BREAKING
March 12, 2025

ဇာဒီကျေးရွာအုပ်စုတွင် နှစ်လကျော်ကြာဖြတ်တောက်ခံထားရသည့်လျှပ်စစ်မီး ပြန်ရ

March 11, 2025

ပုံစာ - ဇာဒီရွာဦးစေတီအား လျှပ်စစ်မီး ပူဇော်ထားသည်ကို ညဘက်မြင်တွေ့ရစဥ် (ပုံဟောင်း)။ ဓာတ်ပုံ - pyae phyo maung

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီအုပ်စုတွင် နှစ်လကျော်ကြာ ဖြတ်တောက်ခံထားရသည့် လျှပ်စစ်မီး ယနေ့ မတ်လ ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

လျှပ်စစ်မီးနှင့် လည်ပတ်ရသည့် ဆက်သွယ်ရေးတာဝါတိုင်များလည်း ပြန်လည်ပတ်နိုင်၍ မိုင်တဲနှင့် အက်တမ် အော်ပရေတာများလည်း ပြန်လည်ဆက်သွယ်၍ ရပြီဖြစ်ပြီး အမ်ပီတီမှာ မရသေးကြောင်း ဒေသခံများက ဆိုသည်။

“အမ်ပီတီက တာဝါတိုင်စက်ပျက်နေလို့ ပြန်မလည်နိုင်တာပါ။ ပြန်ပြင်သမားကလည်း မလာတော့ ပြန်မရတော့ဘူး။ မိုင်တဲ နဲ့ တယ်လီနော (အက်တမ်) က မီး (လျှပ်စစ်) လာတာနဲ့ ပြန်ရသွားတာပဲ” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ဇာဒီရွာမှ ဆရာတော်များက လျှပ်စစ်မီး ပြန်လည်ဆက်သွယ်ပေးရန် မောရဝတီရေတပ်စခန်းဌာနချုပ်တွင် သွားရောက်တောင်းဆိုခဲ့သေးကြောင်း ဆရာတော်များနှင့် နီးစပ်သည့် ရွာသားတစ်ဦးက ပြောဆိုသည် ။

“မနက်ဖြန် (မတ်လ ၁၂) ကျင်းပမယ့် ဇာဒီအုပ်စု ပရိယတ္တိစာပြန်ပွဲ အမီ လျှပ်စစ်မီးပြန်ရတာပါ။ သူတို့ (စစ်ကောင်စီ) ဘက်ကတော့ နောက်ထပ်တိုက်ပွဲ ထပ်ဖြစ်ရင် မီးထပ်ဖြတ်ဖို့ ပြောလိုက်တာမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းက ဖြစ်ခဲ့သည့် ကံပေါက် ရေကန်တောင်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ် ဇာဒီအုပ်စုကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခဲ့သဖြင့် အုပ်စုအတွင်းရှိ ရွာငါးရွာထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည် ။

ယင်းစစ်ကြောင်းသည် ဇာဒီရွာက နေအိမ်နှစ်ဆယ်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ကြောင်းထွက်သွားပြီးနောက် လျှပ်စစ်မီး လည်း ဖြတ်တောက်ထားခဲ့သည်။

ယခုလက်ရှိတွင် ဇာဒီရွာမှအပ ကျေးရွာအုပ်စုအတွင်းရှိ ကျန်ရွာများတွင် ရွာသားများ အားလုံးနီးပါး ပြန်လည်နေထိုင်နေကြပြီ ဖြစ်ကြောင်း ယင်းအုပ်စုတွင် နေထိုင်သည့် ဒေသခံများထံမှ သိရသည်။