စစ်အာဏာသိမ်းပြီး လေးနှစ်ကြာလာချိန်တွင် မြိတ်မြို့တွင်ကောက်ခံနေသည့် ရေမီတာခဈေးနှုန်း သုံးဆနီးပါးမြင့်တက်လာကြောင်း မြို့ခံများနှင့် ရေရောင်းနေသူများထံမှ သိရသည်။
မြိတ်မြို့တွင် အစိုးရ၏ ရေပေးဝေစနစ်မရှိဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များက အဝီစိတွင်းများတူးကာ တစ်နိုင်တစ်ပိုင် ဖြန့်ဖြူးရောင်းချနေကြခြင်းဖြစ်သည်။
အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလက ရေမီတာခဈေးနှုန်းမှာ တစ်ယူနစ်လျှင် ၁၂၀၀ ဝန်းကျင်ခန့်သာရှိရာက ၂၀၂၄ ဇန်နဝါရီလတွင် ၂၆၀၀ ကျပ်ဝန်းကျင်အထိ တက်လာကြောင်း မြို့ခံအချို့ထံမှ သိရသည်။
လက်ရှိ ၂၀၂၅ ခုနှစ်တွင် ရေတစ်ယူနစ်လျှင် ကျပ် ၃၀၀၀ ကျော်အထိ ကောက်ခံနေပြီး ရပ်ကွက်တည်နေရာ အပေါ်မူတည်ကာ တစ်ယူနစ်လျှင် ၃၅၀၀ ကျပ် အထိ ပေးနေရဟု ဒေသခံများကဆိုသည်။
ထိုသို့ဈေးတက်လာသည့်အတွက် ရေအတွက် ကုန်ကျစရိတ်ပိုများလာပြီး ချွေတာသုံးစွဲနေရကြောင်း မြိတ်မြို့တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“အခက်အခဲကတော့ ရေဆိုတာက လျှပ်စစ်မီးလိုမဟုတ်ဘဲ မသုံးမဖြစ်သုံးရတာဆိုတော့ ပင်ပန်းတာပေါ့။ ဆိုင်မှာ ရေနဲ့မီးက မသုံးမဖြစ်ဆိုတော့ ကုန်ကျစရိတ်များလာတာပေါ့။ အရင်ထက်လည်း ပိုချွေတာအသုံးပြုနေရတယ်” ဟု ၎င်က ပြောသည်။
မြို့နေသူအချို့က ကိုယ်ပိုင်အဝီစိတွင်းများတူးကာ ရေထုတ်ယူသုံးစွဲကြပြီး ရပ်ကွက်အချို့တွင် အဝီစိတွင်းရှိသည့်အိမ်က အနီးဝန်းကျင်ရှိနေအိမ်များကို ရေပိုက်လိုင်းသွယ်တန်းကာ ဖြန့်ဝေရောင်းချကြသလို ရေကားဖြင့်လိုက်လံရောင်းချ နေသူများလည်းရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးဆက်တိုက်မြင့်လာသည့်အတွက် ရေမီတာခလည်း ဈေးတက်လာခြင်းဖြစ်ကြောင်း မြိတ်မြို့အတွင်း အဝီစိတွင်းတူးကာ ရေပိုက်သွယ်ပြီးရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“အဓိကကတော့ ဆီဈေးပေါ့။ ဆီဈေးဆက်တိုက်တက်နေတော့ ဈေးကမတက်လို့လည်းမရဘူး။ အတတ်နိုင်ဆုံး လိုက်ညှိပြီး ဈေးတက်ရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
မြိတ်မြို့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များက တစ်နိုင်တစ်ပိုင်ရောင်းချနေသည့်အတွက် အဝီစိတွင်းများမှ ရေထွက်ရှိမှုအပေါ်မူတည်ကာ ဈေးနှုန်းလည်း တစ်နေရာနှင့်တစ်နေရာတူညီခြင်းမရှိပေ။
ရေရောင်းချနေသည့် အခြားအမျိုးသားတစ်ဦးကမူ စက်သုံးဆီဈေးတက်နေခြင်းကြောင့် ရေပေးဝေသည့် အကြိမ်ရေ ကန့်သတ်လိုက်ရသည်ဟု ဆိုသည်။
အာဏာသိမ်းကာစက တစ်ရက်လျှင်နှစ်ကြိမ် ရေစက်နှိုးပြီး ရေပေးဝေနေရာက လက်ရှိအချိန်တွင် တစ်ရက်လျှင် တစ်ကြိမ်သာ ရေပေးဝေနိုင်တော့သည့်အတွက် သုံးစွဲသူဘက်က အခက်အခဲတွေ့သလို ရောင်းချသူဘက်ကလည်း အဆင်မပြေဖြစ်နေကြောင်း အထက်ပါ အမျိုးသားက ပြောသည်။
“တစ်ရက်လုံးကို တစ်ကြိမ်ပဲပို့(ရေစက်နှိုး) ရင်လည်း တစ်လိုင်းတည်းဆက်ထားတဲ့ တစ်ချို့အိမ်တွေက ရေမရောက်တော့ဘူး။ နှစ်ကြိမ်လွှတ်ပြီး မီတာခဈေးတက်ရင်လည်း လက်လုပ်လက်စားသမားတွေ အတွက်အဆင်မပြေပြန်ဘူး။ နွေရာသီ ပူရင်ပိုဆိုးမှာ” ဟု ၎င်းကပြောသည်။
မြိတ်မြို့အပြင် တနင်္သာရီတိုင်းအတွင်းရှိ ကော့သောင်းမြို့နှင့် အခြားမြို့များတွင်လည်း အစိုးရ၏ ရေပေးဝေမှုစနစ် အားကောင်းမှုမရှိသဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ရေပိုက်ဖြင့်သွယ်တန်းရောင်းချခြင်း၊ ရေကားဖြင့် သယ်ယူရောင်းချခြင်းများ တွင်ကျယ်နေခြင်းဖြစ်သည်။