ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အအုံအပျက်အစီးများ အောက်က ဖုန်းမီးအချက်ပြလာ၍ အသက်ရှင်ကျန်ရစ်သူ ရှိနိုင်သေးသည်ဟု မျှော်လင့်ချက်ဖြင့် ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်ကို အောက်ဆီဂျင်များရောက်နိုင်စေရန် ပိုက်လိုက်သွင်း၍ ပေးပို့ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ငလျင်ကြောင့် အဆောက်အအုံပြိုကျမှုဖြစ်ပြီး ၁၄ ရက်အကြာ ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် အပျက်အစီးများအောက် ၃ မီတာအနက်၌ ဖုန်းမီးအလင်းရောင် ထွက်ပေါ်လာသည်ကို ကယ်ဆယ်ရေးသမားများက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးသမားများက ဖုန်းမီးကို မှိတ်တုတ်မှိတ်တုတ်လုပ်၍ အချက်ပြရန် ပြောသောခါ ဖုန်းက ပြန်လည်ပြုလုပ်ပြသဖြင့် အသက်ရှင်နေဆဲဖြစ်သည်ဟု ယူဆထားကြကြောင်း ဖော်ပြသည်။
နောက်ထပ် ရောင်ခြည်စက်များဖြင့် စမ်းသပ်သောအခါ ၁ မီတာအနက်တွင် တစ်ဦးနှင့် ၃ မီတာအနက်တွင် တစ်ဦးကို တွေ့ရကြောင်း သိရသည်။

လက်ရှိအချိန်အထိ ၎င်းတို့နှစ်ဦး အသက်ရှင်နေနိုင်မည်ကို ကယ်ဆယ်ရေးအဖွဲ့များက ၉၀ ရာခိုင်နှုန်းအထိ မျှော်လင့်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ကယ်ဆယ်ရေးသမားများက အပျက်အစီးများကို အပေါက်ဖောက်၍ ၎င်းတို့နှစ်ဦးထံ ရောက်ရှိနိုင်ရန် အမြန်ဆုံးကြိုးစားနေကြကြောင်း ဖော်ပြသည်။
နောက်ဆုံးအချက်အလက်များအရ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၂၇ ဦးအထိ ရှိလာပြီး အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသူ ၆၇ ဦး ရှိနေဆဲဖြစ်သည်။
Ref: Khaosod, Thai Enquirer