BREAKING
April 13, 2025

မြန်မာ့ငလျင်ဘေး ယွမ်ငွေ တစ်ဘီလီယံ ထပ်ကူမည်ဟု တရုတ်ပြော

April 11, 2025

Photo - Chinese Embassy in Myanmar

မြန်မာနိုင်ငံငလျင်ဘေးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးအကူအညီအတွက် တရုတ်ယွမ်ငွေ တစ်ဘီလီယံ (ကန်ဒေါ်လာ ၁၃၇ သန်းနီးပါး) ထပ်မံပံ့ပိုးကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုရာ တရုတ်သံရုံးက ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ငန်းများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မြန်မာစစ်ကောင်စီ၏ တောင်းဆိုချက်အရ ယခုကဲ့သို့ ထပ်မံပံ့ပိုးပေးခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Li Ming က ပြောသည်။

အဆိုပါငွေဖြင့် ကျန်းမာရေးနှင့်ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ များ၊ ဘေးအန္တရာယ်အကဲဖြတ်ရေးအဖွဲ့များ စေလွှတ်ပြီး ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ကူညီမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်နှင့် အဆောက်အအုံဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ စေလွှတ်ကာ ပျက်စီးနေသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အဆောက်အအုံများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်အစိုးရက ယွမ်ငွေ သန်း ၁၀၀ တန်ဖိုး အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်မည်ဟု ကြေညာခဲ့သည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့များသည် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ကိုးဦးကို ရှာဖွေကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။