BREAKING
April 16, 2025

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန်ရှိဟု ပြင်သစ်သမ္မတပြော

April 11, 2025

ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုသွားရန်ရှိကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုလိုက်သည်။

“ကျွန်တော်တို့အနေနဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုသွားဖို့ လိုအပ်ပါတယ်။ လာမယ့် လအနည်းငယ်အတွင်းမှာ ကျွန်တော်တို့ အသိအမှတ်ပြုသွားမှာပါ။ တစ်စုံတစ်ယောက် စိတ်ကျေနပ်စေဖို့ လုပ်တာ မဟုတ်ပါဘူး။ တချိန်ချိန်မှာ ဒါက လုပ်သင့်တဲ့ အရာတစ်ခုမို့လို့ ဒါကို ကျွန်တော် လုပ်မှာပါ”ဟု မက်ခရွန်က France 5 ရုပ်မြင်သံကြားနှင့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့သည်။

ယင်းသို့ အသိအမှတ်ပြုလိုက်ပါက အရှေ့အလယ်ပိုင်းရှိ နိုင်ငံအချို့ကလည်း အစ္စရေးကို နိုင်ငံတစ်နိုင်ငံအနေဖြင့် အသိအမှတ်ပြုလာစေနိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် နိုင်ငံပေါင်း ၁၅၀ နီးပါးက အသိအမှတ်ပြုထားသော်လည်း အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမဏီနှင့် ဂျပန်နိုင်ငံတို့က အသိအမှတ်ပြုထားခြင်း မရှိပေ။

ယင်းသို့ပင်အစ္စရေးကိုလည်း နိုင်ငံတစ်ခုအနေဖြင့် အသိအမှတ်မပြုသည့် နိုင်ငံများတွင် ဆော်ဒီအာရေဗျ ၊ အီရန် ၊ အီရတ် ၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့ ပါဝင်သည်။

“ပြီးတော့ ပါလက်စတိုင်းကို ထောက်ခံကာကွယ်တဲ့သူတွေအနေနဲ့လည်း အစ္စရေးကို နိုင်ငံတစ်ခုအနေနဲ့ အသိအမှတ်ပြုလာအောင် စုပေါင်းကြိုးစားအားထုတ်မှုမှာ ပါဝင်ချင်တဲ့ သဘောပါ။ သူတို့တော်တော်များများက အစ္စရေးကို နိုင်ငံတစ်ခုအနေနဲ့ အသိအမှတ်မပြုကြပါဘူး” ဟု မက်ခရွန်က ထပ်လောင်းပြောကြားခဲ့သည်။

ဇွန်လထဲတွင် ပြင်သစ်က ဆော်ဒီအာရေဗျနိုင်ငံနှင့်အတူ ကွန်ဖရင့်တစ်ခု ကျင်းပသွားရန် ရှိပြီး အဆိုပါ ကွန်ဖရင့်၌ ပါလက်စတိုင်းနှင့် အစ္စရေးနှစ်နိုင်ငံစလုံးကို နိုင်ငံအချို့က အသိအမှတ်ပြုလာရေး ကြိုးစားမှုကို အောင်မြင်အောင် အပြီးသတ်နိုင်ဖွယ်ရှိသည်ဟု ၎င်းကပြောကြားခဲ့သည်။

Source: Reuters