ရာသီဥတုမကောင်းခြင်း၊ အလုပ်သမားရှားပါးခြင်းတို့ကြောင့် ထားဝယ်တွင် ယခုနှစ် ဆားထွက်နှုန်းလျော့ကျကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောသည်။
သီတင်းကျွတ်ကာလ အောက်တိုဘာလမှ မေလအထိ ဆားထုတ်လုပ်သည့် ပွင့်လင်းရာသီကာလတွင် ဖျက်မိုးများခြင်း၊ မိုးရိပ်တက်ခြင်း တို့ကြောင့် နေလှန်းဆား၊ မီးချက်ဆားထုတ်လုပ်မှု လျော့ကျခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ပြီးခဲ့သည့်နှစ်က ဆားပိဿာချိန် လေးသောင်းကျော်ရရှိသော်လည်း ယခုလက်ရှိတွင် ဆားပိဿာချိန် သုံးသောင်းကျော်သာ ရသေးကြောင်း မီးချက်ဆားထုတ်လုပ်သည့် သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာက အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“မနှစ်ကထက် လျော့တယ်။ ဖျက်မိုးများတယ်လေ။ မိုးရိပ်တက်လိုက် မိုးရွာလိုက်နဲ့ ဆားငန်ရေက မီးနဲ့ ချက်လို့ရတဲ့အဆင့်ကို မရောက်ဘူးဖြစ်နေတယ်။ ပြီးတော့ ထင်းရှားတယ်၊ ဝယ်မရဘူး။ ယောင်္ကျားသားတွေ မလုပ်ကြတော့ မိန်းမသားတွေက ကိုယ်နိုင်တဲ့အင်အားနဲ့ ထင်းကိုကိုယ်တိုင် ဝင်ယူနေရတယ်” ဟု ၎င်းက ပြောသည်။
မိုးရိပ်တက်ခြင်း၊ ဖျက်မိုးများခြင်း၊ ထင်းမလုံလောက်ခြင်း၊ အလုပ်သမားရှားပါးခြင်း စသည့်အခက်အခဲများကြောင့် ဆားထုတ်လုပ်မှုလျော့ကျတာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူမှုကြောင့် လူငယ်လူရွယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြသဖြင့် အလုပ်သမားရှားပါးကာ ဆားကွင်းဧက အားလုံးကို မလုပ်နိုင်ခဲ့ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။
ဆားကွင်း ဧက ၂၁၀ ခန့်တွင် ရာသီဥတုကောင်းပါက ဆားပိဿာချိန် ၁၈ သိန်းခန့်အထိ ထွက်ရှိသော်လည်း ယခုနှစ်တွင် ၁၀ သိန်းခန့်သာ ထွက်သေးကြောင်း ထားဝယ်မြို့က ရွှေပြည်သား ဆားလုပ်ငန်းပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။
“ရာသီဥတု မကောင်းဘူး။ မိုးရိပ်တက်တော့ ဆားမဖြစ်ဘူး။ မိုးရိပ်တက်တော့ အပူဓာတ်မရှိတော့ ဆားမဖြစ်ဘူး။ ဆယ်ရက် လှန်းရမယ့်နေရာမှာ ဆယ့်ငါးရက်လောက် လိုက်လှန်းနေရတယ်။ ဒီနှစ် ဖျက်မိုးများတယ်” ဟု ၎င်းက ဆိုသည်။
သီတင်းကျွတ်ကာလမှ နတ်တော်လခန့်အထိမှာ ဆားကွင်းပြင်ခြင်း၊ တာတမံမြေဖို့ခြင်း၊ ကွင်းအတွင်း ဆားငန်ရေသွင်း နေလှန်းခြင်းများ လုပ်ဆောင်ပြီး ပြာသိုလအကုန် ဇန်နဝါရီ၊ ဖေဖော်ဝါရီလပိုင်းမှသာ ဆားထွက်ရှိသည်။
ဆားတစ်ပိဿာလျှင် ၅၀၀ ကျပ်ဝန်းကျင် စျေးရှိပြီး တိုက်ပွဲနှင့် လမ်းပန်းဆက်သွယ်ရေးမကောင်းမှုကြောင့် အရောင်းအဝယ် အေးကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုသည်။