BREAKING
April 14, 2025

ဘန်ကောက်အဆောက်အအုံ ပြိုကျမှု တရုတ်လုပ်ငန်းရှင်ကို ဖမ်းဝရမ်းထုတ်ပြီး သံမဏိစက်ရုံကိုဝင်စီး

April 11, 2025

ဓာတ်ပုံ - Pattaya News

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော စာရင်းစစ်ချုပ်ရုံး အဆောက်အအုံတွင် အရည်အသွေးနိမ့်သော သံမဏိများကို အသုံးပြုထားသဖြင့် သံမဏိထုတ်လုပ်သော စက်ရုံပိုင်ရှင် တရုတ်လုပ်ငန်းရှင်ကို ယနေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ပြိုကျသော အဆောက်အအုံတွင် အသုံးပြုသော သံမဏိများကို ထိုင်းနိုင်ငံ ရယွန်ဒေသရှိ တရုတ်လုပ်ငန်းရှင် Xin Ke Yuan ပိုင် စက်ရုံက ထုတ်လုပ်ထားခြင်းဖြစ်သည်။

စံချိန်စံညွှန်းနှင့် မညီသော သံမဏိများကို ထုတ်လုပ်မှုကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတည်းက စက်ရုံပိတ်ထားရန် အမိန့်ချမှတ်ခံထားရသည်။

အရည်အသွေးမပြည့်မီသော သံမဏိများကို ထုတ်လုပ်အသုံးပြုထားသဖြင့် စက်ရုံပိုင်ရှင်ဖြစ်သော တရုတ်လုပ်ငန်းရှင် Xin Ke Yuan အမည်ရှိသူကို ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး Akanat Promphan က ဆိုရှယ်စာမျက်နှာတွင် ယနေ့ ကြေညာသည်။

ယနေ့တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) နှင့် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ (CIB) များက ရယွန်ခရိုင်ရှိ Xin Ke Yuan ပိုင် စက်ရုံထဲ ဝရမ်းအရ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြသည်။

ဝင်ရောက်စီးနင်းစဉ် ကွန်ပြူတာအချက်အလက်များကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း အချို့ CCTV ကင်မရာများကို ပိတ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် သက်သေအချက်အလက်များကို လက်စဖျောက်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

စက်ရုံထဲတွင် ရွှေ့ပြောင်းအလုပ်သမား ၄၀ ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏ စာရွက်စာတမ်းများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများတွင် မြန်မာနိုင်ငံသား ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။

ပြိုကျခဲ့သော စာရင်းစစ်ချုပ်ရုံးတည်ဆောက်ရေးတွင် အသုံးပြုထားသော သံမဏိများကို စစ်ဆေးရာတွင် စံချိန်စံညွှန်းနှင့် အရည်အသွေး မပြည့်မီသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ထို့အပြင် Xin Ke Yuan စက်ရုံက ထုတ်လုပ်ထားသော အခြားသံမဏိပစ္စည်းများကို နှစ်ကြိမ် စစ်ဆေးရာတွင်လည်း အရည်အသွေး မပြည့်မီသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့နောက် ၎င်းစက်ရုံက ထုတ်လုပ်ထားသေ သံမဏိပစ္စည်းအားလုံးကို ရောင်းချမှု ရပ်နားထားရန် ထိုင်းတရားရုံးက အမိန့်ချထားသည်။

နောက်ထပ် Xin Ke Yuan ၏ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအားလုံးကိုလည်း ပြန်လည် ရုတ်သိမ်းကြောင်း ရင်းနှီးမြုပ်နှံမှုဘုတ်ကော်မတီက ယနေ့တွင် ထုတ်ပြန်သည်။

နောက်ဆုံးအချက်အလက်များအရ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၂၇ ဦးအထိ ရှိလာပြီး အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသူ ၆၇ ဦး ရှိနေဆဲဖြစ်သည်။

Ref: Khaosod English, Thai Enquirer, The Nation Thailand, Pattaya News