BREAKING
November 15, 2024

ရေးတွင် အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါသူ ၂ ဦးဒဏ်ရာရ

April 11, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းမတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဘုရားသုံးဆူမြို့ဘက်မှ ရေးမြို့ဘက်သို့ ဆင်းလာသည့် Vigo အိမ်စီးကားတစ်စီးသည် လိမ္မော်ခြံကျေးရွာ ကုန်းဆင်းအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် ရေးမြို့နယ် ဒူးယားကျေးရွာမှ ဦးဖေသန်းဆိုသူမှာ ခါးကို ကျည်ဆန်ထိမှန်ခဲ့ပြီး လမိုင်းမြို့နေ ဒေါ်မြမွန်ဆိုသူမှာ ခြေသလုံးကိုကျည်ဆန်ရှပ်မှန် ခဲ့သည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

အဆိုပါ အိမ်စီးကားမှာ လိမ္မော်ခြံကျေးရွာ ကုန်းဆင်းလမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး မည်သူတို့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို မသိရှိရပေ။

ကျည်ထိဒဏ်ရာရရှိခဲ့သည့် ဒေသခံ ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ခါးကိုကျည်ဆန်ထိမှန်ခဲ့သည့် ဦးဖေသန်းကိုမူ မော်လမြိုင်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည် ဧပြီလ ၁ ရက်နေ့ကလည်း ရေး-သံဖြူဇရပ်ကားလမ်း ဘေးလမိုင်းနှင့် အေးသာယာကျေးရွာအကြားတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး လမိုင်းမြို့မှ လင်မယား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သေးသည်။

အဆိုပါ ပစ်ခတ်ခံရမှုဖြစ်စဥ်တွင်လည်း မည်သည့်အဖွဲ့အစည်းက၊ မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို မသိရသေးပေ။

ရေး-သံဖြူဇရပ်ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိပြီး အရပ်သား ပစ်ခတ်ခံရမှုလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။