဖြစ်တဲ့အကြောင်း တုံ့ပြန်ထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ သက်ဆင်ရဲ့ ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းမှုဟာ မြန်မာ့အရေး ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ သူရဲ့နိုင်ငံရေး ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ စီးပွားရေးအကျိုးအတွက်ပဲ ဖြစ်နိုင်တယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………..