တိုက်ပွဲကြောင့် ဖြတ်သန်းသွာလာခြင်း မပြုလုပ်ကြရန် ပိတ်ပင်ထားသည့် မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်းတွင် ကုန်ကားနှင့် ကားအချို့ ပြန်လည်သွားလာနေကြကြောင်း ကားသမားများနှင့် ဒေသခံတို့ထံမှ သိရသည်။
ဧပြီလ ၃ ရက်နေ့ကစပြီး ပိတ်ထားခဲ့သည့် ယင်းလမ်းကို ပြန်လည်သွားလာခွင့်မပြုသေးသော်လည်း ဧပြီ ၁၀ ရက်နေ့တွင် ပြန်လည်အသုံးပြုသွားလာနေခြင်း ဖြစ်သည်ဟုဆိုသည်။
တနင်္သာရီမြို့နယ်အတွင်း မတ်လ ၂၈ ရက်မှစတင်ကာ တိုက်ပွဲများပြင်းထန်လာခဲ့သည်။
ထို့ကြောင့် မြိတ်ကြေးနန်းတိုင်တံတား (ပသောင်းတံတား) မှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိ ပြည်ထောင်စုလမ်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ဧပြီလ ၃ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ကြေညာခဲ့သည်။
သို့သော် ယာဉ်အချို့မှာ သွားလာနေမြဲဖြစ်ပြီး စစ်ကောင်စီတပ်ကားများပါ အရပ်သားကားများနှင့် နီးကပ်စွာရောနှော သွားလာခဲ့ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယင်းနောက် ဧပြီ ၅ ရက် ညနေတွင် အဆိုပါလမ်းရှိ ရမ်းဖိုတံတားပေါ်မှ ဖြတ်လာသည့် စစ်ကောင်စီကားကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တံတားမှာ တစ်ဖက်နှိမ့်သွားပြီး ကားများဖြတ်သန်းသွားလာ၍ မရတော့ပေ။
ယင်းလမ်းကြောင်းမှာ သွားလာ၍ မရတော့သဖြင့် ဧပြီလ ၉ ရက်နေ့အထိ မြိတ်နှင့် ဘုတ်ပြင်းက ခရီးသွားများ ရေလမ်းကြောင်းကို အသုံးပြုခဲ့ကြရသည်။ ရေလမ်းမှာ ကုန်းလမ်းထက် အချိန်နှစ်ဆနီးပါး ကြာသည်။
လက်ရှိအချိန်တွင် တံတားကို ပြင်ဆင်ပြီးဖြစ်သဖြင့် ယင်းလမ်းကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ရာ ဧပြီလ ၁၀ ရက်တွင် ပြန်လည်သွားလာနေကြခြင်းဖြစ်ကြောင်း ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။
“တံတားလည်း ပြန်ဖြတ်လို့ရပြီဆိုတော့ မသွားမဖြစ်သွားရတဲ့ ကုန်ကားတွေ အိမ်စီးကားတွေက မနေ့ကစပြီး ပြန်သွား နေကြပြီ။ ကျွန်တော်တို့ ခရီးသည်ယာဉ်လိုင်းတွေ အားလုံးကတော့ သင်္ကြန်တွင်း ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ရပ်နားရမယ်ဆိုပြီး သက်ဆိုင်ရာကစာထုတ်ထားတယ်” ဟု မြိတ်-ဘုတ်ပြင်း-ကော့သောင်း ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောသည်။
မြိတ် ကြေးနန်းတိုင်တံတားမှ ဘုတ်ပြင်း မနိုးရုံးကျေးရွာအထိ ပြည်ထောင်စုလမ်းတစ်လျှောက် ဧပြီလ ၉ ရက်အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ရာ အချိန်မရွေး တိုက်ပွဲများ ဖြစ်လာနိုင်သည့် အနေအထားဖြစ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံများက ခန့်မှန်းသည်။
လက်ရှိတွင်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များက လမ်းပိတ်ထားသည့် ထုတ်ပြန်ချက်ကိုလည်း ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးပေ။
“သင်္ကြန်ကာလမှာ နေရပ်ပြန်လို့ရအောင် ဝယ်စရာခြမ်းစရာပစ္စည်းတွေ ဝယ်ခြမ်းလို့ရအောင် ၃ ရက်ပဲ ပြန်ဖွင့်ပေးတယ်လို့ကြားတယ်။ နောက်ပြန်ပိတ်မယ်ဆိုပြီး အဲဒီလိုတော့ ကြားရတယ်” ဟု မြိတ်-ကော့သောင်း ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ ည ၉ နာရီဝန်းကျင်က ရန်ကုန်မှ ကော့သောင်းမြို့သို့ ဆင်းလာသည့် ခရီးသည်ယာဉ် တနင်္သာရီမြို့အလွန် လယ်တောင်ယာရွာအနီး မှားယွင်းပစ်ခတ်ခံရကာ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး သံဃာနှစ်ပါးနှင့် အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်များက မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်း ဧပြီ ၂ ရက်နေ့တွင် တောင်းပန်စာထုတ်ပြန်ခဲ့ပြီး ဧပြီ ၃ ရက်နေ့ တွင် ယင်းလမ်းအား ပိတ်ပင်လိုက်ခြင်းဖြစ်သည်။