ကရင်ပြည်နယ် မြဝတီမြို့၏ မြို့စောင့်တပ်ဖြစ်သည့် ခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ ဧပြီလ ၁၁ရက် နံနက်တွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။
မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိသော စစ်ကောင်စီတပ် ခလရ ၂၇၅ တပ်စခန်းအား လက်နက်ချရန် ပြောဆိုခဲ့သော်လည်း လက်နက်မချဘဲ စစ်ကူများလာရောက်နိုင်ရန်အတွက် ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ထို့ကြောင့် ဧပြီလ ၉ရက်နေ့တွင် ခလရ ၂၇၅ ကို KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု ပြန်လည်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲပြင်းထန်ခဲ့သည်။
ယနေ့ ဧပြီ ၁၁ ရက်နေ့ နံနက် ၄ နာရီကျော်တွင် မြဝတီမြို့တွင် တစ်ခုတည်းကျန်ခဲ့သော ခလရ ၂၇၅ ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါတပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားအနီးသို့ ဆုတ်ခွာသွားကြောင်း မြဝတီမြို့ခံအချို့ထံမှ သိရသည်။
“ညည့်အချိန်မှာ အမှတ် ၂ တံတားဘက်ကို ဆုတ်သွားတယ်လို့ သိရတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
KNU ပြောခွင့်ရ ပဒိုစောတောနီးကလည်း ခလရ ၂၇၅ တပ်ကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ ဆုတ်ခွာသွားကြောင်း ပြည်တွင်းသတင်းဌာနများသို့ အတည်ပြုထားသည်။










ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကလည်း ထိုင်းဘက်ခြမ်း မဲဆောက်ဘက် အမှတ် ၂ တံတားဘက်တွင် ကင်းလှည့်နေပြီး လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။
မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကိုမူ ပုံမှန်အတိုင်း ဖွင့်လှစ်ထားလျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင်လည်း မြဝတီမြို့ဘက်က စစ်ရှောင်လာသောသူများ ပိုများလာကြောင်း အမှတ် ၁ တံတားအနီးနေ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသည်။
“ဒီနေ့ လူကြီးတွေရော ကလေးတွေရော ထပ်ဝင်လာနေကြတယ်။ အိတ်ကြီး အိတ်ငယ်တွေ သယ်ပြီး မြဝတီဘက်ကနေ ကြိုရှောင်လာကြတဲ့သူတွေပေါ့” ဟု ၎င်းကဆိုသည်။
ထိုင်းရဲတပ်ဖွဲ့နှင့် အစိုးရအဖွဲ့များကမူ မဲဆောက်ဘက် ဝင်လာသူများကို လက်နက်များကဲ့သို့ တရားမဝင် ပစ္စည်းများ သယ်လာမှုမရှိရေး တင်းတင်းကြပ်ကြပ်စစ်ဆေးလျက်ရှိနေကြောင်း ထိုင်းဘက်က ထုတ်ပြန်ထားသည်။
Ref: The Reporter, Thia PBS North