တနင်္သာရီမြို့နယ်အတွင်းရှိ ခဲသတ္တုလုပ်ကွက်များက ခဲလုပ်သားများ ငှက်ဖျားရောဂါ အဖြစ်များလာကြကြောင်း ခဲလုပ်သားများနှင့် ငှက်ဖျားတိုက်ဖျက်ရေး ကူညီလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။
မြို့နယ်အတွင်းရှိ သဲဖြူ၊ကြိမ်ချောင်း၊တားပလတ်၊အင်ဟို၊ သဘော့လိပ်ရွာ၊သိန္ဓောရွာ၊ကျောက်လုံးကြီးရွာ စသည့်နေရာများရှိ ခဲလုပ်ကွက်များတွင် တစ်လလျှင် ငှက်ဖျားဖြစ်သည့် ခဲလုပ်သား ၁၀၀ ကျော်ရှိလာကြောင်း ငှက်ဖျားတိုက်ဖျက်ရေးကူညီ လုပ်ဆောင်နေသည့် အသက် ၃၃ နှစ်အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါနေရာများအနက် တားပလပ်ရွာနှင့်အင်ဟိုရွာဘက်ရှိ ခဲလုပ်ကွက်များတွင် ငှက်ဖျားဖြစ်ပွားသူပိုများနေကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်ကမူ အဆိုပါကျေးရွာများရှိ ခဲလုပ်ကွက်များတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၅၀ ဝန်းကျင်သာရှိကြောင်း၊ အဆိုပါ ခဲသတ္တုလုပ်ကွက်များမှာ သစ်တောကြီးများနှင့် နီးကပ်နေသည့်အတွက် ခြင်ပေါများသော်လည်း အလုပ်သမားအများစုက ခြင်ထောင်ဖြင့် အိပ်လေ့မရှိကြောင်း ၎င်းကပြောသည်။
ထိုသို့ ငှက်ဖျားရောဂါအဖြစ်များလာချိန်တွင် ကျန်းမာရေးစောင့်ရှောက်သူနှင့် ဆေးဝါး မလုံလောက်သဖြင့် အခက်အခဲဖြစ်နေရကြောင်း အဆိုပါဒေသဝန်းကျင်တွင် ကူညီဆောင်ရွက်ပေးနေသည့် CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
“ခဲရှာဖွေသူက များလာပြီး ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးသူတွေက အလုံအလောက်မရှိဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါဒေသများတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကို စစ်ကောင်စီဂိတ်များက ပြီးခဲ့သည့်နှစ်ကတည်းက ကန့်သတ်ပိတ်ပင်ထားကြောင်း ယင်းကြောင့် ငှက်ဖျားရောဂါကုသရန်အတွက် ဆေးဝါးလိုအပ်ချက်ရှိနေကြောင်း ၎င်းကဆိုသည်။
”ငှက်ဖျားဆေးတွေကတော့ ကြိုတင်စုဆောင်းရတယ်။ အရင်နှစ်က ဆေးပြတ်တဲ့ အခက်အခဲတွေလေးတွေရှိခဲ့တယ်။ ဆေးဝါးအတွက် ဒီနှစ်အတွက်လည်း စိတ်မအေးရသေးဘူး” ဟု ၎င်းက ပြောသည်။
တနင်္သာရီမြို့နယ်ရှိ ခဲသတ္တုလုပ်ကွက်များတွင် လာရောက်လုပ်ကိုင်နေသူများမှာ အခြားတိုင်းနှင့်ပြည်နယ်မှ ရောက်ရှိလာသည့် ရွေ့ပြောင်းအလုပ်သမား အများစုဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သားများ ငှက်ဖျားရောဂါဖြစ်ပွားလာပါက မူရင်းနေထိုင်သည့် နေအိမ်ပြန်ရန် ခက်ခဲသည့်အတွက် လုပ်ကွက်အတွင်းရှိ ယာယီတဲများတွင်နေထိုင်ပြီး ဆေးဝါးကုသမှုခံနေရကြောင်း ကြိမ်ချောင်းရွာအနီးလုပ်ကွက်ရှိ ခဲလုပ်သားတစ်ဦးဖြစ်သူ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
”ခဲလာလုပ်ရင် ငှက်ဖျားထိတာသိပေမယ့် စားဝတ်နေရေးအတွက် လာလုပ်ရတာပဲ။ ဒီကာလမှာ အခြေအနေကလည်း မကောင်းတော့ ဘယ်တတ်နိုင်မလဲ။ ဒီအလုပ်ပဲ လုပ်ရတာပေါ့” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ နေရာအများစုတွင် ခဲလုပ်ကွက် အများအပြားပေါ်လာပြီး ခဲလုပ်သားများလည်း ယမန်နှစ်ထက်ပိုများလာသည်။