တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်အစပ်က ၁၀၂၀ တောင်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်များ ယနေ့ မေလ ၁၁ ရက် နံနက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။
ဧပြီလ ၃၀ ရက်က ၁၀၂၀ တောင်စခန်းကို Black Cobra စစ်ကြောင်းက ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။
ထိုးစစ်ဆင်တိုက်ခိုက်ပြီး ၁၂ ရက်အကြာတွင် ယနေ့ နံနက်ပိုင်းတွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
“လက်နက်ကတော့ မရသလောက်ပဲ။ ရန်သူတွေကတော့ ထွက်ပြေးသွားတယ်ပေါ့နော်။ ရန်သူဘယ်လောက် သေတယ်ဆိုတာ မသိရသေးဘူး” ဟု ပဒိုစောအယ်နားက ဆိုသည်။
၁၀၂၀ တောင်သည် ထားဝယ်-မြိတ်-ကော့သောင်းသွား ကားလမ်းပေါ်တွင်တည်ရှိသည့်အပြင် မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေးတာဝါတည်ရှိသည့် နေရာဖြစ်သဖြင့် စစ်ကောင်စီအတွက် အရေးပါသည့် နေရာတစ်ခုဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဧပြီလ ၃၀ ရက်မှ မေလ ၆ ရက်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Black Cobra စစ်ကြောင်းက မေလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားသည့် မေလ ၂ ရက် ၄ ရက်နေ့များတွင် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် အေးသာယာရွာ၊ ရွာသာယာရွာ၊ မနိုးရုံးကျေးရွာများကို K8W တိုက်လေယာဉ်နှင့် Mi-2 ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ပဲဒက်စခန်းကိုလည်း KNLA နှင့် PDF ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ပြီး လေးရက်အကြာ မေလ ၈ ရက်တွင် စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။
ရေဖြူမြို့နယ်အထွက် မလွဲတောင်စစ်ဆေးရေးဂိတ်မှသည် ထိုင်း-မြန်မာနယ်စပ်ကို ဆက်သွယ်ထားသည့် ထားဝယ်-မေတ္တာ-ထီးခီးလမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းများလည်း ယခုနှစ်စပိုင်းကစပြီး တိုက်ခိုက်ခံနေရသည်။
လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းရှိ စစ်ကောင်စီတပ်စခန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း ကြည်း၊ ရေ၊ လေဖြင့် ပြန်လည်တိုက်ခိုက်နေ သည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ်၊ ဆေးရုံ၊ ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိနေသည်။
တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံပြည်သူ ၅၀၀၀၀ ခန့်ရှိလာနေကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။