အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံး သေဆုံးဒဏ်ရာရမှု အလွန်များပြားခဲ့သည့် မြန်မာ့ငလျင်ဘေးဒဏ်ခံရသူများကို ပြည်ပနိုင်ငံများက ငွေကြေးထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၃၀၆ သန်းကျော် ကျော်အထိ ရှိနေပြီဖြစ်သည်။ ယင်းအပြင် ကယ်ဆယ်ရေးပစ္စည်းများ၊ လူသားချင်းစာနာသည့် အကူအညီများစွာလည်း ပြည်ပနိုင်ငံများအပါအဝင် ကုလသမဂ္ဂအပါအဝင် နိုင်ငံအသိုင်းအဝိုင်းက ထောက်ပံ့ကူညီလှူဒါန်းမှု တန် ထောင်နှင့်ချီရှိနေသည်။
ယင်းအနက် ငွေကြေးထောက်ပံ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးကုသရေးအဖွဲ့များ စသည့် မြန်မာငလျင်ဘေး ကူညီကယ်ဆယ်ကြသည့် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ ကူညီလှူဒါန်းမှုများကို Dawei Watch လက်လှမ်းမီသမျှ စုစည်းကာ ဖော်ပြအပ်ပါသည်။
တရုတ်
လူသားချင်းစာနာမှု အရေးပေါ်အကူအညီများအတွက် တရုတ်ယွမ် ၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်) ကူညီမည်ဖြစ်သည်။ ဆေးဝါးအထောက်အပံ့အဖြစ် ယွမ် ၂၄၀,၀၀၀ (ကန်ဒေါ်လာ ၃၃,၀၀၀) လှူဒါန်းသည်။ တရုတ်ကြက်ခြေနီအသင်းက ယွမ် ၁ ဒသမ ၅သန်း (ကန်ဒေါ်လာ ၂၀၆,၇၀၀) လှူဒါန်းသည်။ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့၊ အင်ဂျင်နီယာများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း စုစုပေါင်း ၆၀၀ ကျော် စေလွှတ်ကူညီခဲ့သည်။
ယူကေ
ယူကေအစိုးရက မြန်မာ့ငလျင်ဘေးသင့်သူများအတွက် စတာလင်ပေါင် ၂၅ သန်းကူညီသည်။ စတာလင်ပေါင် ၁၀သန်း၊ ၅သန်း၊ နောက်ထပ် ၁၀ သန်း စသဖြင့် သုံးကြိမ်အထိ ထပ်တိုးကူညီခဲ့ခြင်းဖြစ်သည်။ ယူကေအစိုးရ၏ ထောက်ပံ့ငွေသည် မြန်မာစစ်ကောင်စီထံသို့ စီးဆင်းခြင်း လုံးဝမရှိကြောင်း ထုတ်ပြန်ထားသည်။
ဥရောပသမဂ္ဂ
ဥရောပသမဂ္ဂက ယူရို သန်း ၁၃ ကူညီသည်။ ၃သန်းတစ်ကြိမ်၊ ၁၀သန်း တစ်ကြိမ် ကူညီခြင်းဖြစ်သည်။
အိန္ဒိယ
အိန္ဒိယနိုင်ငံက ကုန်တင်လေယာဉ် ၆စင်း၊ ရေတပ်သင်္ဘော ၅စင်းတို့ဖြင့် လူသားချင်း စာနာထောက်ထားမှုအကူအညီ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၆၂၅ တန် ပို့ဆောင်ထောက်ပံ့ကူညီခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့ ၈၀ ပါဝင်သည့် အဖွဲ့နှစ်ဖွဲ့ စေလွှတ်ခဲ့ပြီး ဆေးအဖွဲ့ဝင် ၁၁၈ ဦးဖြင့် ယာယီဆေးရုံဖွင့်လှစ် ကုသပေးခဲ့သည်။
Quad မဟာမိတ်အဖွဲ့ဝင်နိုင်ငံများ
အိန္ဒိယ၊ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ ၄ နိုင်ငံပါဝင်သည့် Quad မဟာမိတ်အဖွဲ့ဝင်နိုင်ငံများ မြန်မာငလျင်ဘေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ စုပေါင်းပံ့ပိုးသည်။
အမေရိကန်ပြည်ထောင်စု
အမေရိကန်အစိုးရက ဒေါ်လာ ၉သန်း ပံ့ပိုးကူညီသည်။ အနည်းဆုံး အဖွဲ့ဝင် ၃ ဦးပါဝင်သည့် ငလျင်ဘေး အကဲဖြတ်အဖွဲကို စေလွှတ်ခဲ့သော်လည်း မြန်မာစစ်ကောင်စီ၏ ဗီဇာပြဿနာကြုံရသည်။ ၊ မြန်မာနိုင်ငံတွင် ငလျင်ဘေးသင့် ဒေသများသို့ ရောက်ရှိနေစဉ် USAID ဝန်ထမ်း ၃ ဦး အလုပ်ထုတ်ခံရသည်။
ကနေဒါ
ကနေဒါအစိုးရက ကန်ဒေါ်လာ ၉ ဒသမ ၇၅ သန်းကို အဖွဲ့အစည်းများမှတစ်ဆင့် ကူညီခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်ကို ဒေါ်လာ ၄သန်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ဒေါ်လာ ၂ သန်း၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကို ဒေါ်လာ ၂ သန်း၊ ကနေဒါလူသားချင်းစာနာမှု အကူအညီပေးရေး ရန်ပုံငွေမှတစ်ဆင့် ဒေါ်လာ ၁ဒသမ၇၅ သန်း ကူညီခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ယာယီ ဆေးရုံဖွင့်ရန် ဘေးအန္တရာယ် ကျွမ်းကျင်ပညာရှင် ၂၆ ဦးနှင့် အထောက်အကူပစ္စည်းများကို မြန်မာနိုင်ငံသို့ စေလွှတ်ပို့ဆောင်ခဲ့သည်။
ဩစတြေးလျ
ဩစတြေးလျ အစိုးရက မြန်မာ့ငလျင်ဘေးအတွက် ကန်ဒေါ်လာ ၉ သန်း ကူညီသည်။ အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ AHA Center၊ Emergency Action Alliance ၊ သြစတြေးလျ အန်ဂျီအိုများနှင့် ဒေသခံမိတ်ဖက်များမှ တစ်ဆင့် ကူညီခြင်းဖြစ်သည်။
ဂျပန်
ဂျပန်အစိုးရ ကန်ဒေါ်လာ ၆သန်းဝန်းကျင် လှူဒါန်းသည်။ ယာယီဆေးရုံ ဖွင့်လှစ်ကာ ဆေးကုသပေးခဲ့သည်။ နီပွန်ဖောင်ဒေးရှင်းက ငလျင်ဘေးသင့်ဒေသများသို့ သွားရောက် ကူညီခဲ့သည်။ NTT နှင့် Daiichi Sankyo အဖွဲ့တို့က အကူအညီပေးရေးအဖွဲ့အစည်းများမှတစ်ဆင့် မြန်မာငလျင်ဘေးအတွက် ရန်ပုံငွေများ ထည့်ဝင်သည်။
အိုင်ယာလန်
အိုင်ယာလန်အစိုးရက ယူရို ၆သန်း ကူညီသည်။ အိုင်ယာလန်ခရစ်ယာန်ဂိုဏ်းကလည်း ယူရို ၁၀,၀၀၀ (တစ်သောင်း) လှူဒါန်းသည်။
ရုရှား
ဆရာဝန်နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ စုစုပေါင်း ဦးရေ ၁၂၀ ပါဝင်သည့် လေယာဉ်နှစ်စီးကို ရုရှားအစိုးရက မြန်မာနိုင်ငံသို့ စေလွှတ်ကူညီခဲ့သည်။ မန္တလေးမြို့တွင် ရွေ့လျားဆေးရုံတစ်ရုံဖြင့် ဆေးကုသပေးခဲ့သည်။
ADB ဘဏ်
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ADB က အမေရိကန်ဒေါ်လာ ၃သန်း ကူညီသည်။
တောင်ကိုရီးယား
တောင်ကိုရီးယားအစိုးရက မြန်မာ့ငလျင်ဘေးသင့်သူများအတွက် ကန်ဒေါ်လာ ၂ သန်း လှူဒါန်းသည်။
စပိန်
စပိန်အစိုးရက ယူရို ၂သန်း ကူညီသည်။ Salesians of Don Bosco စပိန်သာသနာပြုအဖွဲ့ကလည်း ငလျင်ဘေးသင့် ဒေသများသို့ သွားရောက် ကူညီခဲ့ပြီး အခြေခံလိုအပ်သည့်အထောက်အပံ့များ ဖြန့်ဝေခဲ့သည်။
တောင်အာဖရိက
တောင်အာဖရိက ရင်းဂစ်ငွေ ၁၀ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၂၅သန်း) ကူညီခဲ့သည်။ အဖွဲ့ဝင် ၅၀ ဦးပါသည့်အဖွဲကို စေလွှတ်ပြီး ရှာဖွေကယ်ဆယ်ရေး၊ ကူညီရေး၊ ဆေးဝါးကုသရေးတို့ လုပ်ဆောင်ခဲ့သည်။
မလေးရှား
မလေးရှားအစိုးရက ကန်ဒေါ်လာ ၂ ဒသမ ၃သန်းကူညီသည်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။
အင်ဒိုနီးရှား
အင်ဒိုနီးရှားအစိုးရက ကန်ဒေါ်လာ ၁ ဒသမ ၂ သန်း တန်ကြေးရှိ အကူအညီပစ္စည်းများ ပေးပို့ခဲ့သည်။ အင်ဒိုနီးရှားစစ်တပ်က အဖွဲ့ဝင် ၃၉ ဦးပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။
နယူးဇီလန်
နယူးဇီလန်အစိုးရက ကန်ဒေါ်လာ ၁ သန်း ကူညီသည်။
ဂျာမနီ
Malteser International ၊ Help – Hilfe zur Selbsthilfe၊ က ငလျင်ဘေးအရေးပေါ်ကူညီရေးအဖွဲ့ စေလွှတ်ကူညီခဲ့သည်။ Welthungerhilfe (WHH) အဖွဲ့က ငလျင်ဘေးသင့်မြန်မာပြည်သူများအတွက် ယူရို တစ်သိန်း ကူညီသည်။
ဗီယက်နမ်
ဗီယက်နမ်အစိုးရက ကန်ဒေါ်လာ ၃သိန်း ကူညီသည်။ အဖွဲ့ဝင် တစ်ရာကျော်ပါသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။
စင်ကာပူ
အဖွဲ့ဝင် ၈၀ ဦးပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။ လူသားချင်းစာနာသည့် အကူအညီ ၉တန် ပေးပို့ခဲ့သည်။ စင်ကာပူကြက်ခြေနီအသင်းက စင်ကာပူဒေါ်လာ ၁၅၀,၀၀၀ လှူဒါန်းသည်။ စစ်တပ်ကလည်း ငလျင်းကူညီရေးပစ္စည်းများ ထောက်ပံ့ခဲ့သည်။
ကမ္ဘောဒီးယား
ကမ္ဘောဒီးယားအစိုးရက ကန်ဒေါ်လာ တစ်သိန်းလှူဒါန်းသည်။
ထိုင်း
ထိုင်းအစိုးရက မြန်မာ့ငလျင်ဘေး ငွေကြေးကူညီမည်ဟု ကတိပြုထားသော်လည်း ငွေပမာဏကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။ ထိုင်းတော်ဝင်တပ်မတော်က ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။
ဖိလစ်ပိုင်
အဖွဲ့ဝင် ၉၁ ဦးပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်
လူသားချင်းစာနာသည့် ကယ်ဆယ်ရေးပစ္စည်း ၁၆ဒသမ၅ တန် ပေးပို့ကူညီသည်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ကျွမ်းကျင် သူ ၂၆ ဦးပါအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင် ၁၀ဦးပါအဖွဲ့တို့ကို စေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့သည်။
တူရကီ
ရှာဖွေကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့သည်။
လာအို
ဆေးဝါးကုသရေးအဖွဲ့ စေလွှတ်ခဲ့သည်။
ပါကစ္စတန်
ငလျင်ဘေး အကူအညီပစ္စည်း တန် ၇၀ ပေးပို့ကူညီခဲ့သည်။
သီရိလင်္ကာ
သီရိလင်္ကာအစိုးရက ကန်ဒေါ်လာ ၁သန်းလှူဒါန်းသည်။ စစ်တပ်က အဖွဲ့ဝင် ၂၆ ဦးပါ ဆေးဘက်ဆိုင်ရာနှင့် သဘာဝဘေး ကူညီရေးအဖွဲ့ကို စေလွှတ်ကူညီခဲ့သည်။ သီရိလင်္ကာဗုဒ္ဓဘာသာခေါင်းဆောင်များကလည်း ရူပီး ၁၅ သန်း လှူဒါန်းသည်။
အရှေ့တီမော
အရှေ့တီမောအစိုးရက ကန်ဒေါ်လာ ၅၀၀,၀၀၀ လှူဒါန်းသည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)
ရှာဖွေကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့သည်။ ထောက်ပံ့ကူညီရေးပစ္စည်းများကို လေယာဉ်တစ်စင်းဖြင့် ပို့ဆောင်ခဲ့သည်။
နီပေါ
နီပေါစစ်တပ်က အဖွဲ့ဝင် ၂၂ ဦးပါ ကယ်ဆယ်ရေးဆေးအဖွဲ့တစ်ဖွဲ့ ဟယ်လီကော်ပတာတစ်စင်းဖြင့် စေလွှတ်ခဲ့သည်။
ဘူတန်
အဖွဲ့ဝင် ၄၀ ဦးပါ ယာယီမြေပြင်ဆေးရုံအဖွဲ့တစ်ဖွဲ့ ဧပြီလ ၁ရက်တွင် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ဧပြီလ ၄ ရက်နေ့တွင် နောက်ထပ် အဖွဲ့ဝင် ၄၇ ဦးပါ ကယ်ဆယ်ရေးဆေးအဖွဲ့တစ်ဖွဲ့ကိုလည်း စေလွှတ်ခဲ့သည်။
ထိုင်ဝမ်
ထိုင်ဝမ်ကြက်ခြေနီအသင်းက ကန်ဒေါ်လာ ၅၀,၀၀၀လှူဒါန်းသည်။ ထိုင်ဝမ်မီးသတ်တပ်ဖွဲ့ဝင် ၁၂၆ဦးပါ ရှာဖွေ ကယ် ဆယ် ရေးအဖွဲ့ စေလွှတ်ရန် အသင့်စောင့်နေသော်လည်း မြန်မာစစ်ကောင်စီက လက်မခံသဖြင့် ခရီးစဉ် ဖျက်သိမ်းခဲ့ ရသည်။
ဘယ်လာရုစ်
လူသားချင်စာနာသည့်ကူညီရေးပစ္စည်း တန် ၂၀ ပေးပို့ကူညီခဲ့သည်။
အစ္စရေး
အစ္စရေးအစိုးရက မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့သည်။
ပြင်သစ်
Fondatin de France ၊ Médecins နှင့် Handicap International အစရှိသော ပြင်သစ် NGO များက ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ရန်ပုံငွေရှာဖွေရေးကမ်ပိန်းများ လုပ်ဆောင်ခဲ့သည်။


