BREAKING
April 15, 2025

ငလျင်လှုပ်ပြီးနောက် သင်္ကြန်ပစ္စည်း အရောင်းပါး

April 11, 2025

ဓာတ်ပုံ - Dawei Watch

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ပြီးနောက် သင်္ကြန်ရာသီ ရေကစားပစ္စည်းများနှင့် အလှဆင်ပစ္စည်းများ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် အရောင်းပါးနေကြောင်း သင်္ကြန်ပစ္စည်းရောင်းသူများထံမှ သိရသည်။

သင်္ကြန်ပန်းကုံး ၊ ကလေးကစားစရာနှင့် အလှဆင်ပစ္စည်းစျေးနှုန်းမှာ အနည်ဆုံးတန်ဖိုး ငါးရာကျပ်မှ အမြင့်ဆုံးတန်ဖိုး ကျပ်ငါးသောင်းဝန်းကျင်အထိ စျေးနှုန်းအမျိုးမျိုး ရှိကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။

“ငလျင်မလှုပ်ခင်တုန်းက သင်္ကြန်ကစားစရာတွေ လာဝယ်နေကြသေးတယ်။ ငလျင်လှုပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ လာဝယ် သူတောင် မရှိတော့ဘူး။ ပစ္စည်းတွေတော့ ကျန်နေတာပေါ့။ အရင်ရောင်းကောင်းပြီးမှ သင်္ကြန်နီးလာတော့ အရောင်းပြန်ပါး သွားတယ်” ဟု မြိတ်မြို့က ကလေးကစားစရာ ရောင်းသူတစ်ဦးက ပြောသည်။

မြိတ်မြို့က သင်္ကြန်ပစ္စည်း လက္ကားဆိုင်ပိုင်ရှင်တစ်ဦးကမူ သင်္ကြန်ပစ္စည်းများကို ဖေဖော်ဝါရီလကတည်းက ကြိုတင် ရောင်းချသဖြင့် ပစ္စည်းပြတ်လပ်သွားပြီဖြစ်ကြောင်း ဆိုသည်။

သို့သော် လက်လီရောင်းသူများထံတွင်မူ သင်္ကြန်ပစ္စည်းများရှိနေဆဲဖြစ်ပြီး အရောင်းပါးနေခြင်းဖြစ်ကြောင်း သင်္ကြန်ပစ္စည်း ရောင်းသူအချို့ထံမှသိရသည်။

ထားဝယ် နှင့် ကော့သောင်းတွင်လည်း သင်္ကြန်ပစ္စည်း ရောင်းအားနည်းကြောင်း သင်္ကြန်ပစ္စည်းရောင်းသူများထံမှ သိရသည်။

“ရောင်းအားလည်း မရှိလို့ ပစ္စည်းလည်း သိပ်မတင်ဘူး။ အနည်းအကျဉ်းပဲ ရှိတယ်။ တစ်သောင်းကျော်တန်လောက်အထိပဲ (အရောင်း) တင်ထားတယ်။ ဒီပစ္စည်းတွေက ရာသီစာဆိုတော့ ရောင်းအားမရှိဘဲ အများကြီး မတင်ရဲဘူး” ဟု ထားဝယ်မြို့ မှ ကလေးကစားစရာအရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အလားတူ ကော့သောင်းမြို့က ကလေးကစားစရာ ပစ္စည်းအရောင်းဆိုင်ရှင်တစ်ဦးကလည်း ယခုနှစ် သင်္ကြန်ကာလအတွက် ရေကစားသည့် ပစ္စည်းများကို ထိုင်းဘတ်ငွေ ၁၅ဘတ်မှ ဘတ်တစ်ရာကျော် ဝန်းကျင်ပစ္စည်းများသာ ဖြန့်ချိရောင်းချနေပြီး မတ်လကတည်းက ရောင်းချနေသော်လည်း အရောင်းမသွက်ကြောင်း ပြောသည်။

မတ်လ ၂၈ ရက်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို အတီးအမှုတ် အကအခုန်များ မထည့်ဘဲ ကျင်းပမည်ဟု ကြေညာထားသည်။ တနင်္သာရီတိုင်းတွင်လည်း ဆောက်လုပ်ဆဲ ဖျော်ဖြေရေး မဏ္ဍပ်အချို့ကို ပြန်ဖျက်နေကြောင်း မြို့ခံများထံမှ သိရသည်။