မြို့လယ်တစ်နေရာ။ လက်ထဲတွင် အထုပ်တစ်ထုပ်ကိုင်ထားသူတစ်ဦးကို ရဲများက ဝိုင်းထားကာ သေနတ်များဖြင့် ချိန်ထားသည်။ အရာရှိတစ်ဦးက လှမ်း အော်ပြောလိုက်သည်။
“လက်ထဲက အထုပ်ကိုချ၊ လက်ထဲ မှာ ဘာမှမကိုင်ထားနဲ့၊ လက်မြှောက် ထားလိုက်”။
ပြောသည့်အတိုင်းပင် ထိုသူသည် လက်ထဲမှ အထုပ်ကို ချကာ လက်နှစ် ဖက်မြှောက်ထားလိုက်သည်။ ရဲအချို့ ထိုသူထံသို့ သေနတ်ကိုင်လျက် ချဉ်းကပ် သွားစဉ် ကျန်ရဲတစ်ချို့ကလည်း ထိုသူကို ပစ်ရန် အသင့်အနေအထား သေနတ်နှင့် ချိန်လျက်သား။
ရဲသားတစ်ယောက်က ထိုသူကို လျင်မြန်စွာ လက်ထိပ်ခတ်လိုက် သည်။ ထို့နောက်တွင်မှ ကျန်ရဲသား များက ထိုသူထံ ချိန်ထားသော သေနတ် များကို ချလိုက်ကြပြီး ထိုသူ၏ အထုပ် ကို သိမ်းကာ ထိုသူကို ရဲကားနှင့် ဖမ်းဆောင်ခေါ်ဆောင်သွားတော့သည်။ ဤသည်ကား ရုပ်ရှင်၊ သတင်း၊ ဇာတ်လမ်း ရုပ်ပြများတွင် မြင်တွေ့နေကျ မြင်ကွင်း မျိုးဖြစ်သည်။ မထူးဆန်းလှ။
ကင်းလှည့်နေသောရဲက မသင်္ကာ ဖွယ် လူတစ်ဦးကိုတွေ့လိုက်ရသည်။ ထိုသူ ကလည်း ရဲကားကို မြင်သည်နှင့် လမ်းကျဉ်း ကလေးအတွင်းသို့ ထွက်ပြေးတော့သည်။ ကားရပ်လိုက်ပြီး ရဲက ထိုသူနောက်သို့ ပြေးလိုက်သည်။ “ရပ်လိုက်၊ ချက်ချင်း ရပ်” လိုက်ဟုရဲအရာရှိက ပြောသော် လည်း ထိုသူသည်ဆက်ပြေးနေဆဲ။ တစ်နေရာတွင် လမ်းဆုံးသွားသည်။ ဆက်ပြေး၍မရ။ နောက်မှ လိုက်လာ သော ရဲ အရာရှိက ထိုသူကို မီသွားသည်။ သို့ရာတွင် ရဲအရာရှိသည် ထိုသူကို ဖမ်း ၍မရ။ ထိုသူက ရဲအရာရှိကို သေနတ်နှင့် ချိန်ထားသည်။ ထိုရဲအရာရှိတွင် သေနတ် မရှိ။
ထိုသို့ဖြင့် ထိုမသင်္ကာဖွယ်သူသည် ထွက်ပြေးလွတ်မြောက်သွားတော့သည်။ သည်လိုမြင်ကွင်း ဇာတ်ကွက်မျိုးဆိုလျှင် ထိုရဲအရာရှိတွင် အဘယ်ကြောင့် ကိုယ်နှင့် တစ်ပါတည်း သေနတ်မဆောင်ထား သနည်း။ ကားထဲတွင် ကျန်ခဲ့သလော။ တွေးဆဖွယ်ပင်ဖြစ်သည်။
တကယ်တော့ အထက်ပါမြင်ကွင်း ဖြစ်ရပ် နှစ်ခုစလုံးမှာ မထူးဆန်းလှပေ။ ဒုတိယဖြစ်ရပ်မှာလည်း ဖြစ်တောင့်ဖြစ်ခဲ မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ ပေါ်ရှိ ရဲသားများအားလုံး ကင်းလှည့် တာဝန်ထမ်းဆောင်နေစဉ်အချိန်အတွင်း သေနတ်ဆောင်ကြသည်ချည်းမဟုတ် သောကြောင့်ပင်ဖြစ်သည်။
ရာဇဝတ်မှုခင်းများသည် တဖြည်း ဖြည်းနှင့် ကျယ်ပြန့်လာကာ ဒေသတစ်ခု မှသည် နိုင်ငံအနှံ့ သာမက နိုင်ငံဖြတ် ကျော် ကျူးလွန်ဆက်နွှယ်လာသည့် ကမ္ဘာ့ပြဿနာကြီးဖြစ်လာနေသည်။ အထူးသဖြင့် မူးယစ်ဆေးဝါးများနှင့်နှီး နွှယ်သော မှုခင်းများနှင့် ရှားပါးပစ္စည်း များ တရားမဝင် ကုန်သွယ်မှု ကဲ့သို့သော မှုခင်းများမှာ နိုင်ငံဖြတ်ကျော်မှုခင်းများ အဖြစ် ပို၍ထင်ရှားလာသည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် လည်း ပြည်တွင်းရှိ ရာဇဝတ်မှုများကို မိမိတို့ နိုင်ငံ၏ အစိုးရမူဝါဒများ၊ ထုံးတမ်း ဓလေ့များ၊ ဖြစ်ရိုးဖြစ်စဉ် မှုခင်းအချက် အလက်များကို အခြေပြုကာ နည်းမျိုးစုံ နှင့် တရားဥပဒေ စိုးမိုးရေးအတွက် ကိုင်တွယ်ဖြေရှင်းနေရပေသည်။ ထိုသို့ တရားဥပဒေစိုးမိုးရေး အတွက် ကြိုးပမ်း နေကြသော ရဲများအနက် တချို့ နိုင်ငံ များမှ သေနတ်မဆောင်ကြသော ရဲများ ၏ လုပ်ဆောင်ချက်များသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။
ထိုသေနတ် မဆောင်ကြသော ရဲများသည် တရား ဥပဒေစိုးမိုးရေး၊ မှုခင်းတားဆီးရေးရည် ရွယ်ချက်များအတွက် နည်းအမျိုးမျိုးဖြင့် ထိရောက်သော အလုပ်များကို လုပ် ဆောင်နေသည်သာဖြစ်သည်။
ကမ္ဘာပေါ်တွင် ဗြိတိန်၊ အိုင်ယာ လန်၊ အိုက်စ်လန်၊ နော်ဝေနှင့် နယူးဇီလန် ရှိ ရဲများမှာ ယေဘုယျအားဖြင့် တာဝန် ချိန်ကင်းလှည့်နေစဉ်တွင် သေနတ် မဆောင်ကြရပေ။
အထူးအခြေအနေတစ် ရပ်ရပ်တွင်သာ သေနတ်ကိုင်ခွင့်ရလေ့ရှိ သည်။ သည်တော့ ထိုနိုင်ငံများတွင် သေနတ်ခါးထိုးထားသော ရဲများကို သာမန်အချိန်တွင် တွေ့မြင်ရမည်မဟုတ် ပေ။
သေနတ်မဆောင်ခြင်းနှင့် ပတ်သက် ၍ မြောက်ပိုင်း မီချီကန် တက္ကသိုလ် လူမှုဗေဒ လက်ထောက် ပါမောက္ခ မစ္စတာ အော့ဆန်ကမူ “ဒီလို သေနတ်မဆောင်တဲ့ အကျင့်က ဘယ်ကနေလာလဲ ဆိုတော့ ရဲတွေမှာသေနတ်ရှိဆောင်ထားတာက သေနတ်သုံးတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ် တာထက် ပိုဖြစ်စေတတ်တယ် ဆိုတဲ့ ယုံကြည်မှုကလာတာ”သူ၏ အမြင်ကို ဖွင့်ဟပြောဆိုသည်။
ဗြိတိန်
ဗြိတိန်တွင် ရဲများ သေနတ်မဆောင် ကြပေ။ သေနတ်မပါဘဲ ကင်းလှည့်သွား ခြင်းကပင် သူတို့အတွက် ထုံးစံ ပင်ဖြစ် နေသည်။ လွန်ခဲ့သည့် ၁၉ ရာစုလောက် ကတည်းက ရဲများကင်းလှည့်ခြင်း ဆိုသည်ကို ပြည်သူတို့အတွက် အစောင့် အရှောက်ပေးသည့်သဘော၊ မည်သူမဆို ရဲများကို အလွယ်တကူချဉ်းကပ်နိုင်သည့် သဘောအဖြစ် မှတ်ယူထားခဲ့ ကြသည်။
သေနတ်ကြီးဆောင်ထားလျှင် လူများ ထိတ်လန့်မည်စိုး၍ဖြစ်သည်။ အများစု ယုံကြည်ကြသည်မှာ ရဲနှင့် ပြည်သူ အကြား ဆက်ဆံရေးသည် လက်နက်ကိုင် ထားသော ရဲများကို ကြောက်ရွံ့နေရမှု (အကြောက်တရား) အပေါ် အခြေမခံရဘဲ အပြန်အလှန် ယုံကြည်မှုနှင့် လေးစားသမှု ရှိခြင်းအပေါ် အခြေခံရမည်ဟူ၍ဖြစ် သည်။
အတိတ်ကို ပြန်ကြည့်လိုက်လျှင် လည်း ရဲနှင့် ရာဇဝတ်သားများအကြား အပြန်အလှန် ပစ်ခတ်ရင်း အသက်ဆုံးပါး ရသည့် ဖြစ်ရပ်မျိုး မရှိသလောက်နည်း ခဲ့သည်။ ဘီဘီစီက၂၀၀၄ ခုနှစ်က စစ်တမ်း တစ်ခုကောက်ခဲ့ဖူးရာ ထိုစစ်တမ်းအရ ဗြိတိန်ရဲတပ်ဖွဲ့ဝင်များ၏ ၈၂ ရာခိုင်နှုန်း က သေနတ်ဆောင်လျက် တာဝန်မထမ်း ချင်ဟု ဖြေခဲ့ပါသည်။ သုံးပုံတစ်ပုံ လောက်သော ရဲတပ်ဖွဲ့ဝင်များက တာဝန် ထမ်းဆောင်နေစဉ်အတွင်း သူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်ကြသော် လည်း သေနတ်မကိုင်လိုဟု ဆိုကြပါ သည်။
အိုင်ယာလန်
ရဲများ သေနတ်မဆောင်ခြင်းနှင့် ပတ်သက်သည့် ယုံကြည်ချက်တစ်ရပ် လည်း အိုင်ယာလန် နိုင်ငံတွင်ရှိနေသည်။ ထိုယုံကြည်မှုကား လက်နက်မပါသော ရဲများသည်လည်း တာဝန်ကို ထိရောက်စွာ ထမ်းဆောင်နိုင်သည်။ အဘယ်ကြောင့် နည်းဟုမူကား အနှစ်သာရရှိသော တရားဥပဒေစိုးမိုးမှုသည် လက်နက် အင်အားသုံး၍ ဖိအားပေးခြင်းထက် လူ့ကျင့်ဝတ်သိက္ခာတရားကို ထိန်းသိမ်း စောင့်စည်းခြင်း၌ပို၍ မူတည်သည်ဟူ၍ ဖြစ်သည်။
သည်တော့ အိုင်ယာလန်ရဲများ၏ အဆောင်မှာ ယေဘုယျအားဖြင့် ငရုပ် စပရေးဘူးနှင့် နံပါတ်တုတ်လေးသာ ဖြစ်သည်။ အိုင်ယာလန်၏ ရဲအများစုမှာ သေနတ်အသုံးပြုနည်း သင်တန်းပင်မရ ထားဟုဆိုသည်။ ကုလသမဂ္ဂမှ ပံ့ပိုးထား သော သုတေသနဝက်ဆိုက်တစ်ခုဖြစ် သည့် GunPolicy.org ၏ အဆိုအရ နှစ်ဆယ်မှ နှစ်ဆယ့်ငါး ရာခိုင်နှုန်းသော အိုင်ယာလန်ရဲသားများသာ သေနတ်ကို ကျွမ်းကျင်စွာ ကိုင်တတ်သည်ဟုဆို သည်။
အိုင်ယာလန်တွင် သေနတ်ကိုင် ဆောင်ခြင်းနှင့်ပတ်သက်သည့် ဥပဒေ ကလည်းကြပ်သလို ပြည်သူများအကြား သေနတ်ဆောင်သည့် အလေ့ကလည်း မတွင်ကျယ်လှပေ။ သေနတ်သုံး အကြမ်း ဖက်မှုမျိုးလည်း လွန်စွာနည်းပေသည်။ သို့သော်လည်း အမျိုးမျိူးသော မှုခင်းများ ကို ရဲတပ်ဖွဲ့များက နည်းအမျိုးမျိုးနှင့် ကိုင်တွယ်နေရသည်သာဖြစ်သည်။
အိုက်စ်လန်နိုင်ငံ
အိုက်စ်လန်နိုင်ငံတွင် လူဦးရေ အားလုံး၏ သုံးပုံတစ်ပုံတွင် သေနတ် ရှိကြသည်။ သို့ရာတွင် ရဲများတွင်မူ အများအားဖြင့် သေနတ်မဆောင်ထား ကြပေ။ အိုက်စ်လန်ပြည်သူအများစု ကိုင်လေ့ရှိသည်မှာ ရိုင်ဖယ် နှင့်အမဲလိုက် ရာတွင် အသုံးများသော သေနတ်များဖြစ်သည်။
အိုက်စ်လန်သည် ပြည်သူတစ်ဦး ချင်းစီ သေနတ်ဆောင်ထားမှုနှုန်း မြင့် သောနိုင်ငံများတွင် နံပါတ် ၁၅ ချိတ် သည်။ သို့သော်လည်း ရာဇဝတ်မှု ဆိုသည်မှာ အိုက်စ်လန်တွင် ဖြစ်ခဲဘိ ခြင်း။ သေနတ်ချစ်သူများနိုင်ငံဟု တချို့က တင်စားကြသော အိုက်စ်လန်တွင် ရဲက သေနတ်နှင့်ပစ်၍ သေဆုံးရသူတစ်ဦးသာ ရှိသေးသည်။
ဤသည်က ရဲဌာနစတင်တည် ထောင်ခဲ့သည့် ၁၈၀၃ခုနှစ်နောက်ပိုင်းမှ သည် ထိုပစ်ခတ်မှုဖြစ်ခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းတစ်ခုတည်းသော လူသေဆုံး ရမှုဖြစ်သည်။
အိုက်စ်လန် နိုင်ငံသည် နိုင်ငံရေးတွင် အမျိုးသမီးပါဝင်မှု အင်အား ကြီးခြင်း၊ ရဲတပ်ဖွဲ့များတွင်လည်း အမျိုးသမီးများစွာ ပါဝင်ခြင်း၊ ဆင်းရဲ ချမ်းသာ ကွာဟမှု နှုန်းနည်းပါးခြင်းနှင့် ကောင်းမွန်သော လူမှုဖူလုံရေး စနစ်ရှိ ခြင်းကြောင့် ရာဇဝတ်မှု နည်းပါးကာ ရဲများသေနတ်မဆောင်သော ဓလေ့ကို ဆက်ထိန်းထားနိုင်သည်ဟုလည်း ဆိုကြ သည်။
နော်ဝေနိုင်ငံ
ဥရောပမြောက်ပိုင်းနိုင်ငံတစ်ခုဖြစ် သည့် နော်ဝေနိုင်ငံ သည်လည်း သူ၏ထုံးစံကို ဆက်ထိန်းထားသည်။ နော်ဝေ တွင် ကင်းလှည့်တာဝန်ချိန်တွင်ပင်လျှင် ရဲများ၌ သေနတ်မဆောင်ကြရပေ။ သို့သော် ကင်းလှည့်ယာဉ်အတွင်းတွင်မူ သေနတ်ပါသည်။
သေနတ်ပါသည် ဆိုသော်လည်း ထိုသေနတ်များကို ကား ထဲတွင် သော့ခတ်သိမ်းထားပြီး ဥပဒေ အရ အမိန့်ပေးခွင့်ရှိသော အရာရှိက ခွင့်ပြုမှသာ ထုတ်သုံးခွင့်ရသည်။
စာရင်းများအရ နော်ဝေတွင် မှုခင်း များ ကျဆင်းလာနေဟုဆိုသည်။ ၂၀၁၄ ခုနှစ်၏စာရင်းအရ နိုင်ငံတစ်ဝန်း လူသတ်မှု ပေါင်း ၂၉ မှုသာရှိသည်ဟုဆိုသည်။ ၂၀၀၂ မှ ၂၀၁၄ အထိ နော်ဝေတွင် ရဲက ပစ်ခတ်၍ အသက်ဆုံးရသူ နှစ်ဦးသာ ရှိသည်။
နော်ဝေပြည်သူ အယောက် ၁၀၀ တွင် ယေဘုယျအားဖြင့် သေနတ် ၃၁ လက်လောက်ရှိသည်ဟု ဆိုသည်။ ထို သေနတ်များစုမှာ လည်း အမဲလိုက်ဖို့ သုံးသည့် လက်နက်များဖြစ်ပြီး ဆိုင်ရာ က သေနတ်အသုံးပြုမှုကို ကြီးကြပ် သော စနစ်မျိုးရှိသည်။ ၂၀၁၄ နှောင်းပိုင်း က ဥရောပတွင် ဖြစ်ပျက်ခဲ့သော အိုင်အက်စ်အကြမ်းဖက်အဖွဲ့၏ အကြမ်း ဖက်မှုများကြောင့် နော်ဝေရဲများ သေနတ် အမြဲဆောင်ထားရသည့် အခြေအနေတွင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အခြေ အနေများပြန်လည် တည်ကောင်းမွန်လာ သည့် ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ပုံမှန်အတိုင်းပင် သေနတ်မဆောင်တော့ ပေ။
နယူးဇီလန် နိုင်ငံ
ကျွန်းနိုင်ငံငယ်တစ်ခုဖြစ်သော နယူးဇီလန်နိုင်ငံတွင်လည်း ရဲများ သေနတ် မဆောင်ကြပေ။ သို့ရာတွင် နော်ဝေရဲများ ကဲ့သို့ပင် ကင်းလှည့်ကားထဲတွင် တော့ သော့ခတ်ထားသော သေနတ်သေတ္တာပါ သည်။ ထိုသေနတ်ကို သုံးရန်အတွက် လည်း အထက်အရာရှိကို ခွင့်ပြုချက် တောင်းရသည်။ သို့သော်လည်း သေနတ် ထုတ်သုံးသည်မှာ ဖြစ်တောင့်ဖြစ်ခဲပင် ဖြစ်သည်။
ရဲများတွင် ငရုပ်စပရေး၊ နံပါတ်တုတ်နှင့် လျှပ်စစ်ကျင်စက်များ သာ ဆောင်ထားသည်။
ရဲများကိုယ်တိုင် ပင်လျှင် သေနတ်ဆောင်ထားလိုသော ဆန္ဒမရှိလှ။ ပြည်သူများက ရဲများကို လေးစားအားကိုးပြီးသား ဖြစ်သလို ရဲများ ကလည်း ပြည်သူများနှင့် နွေးထွေးသော ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင် သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့သော ခရိုက်စ်ချာ့ အကြမ်းဖက် ပစ်ခတ်မှု နောက်ပိုင်းတွင် ရဲများကို သေနတ်အမြဲဆောင်ထားရန် ညွှန်ကြား ထားခဲ့သည်။
နယူးဇီလန်၏ အမျိုးသမီး ဝန်ကြီးချုပ် ဂျက်စင်ဒါ ဆိုလျှင် ရဲများကို အမြဲ သေနတ်ဆောင်ခိုင်းခြင်း ကို လုံး၀ သဘောမကျသူအဖြစ်ထင်ရှားသည်။
သို့သော်လည်း ဆိုးဝါးလှသော အကြမ်းဖက်မှု အန္တရာယ်ကြောင့် နိုင်ငံတော် ၏ လုံခြုံရေးအရ လတ်တလောတွင် ရဲများ တာဝန်ချိန်အတွင်း လက်နက် ဆောင်ထားရသော အခြေအနေဖြစ်သည်။