စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးနေသည့်အပြင် ထားဝယ်မြို့ပေါ်ကလည်း လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။
ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၆ နာရီခန့်တွင် မင်းရပ်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
နံနက် ၉နာရီခန့်မှ ၁၁ နာရီခန့်အထိ ထားဝယ်မြို့ပေါ်ရှိ အမြောက်တပ်က လက်နက်ကြီးဖြင့် ခုနစ်ကြိမ်ခန့် ပစ်ခတ်ခဲ့ရာ ဝေဒီ၊ အင်းဇောက်၊ ရွာဟောင်းဝကျေးရွာတို့အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
“ဝေဒီရွာ ဓနိတောရယ်၊ ရှင်းကြီးအိမ် (ရွာရှင်နတ်အိမ်) နားမှာ (လက်နက်ကြီးကျည်) ကျတယ်။ ကျန်တာကတော့ အင်းဇောက်တို့၊ ရွာဟောင်းဝတို့နားကျတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် မင်းရပ်ကျေးရွာ မြင်သုံးမြင်ဘုရားအနီး ရော်ဘာတောထဲတွင် ရော်ဘာခြစ်နေသည့် ရွာဟောင်းရွာသား အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်သည် ထားဝယ်မြို့ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင် ဒရုန်းအသုံးပြုပြီးလည်း ဗုံးချတိုက်ခိုက်နေကြောင်း ဒေသခံများက ဆိုသည်။
လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲနေသည့် ကျေးရွာများက ဒေသခံအချို့မှာ ဘေးလွတ်ရာပြောင်းရွေ့နေကြရကြောင်း ပြောဆိုကြသည်။
ဧပြီလ ၁၀ ရက်က ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် အကောက်ခွန်ဦးစီးဌာနဘက်ခြမ်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကလောင်းလုံးမြို့နယ်ဘက်သို့ ဦးတည်စစ်ကြောင်း ထိုးနေခြင်းဖြစ်သည်။