တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင် လမ်းသွားလမ်းလာ အရပ်သား ၂၀ခန့်ကို မတ်လ ၁၀ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သားများသည် ဘန်းလမွတ်ရွာလမ်းဆုံတွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဘန်းလမွတ်ရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။
“လမ်းသွားလမ်းလာတွေကို တားပြီးဖမ်းတာ။ အစက သူတို့ (စကစ) ယာဉ်တန်းတွေတက်တော့ လူသားဒိုင်းအတွက် ဖမ်းထားတယ်လို့ ထင်တာ။ ယာဉ်တန်းတက်ပြီးတာတောင် ပြန်မလွှတ်တော့ ဘာကြောင့်ဖမ်းလဲဆိုတာကို မပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ဘန်းလမွတ်ရွာနေ ဒေသခံများအပြင် အခြားရွာနေသူအချို့ပါ ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ဖမ်းဆီးခံခဲ့ရသူများကို ယနေ့ မတ်လ ၁၁ရက် နေ့လယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းနှင့်အတူ မော်တုန်းရွာအခြေစိုက် အမှတ် (၃၀၆) အမြောက်တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။
ဘန်းလမွတ်ကျေးရွာလမ်းဆုံတွင် မတ်လ ၅ရက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားတစ်ရာခန့် လမ်းကင်းလာချထားကြောင်း မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောသည်။
ဘန်းလမွတ်ရွာမှာ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး တနင်္သာရီမြို့အနီးတွင် တည်ရှိသည်။