BREAKING
January 10, 2025

မောရဝတီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ကံပေါက်အဝင်လမ်းပိတ်ထား

May 11, 2024

ပုံစာ - မောရဝတီရေတပ်စခန်းဌာနချုပ်(ပုံဟောင်း)

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ မောရဝတီရေတပ်က မေလ ၉ ရက်နှင့် ၁ဝ ရက် နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် ယနေ့ (မေ ၁၁)တွင် ကံပေါက်တိုက်နယ် အဝင်လမ်းကို ပိတ်ထားသည်ဟု ဒေသခံများထံကသိရသည်။

“မနက်ပိုင်း ကားစထွက်ချိန်ကစပြီး ဂန့်ဂေါ်တောင်သစ်တောရုံးဂိတ်က ပေးမဖြတ်တော့လို့ ပြန်လှည့်လာရတယ်။ ထားဝယ်ကားတွေလည်း မဆင်းလာကြဖို့ အကြောင်းကြားလိုက်ရတယ်” ဟု ကံပေါက်ရွာက ခရီးသည်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။

လမ်းပြန်ဖွင့်မည်အချိန်နှင့်နေရက်ကို ပြန်လည်ပြောကြားခြင်းမရှိသေးသဖြင့် မနက်ဖြန်တွင်လည်း လမ်းဖွင့်ရန်မသေချာသေးကြောင်း၊ ယခုနှစ်ဆန်းပိုင်းတွင်ပင် စစ်ကောင်စီက ယင်းဂိတ်တွင် ၄ ကြိမ်ထက်မနည်းလမ်းပိတ်ခဲ့ပြီး အများဆုံး ၂ ရက်ကြာအထိပိတ်ခဲ့ဖူးသည်ဟု ၎င်းကဆက်ပြောသည်။

ရေး – ထားဝယ် ကားလမ်းပိုင်းတွင်မူ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ယာဉ်မောင်းများထံကသိရသည်။

ကံပေါက်လမ်းပိုင်း မပိတ်မီ မေလ ၉ ရက်နှင့် ၁ဝ ရက် ညနေပိုင်းများတွင် မောရဝတီရေတပ်မှ ကလိန်အောင်မြို့ဘက်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်ဆန်များ ကောင်းကင်တွင်ဖြတ်သန်းသွားသည်ကို ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအများစုက မြင်ရကြောင်း ရွာသားများကဆိုသည်။

” ZOC (ဇောတိကအော်ပရေးရှင်းစင်တာ ) ထဲကနေ ထင်ထင်ရှားရှားကို တွေ့ရတယ် ။ ခေါင်းပေါ်ကဖြတ်သွားတယ်။ မီးအလုံးကြီးတွေ ၊ အသံကတော့ နားလိုက် ပြန်ကြားလိုက်နဲ့ မနေ့က အသံအချက် ၂ဝ ကျော်ကြားရတယ်” ဟု အုန်းပင်ကွင်းရွာရှိ ဇောတိက ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းဝန်ထမ်းတစ်ဦးကပြောသည်။

ယင်းကဲ့သို့လက်နက်ကြီးပစ်ခတ်ရသည့်အကြောင်းအရင်းကို အတည်မပြုနိုင်သေးသော်လည်း လက်နက်ကြီးပစ်ခတ်မှုမတိုင်မီ စစ်ကောင်စီတပ်နှင့်နီးစပ်သည့် ဒေသခံများထံကတစ်ဆင့် ကလိန်အောင်မြို့ဘက်သို့ လက်နက်ပစ်ခတ်မည့် သတင်းများထွက်ပေါ်ခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။

လက်နက်ကြီးကျည်ဆန်များကြောင့် ထိခိုက်မှုရှိသည်ကိုမကြားရဘဲ ယနေ့ မေ ၁၁ တွင်လည်း ပစ်ခတ်မှုမရှိတော့ကြောင်း ၎င်းတို့ထံကသိရသည်။

ကလိန်အောင်မြို့တွင်လည်း မေလ ၁ဝ ရက် ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်သားများ မြို့တွင်း၌ ခြေလျင်ကင်းလှည့်နေသည်ဟု မြို့ခံများကပြောသည်။

ယနေ့ မေလ ၁၁ ရက်နေ့တွင်မူ ပစ်ခတ်သံများမကြားရတော့သော်လည်း ကလိန်အောင်မြို့နယ် ၊ ဇင်းဘာရွာသားများ နေရပ်ပြန်မရဲဘဲ စစ်ဘေးရှောင်နရဆဲဖြစ်သည်။