BREAKING
April 14, 2025

တောင်ကိုရီးယားနှင့် ဆီးရီးယား သံတမန်ဆက်ဆံရေး ထူထောင်

April 11, 2025

တောင်ကိုရီးယားနှင့် ဆီးရီးယား နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တရားဝင် ထူထောင်လိုက်ပြီဖြစ်သည်။

ယင်းမှာ ယာယီသမ္မတအာမက်အယ်လ်ရှာရာ ဦးဆောင်သည့် ဆီးရီးယားအသွင်ကူးပြောင်းရေး အစိုးရအတွက် နောက်ထပ်မှတ်တိုင်တစ်ခု ဖြစ်သည်ဟု Al Jazeera တသင်းဌာန ဖော်ပြသည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ရန် ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆွေးနွေးခဲ့ကြပြီးနောက် ယမန်နေ့ ကြာသပတေးနေ့၌ ဆီးရီးယားမြို့တော် ဒမတ်စကက်စ်တွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့ လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

သမ္မတဟောင်းဘာရှာအာဆတ် လက်ထက်တွင် ဆီးရီးယားသည် မြောက်ကိုရီးယား၏ မိတ်ဆွေနိုင်ငံတစ်ခု ဖြစ်ခဲ့သော်လည်း ယခုတောင်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ထူထောင်လိုက်ပြီဖြစ်သည်။

ယင်းမှာ တောင်ကိုရီးယား၏ အဓိကရန်သူဖြစ်သည့် မြောက်ကိုရီးယားအစိုးရအတွက် ထိုးနှက်မှုတစ်ခု ဖြစ်သည်ဟုလည်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။

၁၃ နှစ်ကြာ ပြည်တွင်းစစ်မှ ဆီးရီးယားနိုင်ငံ နာလန်ထူနိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရက စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် လူသားချင်းစာနာမှုအကူအညီများ ပေးမည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတဲယွတ်လ်က ဆိုသည်။

ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားဆဲဖြစ်သည့် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများ ပြေလျှော့လာစေရေးကို တောင်ကိုရီးယားအစိုးရက အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အယ်လ်ရှာအိဘာနီကလည်း ပြောကြားခဲ့သည်။

ဆီးရီးယားနှင့် တောင်ကိုရီးယားနှစ်နိုင်ငံစလုံးတွင် နိုင်ငံရေးအပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်နေချိန်တွင် အဆိုပါ သံတမန်ဆက်ဆံရေးထူထောင်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ခဲ့သည့် အာဏာရှင်သမ္မတဟောင်း ဘာရှာအယ်လ်အာဆတ်ကို လက်ရှိယာယီသမ္မတ အာမက်အယ်လ်ရှာရာ ဦးဆောင်သည့် သူပုန်တပ်ဖွဲ့များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဖြုတ်ချနိုင်ခဲ့သည်။

ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ယာယီသမ္မတအာမက်အယ်လ်အာရှာ၏ ဆီးရီးယားအသွင်ကူးပြောင်းရေးကာလ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

အာဆတ်ပြုတ်ကျပြီး လအတန်ကြာသည်အထိ ဆီးရီးယားနိုင်ငံတွင် အကြမ်းဖက်ပဋိပက္ခများနှင့် ရင်ဆိုင်လုံးပန်းနေရဆဲဖြစ်ပြီး ဆီးရီးယား အသွင်ကူးပြောင်းရေးကာလ အစိုးရက နိုင်ငံပြန်လည်တည်ငြိမ်လာရေးကို အဓိကအာရုံစိုက် ကြိုးပမ်းလျက် ရှိသည်။

ယင်းသို့ပင် တောင်ကိုရီးယားနိုင်ငံတွင်လည်း သမ္မတယွန်းဆွတ်ယိုးလ်အား ပြီးခဲ့သည့် အပတ်က ရာထူးမှ တရားဝင်ဖယ်ရှားလိုက်သည်။

အခြေခံဥပဒေခုံရုံး၏ ထောက်ခံမှုဖြင့် တောင်ကိုရီးယားပါလီမန်က ၎င်းအား သမ္မတရာထူးမှ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်က တောင်ကိုရီးယား၌ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ရာမှ နိုင်ငံရေးမတည်ငြိမ်မှု ပေါ်ပေါက်လာခဲ့သည်။

နိုင်ငံတော်၏ ရန်သူနှင့် မြောက်ကိုရီးယားအလိုတော်ရိ အင်အားစုများက တောင်ကိုရီးယားအစိုးရထဲ စိမ့်ဝင်ထိုးဖောက်နေပြီဟု ဆိုကာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်း ဖြစ်သည်။

လာမည့် ဇွန်လတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီး တောင်ကိုရီးယားသမ္မတသစ်ကို ရွေးချယ်တင်မြှောက်သွားမည် ဖြစ်သည်။

တောင်ကိုရီးယားသည် ဆီးရီးယားအပြင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံစလုံးနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည်။

ပြီးခဲ့သည့်နှစ်တွင် မြောက်ကိုရီးယား၏ မဟာမိတ်ဖြစ်သည့် ကျူးဘားနိုင်ငံနှင့် တောင်ကိုရီးယားအစိုးရအကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်။