BREAKING
April 14, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

April 11, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီ ၅ ရက်မှ ဧပြီလ ၁၁ ရက်အထိ

အမေရိကန်တွင် ရဟတ်ယာဉ်ပျက်ကျသဖြင့် လူ ၆ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ဟွတ်ဆန်မြစ်ထဲကို ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။

ဧပြီလ ၁၀ ရက်က ပျက်ကျခဲ့တဲ့အချိန် လိုက်ပါလာတဲ့ ကလေး ၃ ဦးလည်း သေဆုံးခဲ့တာပါ။

သေဆုံးသူတွေက စပိန်က မိသားစုဝင် ၅ ဦးနဲ့ လေယာဉ်မှူးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဟတ်ယာဉ်ဟာ မွန်းလွဲ ၃ နာရီလောက်မှာ မြို့လယ်က ရဟတ်ယာဉ်ကွင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဟွတ်ဆန်မြစ်ပေါ်ကနေ မြောက်ဘက်ကို ပျံသန်းခဲ့တာဖြစ်ပါတယ်။

ဂျော့ခ်ျဝါရှင်တန်တံတားကို ရောက်တဲ့အခါ တောင်ဘက်ကို ပြန်လှည့်ပြီး မိနစ်ပိုင်းအကြာမှာပဲ ပျက်ကျခဲ့တာဖြစ်ပါတယ်။

Ref: BBC

……………………………………..

အမေရိကန်က တရုတ်ကို ဖယ်ပြီး အခွန်တိုးကောက်မှုကို ရက် ၉၀ ဆိုင်းငံ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံတကာအပေါ် ကောက်ခံမယ့် အခွန်တိုးမြှင့်မှုကို ရက်ပေါင်း ၉၀ ခေတ္တဆိုင်းထားခွင့်ပြုတယ်လို့ ဧပြီ ၉ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒါပေမယ့် ဆိုင်းငံ့ထားတဲ့ နိုင်ငံထဲ တရုတ်ကို ဖယ်ထားပြီး တရုတ်နိုင်ငံအတွက် အခွန်ကို ၁၂၅ ရာခိုင်နှုန်းကို ချက်ချင်းကောက်ခံမှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

တရုတ်ဘက်ကလည်း အမေရိကန်အပေါ် အခွန် ၈၄ ရာခိုင်နှုန်းအထိ တိုးကောက်မယ်လို့ ကြေညာပါတယ်။

ဒါဟာ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်စစ်ပွဲအတွက် တင်းမာမှုတွေ ဆက်တိုက်တိုးလာနေတာကို တွေ့မြင်ရပါတယ်။

ကမ္ဘာ့စျေးကွက်ကို တရုတ်နိုင်ငံက လေးစားမှုမရှိလို့ အမေရိကန်က တရုတ်ကို ကောက်ခံတဲ့ အခွန်စည်းကြပ်မှုကို ချက်ချင်း ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တာဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ကျန်တဲ့ တောင်ကိုးရီးယား၊ ဂျပန်၊ ဗီယက်နမ်ကဲ့သို့ နိုင်ငံတွေက အမေရိကန်နဲ့ ပြန်လည်ညှိနှိုင်းကြဖို့ ကမ်းလှမ်းထားကြပါတယ်။

Ref: BBC

……………………………………..

ယူကရိန်း-ရုရှားစစ်ပွဲတွင် တရုတ်နိုင်ငံသားများကို ဖမ်းမိ

ယူကရိန်း-ရုရှားစစ်ပွဲထဲမှာ ယူကရိန်းနိုင်ငံဘက်က ရုရှားဘက်ကနေ စစ်ကူတိုက်ပေးနေတဲ့ တရုတ်နိုင်ငံသာနှစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီစစ်ပွဲမှာ တရုတ်နိုင်ငံသားတွေ ပိုပိုပြီး ပါဝင်ပတ်သက်မှုက ပိုကြီးတဲ့ ပြဿနာတွေကို ဖြစ်စေတော့ ဒါကို လုံးဝ မူအရ တုံ့ပြန်ရမှာ ဖြစ်တယ်လို့ သမ္မတ ဇလန်းစကီးက ပြောဆိုလိုက်တာပါ။

ယူကရိန်းကို ဆန့်ကျင်တဲ့ ရုရှားစစ်တပ်အတွက် တိုက်ပွဲဝင်နေတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်လောက် ရှိနေတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ နာမည်တွေ မျိုးရိုးတွေနဲ့ သတင်းအချက်အလက်တွေ ယူကရိန်း ထောက်လှမ်းရေးတွေဘက်မှာ ရှိထားတယ်လို့ သမ္မတက ပြောပါတယ်။

လက်ရှိကတော့ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေက ယူကရိန်း စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆက်သွယ်ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။

Ref: BBC

……………………………………..

ဒိုမီနီကန်တွင် နိုက်ကလပ်ခေါင်မိုးပြိုကျ၊ အနည်းဆုံး ၂၂၁ ဦး သေဆုံး

ဒိုမီနီကန်သမ္မတနိုင်ငံ မြို့တော် ဆန်တိုဒိုမင်ဂိုမှာ Jet Set နိုက်ကလပ်အမိုး ပြိုကျခဲ့လို့ သေဆုံးသူ ၂၂၁ အထိ ရှိလာတယ်လို့ ဆိုပါတယ်။

ဧပြီလ ၈ ရက်နေ့က Jet Set နိုက်ကလပ်မှာ ပါတီပွဲတခုအတွင်း ပြိုကျခဲ့တာပါ။

သေဆုံးသူတွေထဲမှာ နိုင်ငံရေးသမား၊ အဆိုတော်၊ အားကစားသမားတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ဖြစ်ချင်း ဒဏ်ရာရရှိသူ ၂၅၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ အရေးပေါ် ပိုဆောင်ပေးခဲ့ကြပါတယ်။

ပြိုကျမှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားရတဲ့ မိသားစုတွေနဲ့အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြေကွဲဝမ်းနည်းရမှု ဖြစ်တယ်လို့ သမ္မတ လူးဝစ်အာဘီနဲဒါက ဆိုပါတယ်။

သေဆုံးသူတွေအတွက် ဝမ်းနည်း အောက်မေ့ခြင်းအနေနဲ့ ဧပြီ ၈ ရက်က စတင်ပြီး ၃ ရက်ကြာ နိုင်ငံတော်အဆင့် သတ်မှတ်ထားပါတယ်။

Ref: AP

……………………………………..

နယ်စပ်ဖြတ်လာသော မြောက်ကိုးရီးယားစစ်သားများကို တောင်ကိုးရီးယား သတိပေး

ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားတဲ့ စစ်ရေးနယ်နိမိတ်မျဉ်း (MDL) ကို ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားတွေကို သတိပေး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။

ဧပြီလ ၈ ရက်နေ့က မြောက်ကိုရီးယား စစ်သား ၁၀ ကျော်က နယ်စပ်အရှေ့ဘက်ခြမ်းရှိ စစ်ရေးနယ်စပ်မျဉ်းကို ချိုးဖောက် ဖြတ်ကျော်လာတာပါ။

ဝင်ရောက်လာတဲ့ စစ်သားတွေက လက်နက်တွေ ကိုင်ဆောင်ထားသလို ကျည်ကာဝတ်စုံတွေလည်း ဝတ်ဆင်ထားတယ်လို့ ပြောပါတယ်။

မြောက်ကိုးရီးယားစစ်သားတွေ ဖြတ်ကျော်လာလို့ တောင်ကိုးရီးယားစစ်တပ်ဘက်က သတိပေးပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သတိပေးပစ်ခတ်မှုပြီးတဲ့နောက် မြောက်ကိုရီးယားစစ်သားတွေက မြောက်ကိုရီးယားဘက်ကို ပြန်ရောက်သွားတယ်လို့ ပြောပါတယ်။

Ref: The CHOSUN

……………………………………..

ကွန်ဂိုတွင် ရေကြီးမှုကြောင့် လူ ၃၃ ဦးသေဆုံး

ကွန်ဂိုနိုင်ငံမြို့တော် ကင်ရှာဆာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုတွေ ဆက်ဖြစ်နေလို့ လူပေါင်း ၃၃ ဦးအထိ သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်တည်းက မိုးဆက်တိုက်ရွာနေလို့ လူတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

ရေလွှမ်းမိုးမှုအပြီးမှာလည်း မြို့တော်မှာ အပျက်အစီးများစွာ ထိခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

အချို့ပြည်သူတွေကတော့ ရေထဲမှာ ၇၂ နာရီအထိ ပိတ်မိခဲ့ကြပြီး အစားအသောက်တွေ မရတဲ့အပြင် ပစ္စည်းတွေ အားလုံးကိုလည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျီလီမြစ်ဟာ ညတွင်းချင်း ကမ်းပါးတွေ ပြည့်သွားတဲ့အထိ ရေလျှံခဲ့လို့ အမျိုးသား ကားလမ်းမကြီး ပိတ်ဆို့သွားခဲ့ရကာ လမ်းပေါ်က ကားတွေလည်း သောင်တင်ခဲ့ကြပါတယ်လို့ ဆိုပါတယ်။

အချို့အိမ်တွေက ပြိုကျပျက်စီးခဲ့လို့ အိုးမဲ့အိမ်မဲ့တွေလည်း ဖြစ်ကုန်ကြတယ်လို့ သိရပါတယ်။

Ref: Aljazeera

……………………………………..

မျိုးသုန်းနေသော ဝံပုလွေမျိုးစိတ်ကို ပြန်လည်သားဖောက်နိုင်

မျိုးသုဉ်းပျောက်ကွယ်သွားခဲ့တဲ့ ဝံပုလွေမျိုးစိတ်တစ်မျိုးကို အမေရိကန်နိုင်ငံ ဒဲလက်စ်မြို့အခြေစိုက် ဇီဝသိပ္ပံကုမ္ပဏီတစ်ခုက မျိုးဗီဇပြုပြင်ပြောင်းလဲနည်းနဲ့ အောင်မြင်စွာ သားဖောက်နိုင်ခဲ့ပါတယ်။

dire wolf လို့ခေါ်တဲ့ ဝံပုလွေမျိုးစိတ်တွေက လွန်ခဲ့တဲ့ နှစ်‌ပေါင်း ၁၂၀၀၀ ခန့်ကတည်းက မျိုးသုန်းပျောက်ကွယ်သွားခဲ့တာပါ။

နှစ်သက်တမ်း ၁၃၀၀၀ ရှိတဲ့ သွားတစ်ချောင်းနဲ့ နှစ်သက်တမ်း ၇၂၀၀၀ ရှိတဲ့ ဦးခေါင်းခွံတို့မှာရှိတဲ့ dire wolf ဝံပုလွေမျိုးဗီဇတွေကို gray wolf ဝံပုလွေရဲ့ မျိုးဗီဇနဲ့ ပေါင်းစပ်၍ ပြင်ဆင်ပြောင်းလဲကာ သားဖောက်ခဲ့တာဖြစ်ပါတယ်။

ပြင်ဆင်မွမ်းမံထားတဲ့ မျိုးဗီဇကို gray wolf ဝံပုလွေရဲ့ ဆဲလ်ထဲ ထိုးသွင်းပြီး သားပေါက်လေး သုံးကောင်ကို သားဖောက်နိုင်ခဲ့ပါတယ်။

ဒီနည်းလမ်းတွေအရ အနီရောင်ဝံပုလွေလို မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

Ref: CNN

……………………………………..