BREAKING
September 21, 2024

တိတ်လန့်ဖွယ်ရာကောင်းသည့် နေသားကျသွားခြင်း

May 11, 2024

“ဘယ်သူမဆို နေသားတကျဖြစ်သွားတဲ့အခါကျရင် ပျော်သွားတတ်ကြတာပါပဲ” လို့ တစ်ယောက်က ပြောတော့ ကျနော် ခဏမျှ ငြိမ်သက်သွားမိပါတယ်။ သူပြောတာ မှားနေလို့လားလို့ ဆိုရင် မှားတော့ မမှားဘူးလို့ပဲ ထင်ပါတယ်။ ဒါပေမဲ့လည်း ဆက်ပြီးတွေးချင်စရာတွေ ရှိနေပါသေးတယ်။

တိရစ္ဆာန်ရိုင်းတစ်ကောင်ကို မွေးမြူဖို့ လုပ်တဲ့အခါ အရင်ဆုံး သူ့ကို လှောင်ပိတ်ချည်နှောင်ထားရလေ့ရှိတယ်။ အစတော့ သူဟာ ဒေါသထွက်မယ်၊ စိတ်ညစ်မယ်၊ တဖြည်းဖြည်းနဲ့ စိတ်ကျလာတာမျိုး ဖြစ်လာမယ်။ အချိန်ဟာ ကုစားခြင်းတွေထဲမှာ အထိရောက်ဆုံးအရာပဲလို့ ဆိုကြသလိုပါပဲ။ တဖြည်းဖြည်းနဲ့ ကြာလာတဲ့အခါ အဲဒီတိရစ္ဆာန်ဟာ နေသားတကျဖြစ်လာမယ်၊ လူတွေနဲ့ ယဉ်ပါးလာပါတော့တယ်။

နေသားတကျဖြစ်ရမှုရဲ့ နောက်မှာ ထိတ်လန့်ဖွယ်ရာတွေ ရှိနေတတ်တာကို သတိထားမိဖို့ တစ်ခါတရံမှာ ကျနော်တို့ မေ့နေတတ်ကြပါတယ်။

ဘယ်မြို့၊ ဘယ်ရွာမှာ စစ်တပ်က လူဘယ်နှစ်ယောက်ကို ဝင်ဖမ်းသွားပြီတဲ့လို့ မိတ်ဆွေတွေက ပြောလာတဲ့အခါ အော်၊ ဟုတ်လားလောက်ပဲ ပြန်ဖြေတတ်တဲ့အကျင့်တွေ ကျနော်တို့မှာ ရှိနေတတ်ပါပြီ။ နည်းနည်းပိုပြီး စိတ်ဝင်စားမိတဲ့အခါမျိုးမှာတော့ ဘယ်လိုဖြစ်တာတဲ့လဲ၊ ဘာလို့တဲ့လဲဆိုတာလောက် ထပ်မေးမယ်။ တုန်လှုပ်သွားတာမျိုး၊ ဦးနှောက်မှာ လျှပ်စီးလက်သွားတာမျိုး၊ သွေးကြောတွေ လန့်ဖြန့်နိုးကြွသွားတာမျိုး ဖြစ်တဲ့အထိတော့ မဟုတ်ပါဘူး။

အဲဒီလိုသတင်းတွေဟာ ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ တရံမလပ်၊ တစ်ရက်မပြတ် လူမှုကွန်ရက်တွေမှာ တက်လို့နေပါတယ်။ လူတွေသေနေ၊ ပြေးလွှားနေ၊ အစာရေစာဒုက္ခရောက်နေတာတွေကို နေ့စဉ် မြင်တွေ့ထိုင်ကြည့်နေကြရမှုမှာ ကျနော်တို့ အသားကျနေခဲ့ကြပြီ။ ခံစားမှုတွေဟာ အရေထူလို့ နေပါပြီ။ သေသွားတဲ့သူ၊ ဒါမှမဟုတ် ဖမ်းဆီးနှိပ်စက်ခံရသူ၊ ဒါမှမဟုတ် ငတ်မွတ်ဆာလောင်နေတဲ့သူဟာ ကိုယ့်အသိအကျွမ်း၊ ဆွေမျိုးသားချင်းတွေထဲက မဟုတ်ရင်ပေါ့။

အချက်အလက်ကို စားသုံးနေကြသူတွေအတွက် အရေအတွက်တွေကို လိုက်ကြည့်မယ်။ ပြီးတဲ့အခါ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေကို ရေးမှတ်လိုက်မယ်။ တစ်ချိန်တည်းမှာပဲ ညနေကျရင် ဘယ်ဆိုင်မှာ သွားစားရမလဲဆိုတာကို တွေးကောင်းတွေးနေလိမ့်မယ်။ ဖြစ်ရပ်တွေကို စုဆောင်းနေသူတွေကလည်း နေရာဒေသနဲ့ ဖြစ်စဉ်တွေကို အကျဉ်းချုပ်ပြီး ခပ်သွက်သွက် မှတ်တမ်းသွင်းလိုက်မယ်။ သူငယ်ချင်းနဲ့ ချိန်းထားတာကို နောက်ကျလို့ မဖြစ်ဘူးလို့ သူလည်းပဲ တွေးနေလိမ့်မယ်။

သာမန်သိရုံမျှ ဖတ်တဲ့၊ ကြည့်တဲ့ သူတွေကလည်း ဖုန်းမှန်ပြင်ကို ဒရောသောပါးပွတ်လို့ အဲဒီလိုသတင်းတွေဆိုရင်‌ ခေါင်းစဉ်လောက်ကိုပဲ ဖတ်ပြီး ခပ်မြန်မြန် ကျော်ပစ်ကြပါလိမ့်မယ်။ ပြီးတဲ့အခါ ရီစရာ၊ ခွီစရာ ဗီဒီယိုအတိုအထွာတွေထဲကို ခုန်ဆင်းသွားပြီး နာရီနဲ့ချီအောင် စီးမျောမယ်။

ကိုဗစ်-၁၉ အစဦးကာလ၊ နိုင်ငံခြားကနေ ပြန်လာကြတဲ့ ခရီးသည်တွေထဲက နှစ်ယောက်မှာ ပိုးတွေ့တယ်ဆိုတဲ့ သတင်းဟာ မြန်မာတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့တာကို ပြန်သတိရမိစရာပါပဲ။ အဲဒီတုန်းကဆိုရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာဟာ အချိန်နဲ့အမျှ စောင့်ကြည့်အာရုံစိုက်ခြင်းခံခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်။

အခုချိန်မှာတော့ လူနှစ်ယောက်လောက် သတ်ဖြတ်ခံရတာဟာ ဟိုတစ်ချိန်က ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့ လူနှစ်ယောက်ကိစ္စလောက် အရေးပါမနေတော့ပါဘူး။

အဲဒီလိုမျိုး ကျနော်တို့ဟာ အခြေအနေတွေနဲ့ ယဉ်ပါးလာခဲ့ကြပါတယ်။ တစ်နေ့လာလည်း ဒါတွေ၊ ဒီပုံစံတွေလို့တောင် မြင်နေကြပါတော့တယ်။ ဒါတွေနဲ့ပဲ နေသားတကျဖြစ်နေခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ ရှိမနေကြတော့တာပါ။

ထင်ရှားတဲ့ပုံပြင်တစ်ပုဒ် ရှိပါတယ်။ နှံကောင်လေးကို ဖန်ခွက်နဲ့ အုပ်ထားတဲ့အခါ အစတော့ ခုန်နေတာပါပဲ။ ခုန်ပေမဲ့ ဖန်ခွက်ဖင်နဲ့ပဲ ဝင်ဝင်ဆောင့်နေတဲ့အခါ နှံကောင်ဟာ သူ့ကိုယ်သူနားလည်သွားပုံမျိုးနဲ့ မခုန်တော့ပါဘူး။ ပြဿနာက ဖန်ခွက်ကို ဖယ်ပေးလိုက်တဲ့အခါမှာတောင်မှ နှံကောင်ဟာ မခုန်တော့တာပါ။ သူဟာ မခုန်ရခြင်းမှာ ယဉ်ပါးနေသားကျသွားခဲ့ပါပြီ။ နေသားကျမှုနဲ့အတူ ပျော်မွေ့သွားကြပါပြီ။

ဒါက အမှားအယွင်းလည်းမဟုတ်၊ အပြစ်တော့လည်း မဟုတ်ပါဘူး။ သဘာဝတရားပါပဲ။ အထူးသဖြင့် စိတ်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ စိတ်ဆိုတာက တိရစ္ဆာန်ရော၊ လူမှာရော အတူတူပါပဲ။ လိုချင်တပ်မက်မှုတွေ ရှိတယ်၊ မကျေနပ်မုန်းတီးမှုတွေရှိတယ်။ မသိနားမလည် တွေဝေငေးငိုင်မှုတွေ ရှိတယ်။ အခြေအနေတွေထဲမှာ နေသားတကျဖြစ်တတ်မှုတွေ ရှိတယ်။

တွေ့ရှိချက်တစ်ခုက စိတ်ဝင်စားစရာပါ။ လူတစ်ယောက် ကားတိုက်မှုဖြစ်လို့ ဒုက္ခိတဖြစ်သွားခဲ့တယ်။ ပုံမှန်တွေးကြည့်ရင်တော့ ဒုက္ခိတဖြစ်သွားသူအနေနဲ့ သေချင်လောက်အောင်ကို စိတ်ညစ်၊ စိတ်ဓာတ်တွေကျဆင်းရတာလည်း မရေမတွက်အောင်ဖြစ်မှာပါပဲ။ ဒါပေမဲ့ အချိန်တစ်ခုကြာသွားပြီးတဲ့နောက် စမ်းသပ်မှုလုပ်တော့ သူ့ရဲ့ တစ်ကိုယ်ရည်စိတ်ပျော်ရွှင်မှုအတိုင်းအတာဟာ ကားတိုက်မှုမဖြစ်ခင်ကအခြေအနေတွေနဲ့ ထူးပြီး ခြားနားမနေဘူးလို့ ဆိုပါတယ်။ ဒါဟာ နေသားကျမှုပါပဲ။

အကျဉ်းထောင်တွေထဲကို ဘယ်သူက ရောက်ချင်ကြမှာလဲ။ လူများစွာရဲ့ ဘဝအကြောက်တရားတွေထဲမှာ ထောင်ကျရမှာကို ကြောက်တာက ရှေ့တန်းက ပါနေပါလိမ့်မယ်။ ဒါပေမဲ့ အကျဉ်းထောင်ထဲကို ထည့်ထားလိုက်ပြီး နှစ်ပေါင်းများစွာကြာမှ ပြန်လွှတ်ပေးလိုက်တဲ့အခါ အဘိုးကြီးဟာ အပြင်လောကထဲမှာ ပျော်စရာရှာမတွေ့တော့ပါဘူး။ အဲဒီအကြောင်း နာမည်ကျော် ရုပ်ရှင်တစ်ကား ရှိပါတယ်။ အဲဒီလိုပါပဲ၊ အကျဉ်းထောင်တွေထဲက ဟာသတွေ၊ ပျော်စရာဖြစ်ရပ်တွေအကြောင်း တခြားရုပ်ရှင်တွေနဲ့ စာအုပ်တွေထဲမှာလည်း တွေ့ရပါလိမ့်မယ်။

လူ ဒါမှမဟုတ် သတ္တဝါတွေဟာ ဘယ်လောက်ပဲ ဆိုးရွားတဲ့အခြေအနေထဲမှာ ရောက်နေပါစေ အချိန်တစ်ခုကြာလာတဲ့အခါ အခြေအနေတွေနဲ့ နေသားကျသွားကြတာက သဘာဝပါပဲ။ တစ်ဖက်ကကြည့်ရင် အဲဒီလို နေသားကျသွားဖို့လည်း လိုအပ်တာပါပဲ။ ဒါမှပဲ နေပျော်မှာပေါ့။

ဒါပေမဲ့ ထိတ်လန့်စရာလည်း ကောင်းပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေဟာ ကူညီကယ်ဆယ်ရေးစခန်းတွေမှာ၊ တောတောင်တွေထဲမှာ နေသားကျသွားခဲ့တဲ့အခါ၊ တစ်ယောက်ပြီး တစ်ယောက် ဆွဲခေါ်သွားခံရပြီး နှိပ်စက်၊ အကျဉ်းချ၊ သတ်ဖြတ်ခံနေရမှုတွေကို နေသားကျသွားတဲ့အခါ၊ ကလေးတွေ၊ အမျိုးသမီးတွေဟာ မလုံခြုံမှုကို အလေ့အကျင့်ဖြစ်လာတဲ့အခါ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ပိတ်ထားရတာ၊ မီးလောင်ခံနေရတာတွေနဲ့ ယဉ်ပါးသွားတဲ့အခါ၊ ညဉ့်နက်နက်ထဲမှာ ခြောက်ခြားမှုတွေနဲ့ နေတတ်လာတဲ့အခါ၊ မီးပျက်လို့ မှောင်မိုက်ပူအိုက်၊ ထမင်းချက်ချိန်တွေ မမှန်ဖြစ်ရတာ၊ အင်တာနက် နပ်မမှန်ဖြစ်ရတာ၊ ရပ်ကွက်ထဲမှာ ဗုံးခဏခဏ ပေါက်နေတာ၊ ဧည့်စာရင်းတွေ ခဏခဏစစ်တာ၊ ဆိုင်ကယ်ကို နှစ်ယောက်မစီးရတာ၊ ခရီးသွားတဲ့အခါ အတားအဆီးအစစ်အဆေးတွေ ရှိနေတာ၊ တောသွားတောလာလုပ်တဲ့အခါ မြေမြှုပ်မိုင်းဆိုတာတွေက တစ္ဆေလို ခြောက်လှန့်နေတာ စတာ…စတာတွေနဲ့ နေသားတကျဖြစ်သွားတဲ့အခါ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ဘာတွေ ဆက်ဖြစ်လာမှာပါလိမ့်။

ကျနော် မကြာမကြာဖတ်ဖြစ်ပြီး သဘောကျရတဲ့ စာတစ်ပိုဒ်နဲ့ပဲ အဆုံးသတ်ပါရစေ။ ဒေါက်တာမြင့်ဇော်ရဲ့ ‘လူတိုင်းအတွက် ငြိမ်းချမ်းရေးစိတ်ပညာ’ ဆိုတဲ့ စာအုပ်ထဲက ‘အလေ့အကျင့်ဖြစ်လာခြင်း’ ခေါင်းစဉ်ဖြစ်ပါတယ်။
“ရှည်ကြာသော နှစ်ကာလများကို ဖြတ်သန်းပြီးသောအခါ ပဋိပက္ခအခြေအနေများနှင့် နေသားကျလာလေ့ ရှိသည်။ အနိဋ္ဌာရုံများ၊ အနိုင့်အထက်မှုများဖြင့် လိုက်လျောညီထွေ နေတတ်သွားလေ့ရှိသည်။ ဤသို့သောအခြေအနေသည် လမ်းကြောင်း ပြောင်းလဲ၍ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ခက်ခဲစေလေ့ရှိသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဟူသည်မှာ ခန့်မှန်းရခက်၍ မကျွမ်းဝင်သေးသော နယ်မြေအသစ်သို့ ရွေ့လျားရခြင်းဖြစ်ရာ နေသားတကျဖြစ်နေသော စိတ်အခြေအနေမှ ရွေ့လျားပြောင်းလဲရန် ခက်ခဲရသည်။ နေသားတကျ ဖြစ်သွားသောအခါ ပိုမိုကောင်းမွန် သော အခြေအနေအသစ်ဆီသို့ မျှော်မှန်းစိတ်ကူး ရန်လည်း မလွယ်ကူတော့ပေ။ ပိုမိုကောင်းမွန်သော အခြေအနေ ဖြစ်နိုင်ခြေရှိသည်ဟူသော အဆိုကိုလည်း လက်ခံရန် ခဲယဉ်းသွားသည်။ ဘဝအရည်အသွေးကို ဂရုမပြုနိုင်တော့ဘဲ အသက်ရှင်ရုံသာ လက်မှိုင်ချနေ ထိုင်ကြတော့သည့် အခြေအနေဖြစ်သည်”

တချို့အရာတွေမှာ နေသားတကျဖြစ်ဖို့ ကြိုးစားကြရတာမျိုး လိုကောင်းလိုပေမဲ့ တချို့ဟာတွေမှာကျ နေသားတကျဖြစ်နေမှုထဲကနေ ခုန်ထွက်ဖို့လည်း လိုပါလိမ့်မယ်။

ငြိမ့်လွင့်